Top News

ဆေးလိပ်ငွေ့ကင်းစင်ခရီးသွားဒေသတစ်ခွင် စီမံချက်အဖြစ် ပုဂံဒေသတွင် ဆေးလိပ်ငွေ့ကင်းစင်ဇုန်များ ဆောင်ရွက်မည်
24htopnews | November 27, 2024 6:12 PM CST

ဆေးလိပ်ငွေ့ကင်းစင် ခရီးသွားဒေသတစ်ခွင် စီမံချက်အဖြစ် ပုဂံဒေသတွင် ဆေးလိပ်ငွေ့ကင်းစင်ဇုန်များ ဖြစ်ပေါ်လာစေရန် အသိပညာပေးခြင်းနှင့် လှုပ်ရှားမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းအဖွဲ့ထံက သိရသည်။

မြန်မာနိုင်ငံတွင် မကူးစက်နိုင်သော ရောဂါများ၏ ခြိမ်းခြောက်မှုကို ခံစားနေကြရပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများသုံးစွဲမှုသည် အဓိကအန္တရာယ်ပြုနေသော အကြောင်းအရာဖြစ်ကာ ဆေးလိပ်သောက်သုံးမှုကြောင့် ပါးစပ်၊ လည်ချောင်း၊ အဆုတ်၊ နှလုံး၊ ဦးနှောက်သွေးကြော၊ ခြေချောင်းလက် ချောင်းစသည့် ခန္ဓာကိုယ်အင်္ဂါအစုံတွင် ကင်ဆာရောဂါအပါအဝင် ရောဂါစုံရရှိစေပြီး ဆေးလိပ်ငွေ့ရှူရှိုက်သူများ အနေဖြင့်လည်း တစ်ဆင့်ခံရောဂါ ဖြစ်ပွားနိုင်သည့်အတွက် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများ ကိုဆေးလိပ်ငွေ့ ကင်းစင်နယ်မြေများအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ဇန်နဝါရီ ၂၉ ရက်က မန္တလေးမြို့တွင်ပြုလုပ်သည့် ဆေးလိပ်ငွေ့ကင်းစင်လုပ်ငန်း သုံးသပ်ဆွေးနွေးပွဲတွင် ပြောကြားချက်များအရ သိရသည်။

ယင်းကဲ့သို့ ဆေးလိပ်ငွေ့ကင်းစင် နယ်မြေများဖော်ဆောင်ခြင်းကို ဆေးလိပ်နှင့် ဆေးရွက်ကြီးဆိုင်ရာ ဥပဒေပါအတိုင်း ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်ကာ ပြည်နယ်နှင့်တိုင်းဒေသကြီး ကိုးခုတွင် နေရာများသတ်မှတ်ကာ အကောင်အထည်ဖော်လျက်ရှိပြီး ယခုနှစ်တွင် မွန်ပြည်နယ်၊ ပဲခူးနှင့်မန္တလေးတိုင်းဒေသကြီးရှိ ပုဂံဒေသတို့တွင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“စီမံကိန်းကာလကတော့ တစ်နှစ်လို့ သတ်မှတ်ထားတယ်။ တစ်နှစ်ပြီးတာနဲ့ ရပ်သွားမှာမဟုတ်ဘဲ ဆက်လုပ်သွားရမှာဖြစ်တယ်။ ကနဦးဆောင်ရွက်တဲ့အခါမှာတော့ လုပ်ငန်းတွေများမယ်။ လုပ်ငန်းပမာဏ အနေနဲ့ ပုဂံမှာဆိုရင် ဘုရားတွေအများကြီး ရှိတယ်။ သို့သော်လည်း ဒေသဆိုင်ရာနဲ့ပြောတဲ့အခါမှာ ဝိုင်းခတ်ထားတဲ့ ဘုရားပေါင်းက ၁၇ ဆူရှိတယ်။ အဲဒီထဲက ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်တွေ အများဆုံးလာရောက်တဲ့ နေရာမှာလုပ်မယ်။ ပြိုပျက်နေတဲ့ ဘုရားတွေ၊ တခြားတွေကိုတော့ အသိပေး ပိုစတာစိုက် ထူတာတွေလုပ်မယ်။ တစ်ဆက်တည်းမှာပဲ ဟိုတယ်၊ တည်းခိုခန်းတွေမှာလည်း ဆေးလိပ်ငွေ့ကင်းစင်တဲ့ နေရာတွေ၊ သီးခြားသောက်သုံးနိုင်တဲ့နေရာတွေ ထားရှိပေးဖို့ဆောင်ရွက်သွားမယ်” ဟု ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသိန်းဆွေက ပြောကြားသည်။

ပုဂံဒေသ ဆေးလိပ်ငွေ့ကင်းစင်ရေး စီမံချက်အဖြစ် လက်ရှိတွင် ရွှေစည်းခုံနှင့် ထီးလိုမင်းလို ဘုရားများတွင် ဆောင်ရွက်မှုများရှိသော်လည်း ရာနှုန်းပြည့်အောင်မြင်ခြင်း မရှိသေးကြောင်း၊ ထို့ကြောင့် ယခုစီမံချက်မှ အောင်မြင်မှုရနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကာ စတေကာကမ်ပိန်းပြုလုပ်ခြင်း၊ ဒေသခံများအားတွေ့ဆုံ အသိပညာပေးခြင်း၊ စေတနာ့ဝန်ထမ်းများဖြင့် ဘုရားများတွင် ပညာပေးလိုက်လံလုပ်ဆောင်ခြင်း စသည့်လုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်ကာ လုပ်ငန်းများ နှင့် ပတ်သက်၍ အမြဲစောင့်ကြည့်မှတ်တမ်း ပြုခြင်းများပြုလုပ်သွားမည်ဖြစ်ပြီး ပညာပေးခြင်းလုပ်ငန်းများကို လာမည့်ဖေဖော်ဝါရီမှစတင်ကာ အဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ ပေါ်ထွက်ရန်အတွက် လှုပ်ရှားမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဦးစားပေးအလိုက် ဆောင်ရွက်လျက်ရှိပြီး ဆေးလိပ်ငွေ့ကင်းစင်နေရာအဖြစ် ပင်းတယမြို့သည် ပြီးခဲ့သည့်နှစ်အတွင်း သတ်မှတ်ခံထားရပြီး ဆက်လက်၍ အင်းလေးဒေသတွင်လည်း ကင်းစင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

                               


READ NEXT
Cancel OK