Top News

ပါကစ္စတန်တွင် အသုံးပြုခွင့်တားမြစ်လိုက်သည့် လူမှုကွန်ရက်များထဲ WhatsApp လည်း ပါဝင်လာ
24htopnews | November 28, 2024 7:12 PM CST

ပါကစ္စတန်တွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများ တဖန်ပေါ်ပေါက်လာချိန် ဆိုရှယ်မီဒီယာပလက်ဖောင်းများ အသုံးပြု၍မရအောင် ကန့်သတ်ပိတ်ဆို့မှုများရှိလာပြီးအပိတ်ခံရသည့်အထဲ WhatsApp လည်းပါဝင်လာသည်။

ပါကစ္စတန်မြို့တော် အစ္စလာမ်မာဘတ်တွင် အစိုးရဆန့်ကျင်သူများနှင့်လုံခြုံရေး တပ်ဖွဲ့ဝင်များပဋိပက္ခဖြစ်မှုကြောင့် အနည်းဆုံးလူခြောက်ဦးသေဆုံးထားကြောင်း Sky News သတင်းကဖော်ပြသည်။

နိုင်ငံတစ်ဝန်း X၊ Facebook ၊ Instagram နှင့် Bluesky ပလက်ဖောင်းတို့ကို ပိတ်လိုက်ပြီးနောက်ယခုနောက်ဆုံး WhatsApp ကိုပါ ပိတ်လိုက်ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကိုပြန်လွှတ်ပေးရန် အတိုက်အခံပါတီ PTI က ဆန္ဒပြပွဲများစီစဉ်ထားသည့်အတွက် ယင်းဆန္ဒပြမှုများမတိုင်မီ အာဏာပိုင်များက လုံခြုံရေးတင်းကျပ်ရင်းတဖက်တွင်ဆိုရှယ်မီဒီယာများကို ပိတ်လိုက်ခြင်းဖြစ်သည်ဟု အင်တာနက်လေ့လာစောင့်ကြည့်ရေးအဖွဲ့NetBlocks ကဖော်ပြသည်။ နိုဝင်ဘာ ၂၃ ရက်(စနေနေ့) တွင်စတင်ကာ WhatsApp များ အသုံးပြု၍မရတော့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲနေ့က ပါကစ္စတန်တွင်ယာယီအင်တာနက်ဖြတ်တောက်မှုများဖြစ်ခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ ၁၇ ရက်ညပိုင်းတွင် Xပလက်ဖောင်းကို ပိတ်ပစ်လိုက်သည်။ ထိုစဉ်က ရွေးကောက်ပွဲရလာဒ်ကိုမကျေနပ်သဖြင့်နိုင်ငံတဝန်းဆူပူဆန္ဒပြမှုများ ဖြစ်ပွားနေချိန်ဖြစ်သည်။ ယနေ့ထိလည်း X၊ Facebook နှင့် Instagramတို့ကို VPN အကူအညီမပါဘဲ ဝင်ရောက်ကြည့်၍မရပေ။နိုဝင်ဘာ ၂၁ ရက်တွင်မူ Bluesky ကိုပါပိတ်ပစ်လိုက်သည်။

ထောင်ကျချိန်တစ်နှစ်ကျော်ကြာ ရှိလာပြီဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ပြန်လွှတ်ပေးရန်ဆန္ဒဖော်ထုတ်ပွဲမတိုင်မီမှာပင် အီမရန်ခန်းထောက်ခံသူ ၄၀၀၀ ကျော်ကို

အာဏာပိုင်များကဖမ်းဆီးထားသည်။ ပါလီမန်လွှတ်တော်အဖွဲ့ဝင် ငါးဦးလည်းပါသည်။

မြို့တော်အစ္စလာမ်မာဘတ်ကိုလည်း လော့ဒေါင်းချ ၊ လမ်းများပိတ်ဆို့ထားပြီးအချို့နေရာများ၌အင်တာနက်များ ဖြတ်တောက်ထားသည်။

Ref: Yahoo


READ NEXT
Cancel OK