Top News

မြစ်ဆုံစီမံကိန်းကို အရွယ်အစား သို့မဟုတ် နေရာပြောင်းလဲနိုင်ရေး ညှိနှိုင်း၍ လုပ်ဆောင်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ပြောကြား
24htopnews | November 27, 2024 6:12 PM CST

မြစ်ဆုံစီမံကိန်းကို အရွယ်အစား သို့မဟုတ် နေရာပြောင်းလဲနိုင်ရေး ညှိနှိုင်း၍ လုပ်ဆောင်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဇန်နဝါရီ ၂၉ ရက် နေပြည်တော်ရှိ Invest Myanmar Summit 2019 တွင် ပြောကြားသည်။

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် အင်မတန်မှ အလေးထားကြောင်း၊ ထို့ပြင် ပြည်သူလူထု၏ ဆန္ဒမှာလည်း အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

မြစ်ဆုံဆည်နှင့် ပတ်သက်ပြီး ယခင်အစိုးရ လက်ထက်တွင် စီမံကိန်းအား ခေတ္တရပ်ဆိုင်းထားခဲ့ပြီး လက်ရှိ အစိုးရလက်ထက်တွင် သေချာ ပြန်စိစစ်နေကြောင်း၊ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အသက်မွေးဝမ်းကျောင်းအတွက် အရေးပါကြောင်း၊ ထို့အတွက် ယင်းအခြေအနေကို စနစ်တကျ ဖြစ်အောင် ကော်မရှင်ဖွဲ့ပြီး မြစ်ဆုံ၏ အခြေအနေကို ဘက်စုံက စိစစ်နေခြင်း ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

“အရင်အစိုးရက ဒီဥစ္စာကို ခေတ္တရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။ ဒီအစိုးရလက်ထက်မှာ သေချာ ပြန်စိစစ်နေပါတယ်။ အဓိက ကတော့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုကို လစ်လျူရှုလို့ မရဘူး။ မြစ်ကြီးကလည်း ကျွန်တော်တို့ နိုင်ငံအတွက် အရေးကြီးသလို နိုင်ငံ ဖွံ့ဖြိုးရေးအတွက် လျှပ်စစ်လိုတယ်။ တစ်ဖက်ကလည်း ရှိပါတယ်။ ယခင်တုန်းကတော့ ဒီမြစ်ဆုံက ထွက်လာတဲ့ လျှပ်စစ် ၉၀ ရာခိုင်နှုန်းကို တရုတ်ပြည်ပို့ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ သို့သော် ဒီနေ့ ဒီရက် ဒီအခါမှာတော့ တရုတ်ပြည်မှာ လျှပ်စစ် မလိုတော့ပါဘူး။ သူတို့မှာ ပိုလျှံပြီးတော့ ကျွန်တော်တို့ဘက်တောင် ပြန်ပို့နိုင်တဲ့ အခြေအနေ ရှိပါတယ်”ဟု ဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

ယင်းအခြေအနေများကြောင့် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအတွက် အကျိုးရှိပြီး လျှပ်စစ်လည်းရရှိ၊ ပတ်ဝန်းကျင်ကိုလည်း မထိခိုက်သည့် ပြည်သူလူထု၏ အကျိုးစီးပွားကိုလည်း အကျိုးမယုတ်စေသည့် အခြေအနေဖြစ်အောင် ညှိနှိုင်းမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

“ဒါကို ညှိပြီးတော့ ဒီပြင်မှာ ကျွန်တော်တို့ နိုင်ငံအတွက်လည်း အကျိုးရှိမယ်။ လျှပ်စစ်လည်း ထွက်မယ်။ ပတ်ဝန်းကျင်ကိုလည်း မထိခိုက်ဘူး။ ပြည်သူလူထုကိုလည်း အကျိုးမယုတ်ဘူး။ တချို့တွေဆိုရင် ရွာလိုက်ကြီး ပြောင်းနေရတာ။ ဒါမျိုးလည်း မဖြစ်ဘူး။ နေရာလေး ညှိနှိုင်းဆွေးနွေးနေတာ ရှိပါတယ်။ နောက်တစ်ခုက တရုတ်ပြည်သူ့သမ္မတနိုင်ငံက မိတ်ဆွေနိုင်ငံ ဖြစ်တယ်။ နောက်ပြီး နယ်စပ်ဆိုရင်လည်း ကီလိုမီတာ ၁၇၀၀ လောက်ရှိတာဆိုတော့ သူတို့နဲ့လည်း ဆက်ဆံရေး ပြေလည်အောင် နေရပါတယ်။ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ဒီပြင်စီမံကိန်းတွေလည်း လုပ်လို့ရပါတယ်” ဟု ၄င်းက ဆက်လက်ပြောကြားသည်။

သို့ဖြစ်ရာ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍  နှစ်ဖက်ညှိနှိုင်းမှုများ ပြုလုပ်ဆောင်ရွက်နိုင်ရေး တစိုက်မတ်မတ် ဆောင်ရွက်နေကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် မြစ်ဆုံစီမံကိန်းအတွက် အစိုးရအထက် ပိုင်းအရာရှိကြီးများ ပါဝင်သည့် အထူးကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းကာ ညှိနိူင်းမှုများဆောင်ရွက်လျက်ရှိကာ ကော်မရှင်၏ အစီရင်ခံစာ ထွက်ပေါ်လာမည့် အခြေအနေအရ ဆောင်ရွက်သွားဖွယ်ရှိနေသည်ဟု ပြည်ထောင်စု ဝန်ကြီးက ပြောကြားသည်။

တန်ဖိုးပေးဆပ်မှု ကြီးမားပြီး သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝလုံခြုံရေးကို ထိခိုက်နိုင်မှု မလွဲမသွေ ဖြစ်နိုင်သော၊ ပြည်တွင်းပဋိပက္ခအား ပိုမိုအရှိန်မြှင့်တင်မှုကို ဖြစ်စေသော၊ ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးမှုကို ဦးတည်နေသော ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအား တိုက်တွန်း လုပ်ဆောင်ခြင်းအပေါ် ကချင်တိုင်းရင်းသား ညီအစ်ကိုများနှင့်တကွ တစ်နိုင်ငံလုံးမှ ပြည်သူများ၏ သဘောထားနှင့်ထပ်တူ အလေးအနက်ထား ကန့်ကွက်ကြောင်း သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ရက်က သဘောထား ထုတ်ပြန်ထားသည်။

 


READ NEXT
Cancel OK