Top News

ဆောက်လုပ်ရေးလုပ်ငန်းခွင် ကျန်းမာရေး (Construction Hazards)
24htopnews | November 28, 2024 8:12 PM CST

လူတို့ရဲ့လုပ်ငန်းလုပ်ကိုင်မှု များပြားလာ တာနဲ့အမျှ လုပ်ငန်းခွင်နဲ့ဆိုင်တဲ့ ကျန်းမာရေး အန္တရာယ်များ ပေါ်ပေါက်လာရပါတယ်။ လုပ်ငန်းခွင်မှာ အလုပ်ထိခိုက်စေတဲ့ စွန့်စားမှုအန္တရာယ် (Risks) များ ရှိတတ်ပါတယ်။ လူအများစုစည်းပါဝင်တဲ့တည်ဆောက်ရေး(Construction)  ဆိုင်ရာ ကျန်းမာရေးပြဿနာရှိတတ်ပါတယ်။

ကျန်းမာရေးပြဿနာတွေမှာ (၁) ဓာတုဗေဒပစ္စည်းများ၊ (၂)ရုပ်ဝတ္ထုပစ္စည်းများ၊ (၃)စက်မှုဆိုင်ရာများ၊ (၄)ဇီဝဗေဒဆိုင်ရာများ၊ (၅)လူမှုစိတ်ပညာပြဿနာများ ပါဝင်ပါတယ်။

(၁) ဓာတုဗေဒပစ္စည်းဆိုတာ ဆောက်လုပ်ရေးလုပ်ငန်းမှာသုံးတဲ့ ကျန်းမာရေးထိခိုက်တဲ့ပစ္စည်းတွေဖြစ်ပါတယ်။

(က) ယားယံစေတဲ့ပစ္စည်း (Allergens) မှာ လူရဲ့အရေပြားကို ယားယံစေတဲ့ ဘိလပ်မြေမှုန့်၊ ဖုန်မှုန့် ၊ ဆေးမှုန့်ပါဝင်ပါတယ်။

(ခ) အဆိပ်အတောက်ပစ္စည်း (Toxin) မှာ အာဆင်းနစ်(Arsenic) ပမာဏများရင် ကျန်းမာရေး ထိခိုက်စေပါတယ်။ ပြဒါးနဲ့ ထိတွေ့ကိုင်တွယ်ရရင် ပြဒါး အဆိပ်၊ ခဲနဲ့ထိတွေ့ကိုင်တွယ်ရတဲ့ ဘက်ထရီ လုပ်ငန်းတွေမှာ ခဲအဆိပ်သင့်စေပါတယ်။ သင်္ဘောဆေးတွေမှာ ခဲဆိပ်(Lead Poison) ပါဝင်ပါတယ်။

(ဂ) ကင်ဆာဖြစ်စေတဲ့ပစ္စည်း (Cancenogen)

မျက်နှာကြက်အမိုးတွေကို အဘက်စတို့ (Asbestos) ကျောက်ဂွမ်းကိုသုံးခြင်း၊ အပူကာပစ္စည်းအဖြစ်သုံးခြင်းက အမှုန်ရှူမိနိုင်ပြီး အဆုတ်ကင်ဆာဖြစ်စေပါတယ်။

နောက်ပိုင်း (Asbestos) ကျောက်ဂွမ်းပါတဲ့ မျက်နှာကြက်တွေ မသုံးတော့ပါဘူး။ အရောင်ဆိုးဆေးမှန်သမျှ ဘင်ဇင်း (Benzene) ပါဝင်လို့ ကင်ဆာဖြစ်စေပါတယ်။

သင်္ဘောဆေးသုတ်သမားတွေ၊ မျက်နှာ ကြက်ဆင်သမားတွေနှာခေါင်းစည်း စည်းထားသင့်ပါတယ်။ လုပ်ငန်းခွင်ပြီးရင် ရေချိုးခြင်း၊ လက်နှစ်ဖက်ကိုဆပ်ပြာ၊ ရေတို့နှင့် စက္ကန့် ၂၀ ကျော်ကြာ ဆေးကြောခြင်း ပြုလုပ်သင့်ပါတယ်။

(၂) ရုပ်ဝတ္ထုပစ္စည်းတွေကြောင့် ထိခိုက်မှုအန္တရာယ်မှာ ဆောက်လုပ်ရေးလုပ်ငန်းဖြစ်ပါတယ်။

(က) အမြင့်မှကျခြင်း - ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ဖြစ်ပွားတတ်တဲ့၊ မကြာမကြာ တွေ့ကြုံရမြဲ အဓိကပြဿနာပဲဖြစ်ပါတယ်။ အမြင့်ထွန်း မီးသီးတပ်ဆင်ရာမှကျခြင်း၊ ငြမ်းစင်ရာမှကျခြင်း၊ လူကူးလျှောက်လမ်း (တံတား) က ကျခြင်း၊ အမိုးပြုပြင်ရာမှကျခြင်း၊ အဆောက်အအုံအစွန်းမှကျခြင်းတို့ဖြစ်ပါ တယ်။

