Top News

ဂွမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး အပါအဝင် ရှစ်ဦးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်
24htopnews | November 27, 2024 6:12 PM CST

ဂွမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး အပါအဝင် ရှစ်ဦးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် ဂွမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းဇော်၊ လ/ထ ဦးစီးမှူး ဦးမောင်မောင်လွင်၊ မြေတိုင်း-၄ ဦးကျော်နိုင်ထွန်း၊ မြေတိုင်း-၄ ဦးသန့်ဇော်လင်း၊ စာရင်းကိုင်-၄ ဒေါ်အေးအေးလွင်၊ ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဦးစန်းယုအောင်၊ မြေပွဲစားများ ဖြစ်သည့် ဒေါ်ညွန့်ညွန့်သော်၊ ဦးအောင်နှင်း နှင့် ဦးရဲကျော်စွာ (ခ) ကျော်ကျော် (ခ) သားကြီး တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူထားခြင်း ဖြစ်သည်။

ဖြစ်စဉ်သည် ရခိုင်ပြည်နယ် ဂွမြို့နယ် ကင်းပုံကျေးရွာအုပ်စုနှင့် ဆပ်သွားကျေးရွာအုပ်စုတို့တွင် အုန်းဥယျာဉ်ခြံမြေများကို ရောင်းချရာ၌ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ငွေကြေးရယူခဲ့ခြင်းအပေါ် ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားစာနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်းပေးပို့ခဲ့ကြောင်း သိရသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့  ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရခိုင်ပြည်နယ် ဂွမြို့နယ် ကင်းပုံကျေးရွာအုပ်စုနှင့် ဆတ်သွားကျေးရွာအုပ်စုရှိ အုန်းခြံမြေများ ရောင်းချသည့် ကိစ္စနှင့်စပ်လျဉ်း၍ ကုမ္ပဏီတစ်ခုက လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့် လျှောက်ထားခြင်း၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲပေးရန် လျှောက်ထားခြင်း၊ Special Power of Attorney  များပြုလုပ်ခြင်း၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) ရရှိရေး လုပ်ငန်းစဉ်များတွင် ဂွမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းဇော်သည် မြေပွဲစားများထံမှ ငွေကျပ် ၃၅ သိန်းကို လည်းကောင်း၊ လ/ထ ဦးစီးမှူး ဦးမောင်မောင်လွင် သည် မြေပွဲစားများထံမှ အမှုတွဲ တည်ဆောက်ရန်အတွက် ကျပ် ငါးသိန်း၊ မြေတိုင်းလုပ်ငန်းအတွက် ကျပ် ၆၅ သိန်းနှင့် မြေတိုင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် GPS တစ်လုံးကို လည်းကောင်း ရယူခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြေပွဲစားများထံမှ မြေတိုင်း-၄ ဦးကျော်နိုင်ထွန်းသည် ငွေကျပ် ၃၀၀၀၀ ကို လည်းကောင်း၊ မြေတိုင်း-၄ ဦးသန့်ဇော်လင်းသည် ငွေကျပ် (၈)သိန်းကို လည်းကောင်း၊ စာရင်းကိုင်-၄ ဒေါ်အေးအေးလွင်သည်  ကျပ် ၃၉၉၀၀၀၀ (ကျပ် သုံးဆယ့်ကိုးသိန်း ကိုးသောင်းတိတိ) ကိုလည်းကောင်း၊ ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဦးစန်းယုအောင်သည် မြေပွဲစားများထံမှ ငွေကျပ် ၁၅၆၀၀၀၀ (ကျပ် တစ်ဆယ့်ငါးသိန်းခြောက်သောင်းတိတိ) ကိုလည်းကောင်း လက်ခံရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဂွမြို့နယ် လယ်ယာမြေစီမံ ခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းဇော်၊ လ/ထဦးစီးမှူး ဦးမောင်မောင်လွင်၊ မြေတိုင်း-၄ ဦးကျော်နိုင်ထွန်း၊ မြေတိုင်း-၄ ဦးသန့်ဇော်လင်း၊ စာရင်းကိုင်-၄ ဒေါ်အေးအေးလွင်နှင့် ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဦးစန်းယုအောင် တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ လည်းကောင်း၊ အချင်းဖြစ် ဥယျာဉ်ခြံမြေများ ရောင်းချခြင်း လုပ်ငန်းစဉ်နှင့် ပတ်သက်၍ မြေပွဲစားများဖြစ်သည့် ဒေါ်ညွန့်ညွန့်သော်၊ ဦးအောင်နှင်းနှင့် ဦးရဲကျော်စွာ (ခ)ကျော်ကျော်(ခ)သားကြီးတို့သည် တောင်သူများထံမှ ငွေကျပ် ၂၆၅ ဒသမ ၀၆၈ သိန်းကို တောင်းခံရယူခဲ့ပြီး ဝန်ထမ်းများအား ငွေကြေးများ ပေးခဲ့ကြခြင်းသည် ဝန်ထမ်းများ အဂတိလိုက်စားမှု ဖြစ်စဉ်အပေါ် ပူးပေါင်းကြံစည်ခြင်း သို့မဟုတ် အားပေးကူညီခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒေါ်ညွန့်ညွန့်သော်၊ ဦးအောင်နှင်းနှင့် ဦးရဲကျော်စွာ (ခ)ကျော်ကျော် (ခ)သားကြီးအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆/၆၃ အရ လည်းကောင်း ရခိုင်ပြည်နယ်၊ ဂွမြို့မရဲစခန်းတွင် ဇန်နဝါရီ ၂၈ ရက်၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 


READ NEXT
Cancel OK