Top News

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းရရှိရန်နှင့် စနစ်ကျသည့် ရွှေ့ပြောင်းသွားလာရေးဖြစ်စေရန်အတွက် စီမံချက်များ ချမှတ်ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
24htopnews | November 27, 2024 6:12 PM CST

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းရရှိရန်နှင့် စနစ်ကျသည့်ရွှေ့ပြောင်းသွားလာရေး ဖြစ်စေရန်အတွက် စီမံချက်များချမှတ်ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

၎င်းက “ဒီအလုပ်သမားတွေရဲ့ ကုန်ကျစရိတ်သက်သာစေဖို့၊ တရားဥပဒေနဲ့ အညီဖြစ်စေဖို့၊ သူတို့ရဲ့လုပ်ငန်းခွင်ဘေးအန္တရယ် ကင်းရှင်းစေဖို့၊ သူတို့ရဲ့ ကျွမ်းကျင်မှုတွေပိုပြီးတော့ တိုးတက်လာနိုင်ဖို့အတွက်ကို ဝန်ကြီးဌာနအနေနဲ့ စီမံချက်ချမှတ်ပြီးတော့ ILO ရော၊  IOM နဲ့ရော၊ သက်ဆိုင်ရာ UN အဖွဲ့အစည်းတွေနဲ့ရော ညှိနှိုင်းပြီးတော့ စီမံချက်တွေ ချမှတ်ပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။  နိုင်ငံတော်အစိုးရအနေနဲ့လည်း နိုင်ငံသားများအလုပ်အကိုင်အခွင့်အလမ်းရရှိဖို့၊ စနစ်ကျတဲ့ ရွှေ့ပြောင်းသွားလာရေးဖြစ်ဖို့ကို စီမံချက်ချမှတ်ပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဇန်နဝါရီ ၂၉ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင်ပြုလုပ်သည့် လုပ်သားရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ပါဝင်သက်ဆိုင်သူများ အစည်းအဝေးတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။   

ရွှေ့ပြောင်းသွားလာမှုများကို စနစ်တကျ ဖြစ်စေရန်အတွက် ရွှေ့ပြောင်းသွားလာမှုနှင့်ပတ်သက်သည့် အလုပ်သမားများ၏ အနေအထားနှင့် အထူးသဖြင့်အမျိုးသမီးများ မည်သည့်ကဏ္ဍများတွင် ရွှေ့ပြောင်းသွားလာနေကြသည်ကို ဆန်းစစ်လေ့လာမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

“ယနေ့ကမ္ဘာပေါ်မှာ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးဟာ အရေးပါလာတဲ့အတွက် မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကိုချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲမှုလျှော့ချနိုင်ရေးတို့အတွက် အလုပ်လုပ်နိုင်သူတိုင်းအလုပ်အကိုင်ရရှိဖို့နဲ့ သူတို့အတွက် သင့်တော်ကောင်းမွန်တဲ့ အလုပ်အကိုင်များရရှိရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

ရွှေ့ပြောင်းသွားလာမှုများနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ်အတွင်း ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ လုပ်ငန်းစီမံချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် အဆိုပါလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းများ၏တွေ့ရှိချက်၊ အကြံပြုချက်များကို ဆွေးနွေးပြီး ၂၀၁၉ ခုနှစ်အတွက် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းက နည်းပညာအကြံပေးခေါင်းဆောင်  Jackie Pollock က “ပြီးခဲ့တဲ့နှစ်မှာ ကျွန်မတို့ ဒီလိုမျိုး ဆွေးနွေးဖြစ်ခဲ့တာကတော့ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေကို ပြန်လည်သုံးသပ်ပြီးတော့ ပြင်ဆင်ရေးဆွဲဖို့ ဆွေးနွေးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာဆိုရင် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနဲ့ပတ်သက်ပြီးတော့ ပြင်ဆင်ရမယ့် အချက်တွေကို ပြန်လည်ပြီးတော့ ဝန်ကြီးဌာနနဲ့အတူတူ လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီ ၂၀၁၉ ခုနှစ်မှာတော့ ဒီဥပဒေကိုအမျိုးသားအဆင့် ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ပြီးတော့မှ မြန်မာနိုင်ငံကသွားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပိုမိုကောင်းမွန်တဲ့ ကာကွယ်စောင့်ရှောက်မှုရဖို့၊ ပိုမိုကောင်းမွန်တဲ့ ဥပဒေမူဘောင်တစ်ရပ်ဖြစ်လာဖို့ ကျွန်မတို့ဒီနှစ်မှာ ပိုပြီးတော့လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့့်ပါတယ်” ဟု ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) က ၂၀၁၈ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ပြည်တွင်းရွှေ့ပြောင်းသွားလာသူများ၏ မူရင်းဒေသများနှင့်ဆိုက်ရောက်ဒေသများ ချိတ်ဆက်ပေးရေး မိတ်ဆက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ ရွှေ့ပြောင်းအလုပ်သမားများ၏ အောင်မြင်စွာပြန်လာနိုင်ရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေး အဆင်ပြေချောမွေ့စေရန်မူဝါဒများနှင့် ဝန်ဆောင်မှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြောင်း သိရသည်။

 


READ NEXT
Cancel OK