Top News

ရခိုင်ပြည်နယ် ကျိန္တလီမြို့နယ်တွင် ရှားပါးပင်လယ်လိပ်ဥ ၄၀၀ ကျော်ကို ဒေသခံအဖွဲ့အစည်းများက သားဖောက်ထိန်းသိမ်းထား
24htopnews | November 27, 2024 6:12 PM CST

ရခိုင်ပြည်နယ် ကျိန္တလီမြို့နယ်တွင် ရှားပါးပင်လယ်လိပ်ဥ ၄၀၀ ကျော်ကို ဒေသခံအဖွဲ့အစည်းများက သားဖောက်ထိန်းသိမ်းထားကြောင်း သိရသည်။

ကျိန္တလီမြို့နယ် ဒေသခံများဖြင့် ဖွဲ့စည်းထားသော KIFCA နှင့် RCA အဖွဲ့များသည် ကျိန္တလီမြို့နယ်ရှိ ကမ်းခြေများတွင် ကင်းလှည့်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ပြီး ရရှိလာသော ရှားပါးပင်လယ်လိပ်ဥ ၄၀၀ ကျော်ကို သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) ၊ လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့၏ အကူအညီဖြင့် သားဖောက်ထိန်းသိမ်းနိုင်ခဲ့ပြီး ထိုလိပ်ဥ ၄၀၀ ကျော်သည် မျိုးသုဉ်းလုနီး ပင်လယ်လိပ်မျိုးစိတ်ဖြစ်သည့် လိပ်လှောင်းနှင့် ပြင်သာလိပ်ဥအများစုဖြစ်မည်ဟု ခန့်မှန်းထားကြောင်း လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့၏ ဒါရိုက်တာ ဒေါ်ကလျာ၏ ပြောကြားချက်အရ သိရသည်။

“အန်တီတို့က ပညာပိုင်းဆိုင်ရာ ကူညီပေးတာပေါ့။ အဓိကလုပ်တာက ဒေသခံတွေ။ KIFCA လို့ခေါ်တဲ့အဖွဲ့ရယ် RCA လို့ခေါ်တဲ့ အဖွဲ့ပေါ့။ ပင်လယ်လိပ်ကတော့ အကုန်ရှားပါးတယ်။ မျိုးသုဉ်းဖို့ အန္တရာယ်နီးစပ်နေတာချည်းပဲ။ အန်တီတို့က လိပ်ကိုမမြင်လိုက်ရတော့ လိပ်လှောင်းနဲ့ ပြင်သာလိပ်နဲ့ အဲဒီနှစ်မျိုးလို့ ယူဆရတာပေါ့။ ဥတွေပဲမြင်ရတာကိုး။ အကောင်ပေါက်လာရင်တော့ အတိအကျ သိရမှာပေါ့” ဟု ဒေါ်ကလျာက ပြောကြားသည်။ မြန်မာနိုင်ငံရှိ ကမ်းရိုးတန်းများတွင် လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း ပင်လယ်များ အကောင်ရေလျော့နည်းကျဆင်းမှု မြန်ဆန်ခဲ့ပြီး ထိန်းသိမ်းစောင့်ရှောက်မှုများ လျင်မြန်စွာ ပြုလုပ်ရန် လိုအပ်နေကြောင်းလည်း သိရသည်။

“မြန်မာနိုင်ငံမှာ အခုဆယ်စုနှစ် နှစ်ခုအတွင်း အရမ်းသိသာလာပြီ။ ၁၉၉၉ ခုနှစ်တုန်းကဆိုရင် တစ်နှစ်တစ်နှစ်ကို ဥဥတဲ့ရာသီမှာဆိုရင် တစ်နှစ်ကို အသိုက်ပေါင်း ၅၀၀ လောက်ရတယ်။ အဲဒီကနေ အခုနှစ် ၂၀ ကျော်ကြာတဲ့ အချိန် အခု ၂၀၁၉ မှာ တစ်နှစ်ကို ဆယ်ဂဏန်းတောင် မရတော့ဘူး။ အဲဒီလောက်အထိ ကျသွားတာ။ ပင်လယ်လိပ်က ဒီလိုမျိုးမထိန်းဘူးဆိုရင် သူကဘယ်လိုမှ ပြန်လာဥမယ့် လိပ်မရှိတော့ဘူး။ သူတို့က အရွယ်ရောက်ရင် သူတို့ ဥဥတဲ့သောင်ပြင်ကို မှတ်သွားတဲ့အလေ့နဲ့ သူတို့ ဥတဲ့သောင်ပြင်ကိုပဲ အမြဲပြန်လာပြီး ဥကြတာလေ။ ဒီတော့ ဒီသောင်ပြင်မှာ လာဥသမျှ ဥတွေကို ဖော်စားမယ်ဆိုရင် နောင်တစ်ချိန်မှာ အရွယ်ရောက်ရင် လာဥမယ့်လိပ်မကြီးဆိုတာ မရှိတော့ဘူး။ အခုမျိုးသုဉ်းရင် ဘယ်တော့မှ ပြန်ပြီးမရတော့ဘူး။ တခြားနိုင်ငံမှာ ရှိရင်လည်း ဒီမှာပြန်မရှိနိုင်ဘူး” ဟု ဒေါ်ကလျာက ပြောကြားသည်။

ပင်လယ်ရေသယံဇာတများအား ရေရှည်သုံးစွဲနိုင်မည့် Management သေသေချာချာမလုပ်ဘဲ ရသမျှငါးများ အကုန်ဖမ်းဆီးခြင်း၊ ကမ်းနီးကမ်းဝေးများတွင် အလွန်အကျွံ ငါးဖမ်းခြင်းကြောင့် ငါးဖမ်းပိုက်များတွင် ပင်လယ်လိပ်များပါ ဖမ်းဆီးရမိခံရခြင်း၊ အချို့ငါးဖမ်းသင်္ဘောများသည် တရွတ်ဆွဲ၍ ငါးဖမ်းဆီးသဖြင့် ပင်လယ်လိပ်များပါ ပိုက်ကွန်တွင်ငြိမိပြီး ပင်လယ်လိပ်များ ပြန်ပြီးထွက်နိုင်သည့် စနစ်မျိုးလည်း မပါရှိသဖြင့် ပင်လယ်လိပ်များ လွတ်မြောက်ဖို့ အခွင့်အရေးမရှိဘဲသေဆုံးကြရခြင်း ပင်လယ်လိပ်များ ဥဥသည့်ရာသီတွင် သောင်ပြင်ရှိ လိပ်ဥများကို ဖော်ယူစားသောက်ခြင်း၊ ရောင်းဝယ်ခြင်း၊ ပင်လယ်ထဲသို့ ပစ်ချသည့် ပလတ်စတစ်များ အမှိုက်များအား ပင်လယ်လိပ်များ စားသောက်မိပြီး သေဆုံးရခြင်း စသည့်အကြောင်းရင်းများသည် ပင်လယ်လိပ်များ မျိုးသုဉ်းပျောက်ကွယ်စေသည့် အဓိက အကြောင်းရင်းများဖြစ်ကြောင်း သိရသည်။           


READ NEXT
Cancel OK