အမြင့်တက်ဝန်ထမ်းတွေ ကျန်းမာကြံ့ခိုင်ဖို့လိုအပ်ပြီး အိပ်ရေးဝဖို့လိုပါတယ်။ အမြင့်ကြောက်သူများ အမြင့်မတက်ဖို့လိုအပ်ပါတယ်။ အဓိက ငြမ်းစင် မခိုင်ခြင်းက အမြင့်က ပြုတ်ကျမှုများပါတယ်။ တစ်ခါတစ်ရံ အရက်၊ မူးယစ်ဆေးသောက်စားပြီး အမြင့်တက်တာကြောင့် ပြုတ်ကျသေဆုံးခြင်း ရှိပါတယ်။ အမြင့်တက်သူ၊ အမြင့်မှာ အလုပ်လုပ်သူတွေ အဖို့ အောက်ကိုလှမ်းကြည့်လုပ်ခြင်း၊ အောက်ကို မှာကြားခြင်းနည်းပါးသင့်ပါတယ်။ ခါးနာတတ်တယ်။ မိသားစုပြဿနာကင်းစွာ၊ အပူအပင် ကင်းစွာ လုပ်ကိုင်ဖို့လိုပါတယ်။ ခါးကုန်း မ-မသင့်ပါ။

(ခ)  လုပ်ငန်းခွင်မှာ အကြောမျက်၊ အကြောတင်ခြင်း။ (Spraine and  straning) စပရိန်နဲ့ အားစိုက်မှုများလုပ်ရတဲ့ ကေဘယ် ကြိုးဆွဲသူများ၊ ကျောက်အုတ်စီသူ၊ ပန်းရန်သမားများ ဖြစ်ပွားတတ်ပါတယ်။ အလေးအပင်မခြင်း၊ ကြိုးဆွဲခြင်းတို့လုပ်လိုရင် သေချာထိုင်ချပြီးမှ ဆောင်ရွက်သင့်ပါတယ်။

(ဂ) ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ တူးဖော်မှုတွေမှာ မြောင်းတူးခြင်းနဲ့ မြေအမျိုးစား ခွဲခြားခြင်းသတ်မှတ်ခြင်း လုပ်ငန်းဆောင်ရွက်သူတွေဟာ မတော်တဆလိမ့်ကျမှု၊ မြေပြို မှု၊ မြေပိမှုတွေ ကြုံရတတ်ပါတယ်။

(ဃ) လုပ်ငန်းခွင်မှာ မတော်တဆ တိုက်မိခြင်းမှာ ယာဉ်များနောက်ဆုတ်ခြင်း၊ ဝန်ချီစက်လွှဲ၍ တိုက်မိခြင်း၊ အချင်းချင်းတိုက်မိခြင်းတို့ ပါဝင်ပါတယ်။ လုပ်ငန်းခွင်ကြီးကြပ်သူတွေ အလွန်အရေးကြီးပါတယ်။ လုပ်ငန်းခွင်အတွင်း ရုတ်တရက်ဖြစ်ပွားမှုတွေဆောင်ရွက်နိုင်ဖို့ ရှေးဦးသူနာပြုစုခြင်းနည်းတွေ တတ်မြောက်ဖို့လိုအပ်တဲ့အပြင် အရေးပေါ် ဆေးသေတ္တာထားရှိဖို့လိုအပ်ပါတယ်။

(င) လုပ်ငန်းခွင်မှ လျှပ်စစ်ပစ္စည်းကလည်း လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး  အရေးကြီးလှပါတယ်။ ပါ၀ါမီးကြိုးတွေအနီး ဝန်ချီစက်မောင်းခြင်း၊ မ-ခြင်း မလုပ်သင့်ပါဘူး။ စက်ကြီးယာဉ်မောင်းများ အထူးသင်တန်း ပေးပြီးမှသာ မောင်းနှင်သင့်ပါတယ်။

(စ) မော်တော်ယာဉ်ကြီးများ - ကြီးမားတဲ့ဆောက်လုပ်ရေးလုပ်ငန်းနဲ့ လမ်းတံတား တည်ဆောက်ရေးမှာ ထည့်သွင်းစဉ်းစားရမယ့် ပြဿနာဖြစ်ပါတယ်။ မော်တော်ယာဉ် မတော်တဆမှုတွေမှာ လူကြောင့်၊ ယာဉ်စက်ကိရိယာကြောင့်၊ လမ်းကြောင့်ပါဝင်ပါတယ်။ လူကြောင့် အဓိကဖြစ်နေတယ်ဆိုတာ သိရပါမယ်။

(၃) စက်မှုဘက်ဆိုင်ရာ လုပ်ငန်းခွင်အန္တရာယ်ဖြစ်စေတဲ့ အဓိကအကြောင်းရင်းက စက်ပစ္စည်းတစ်မျိုးချင်းအလိုက် သတ်မှတ်တဲ့ အန္တရာယ်ကင်းမှုဆိုင်ရာ လမ်းညွှန်တွေကို တိတိကျကျ လိုက်နာဖို့လိုပါတယ်။ အရက်၊ မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးပြားများ ရှောင်ရပါမယ်။ ငှက်ဖျားဆေး (Mefloquine)သောက်ပြီး စက်မမောင်းသင့်ပါ။ ဆေးကြောင်နေပြီး ဆုံးဖြတ်ချက်ချဖို့ ဝေ၀ါးနေတတ်ပါတယ်။

(၄) ဇီဝဗေဒပစ္စည်းဆိုရာမှာ ကျန်းမာရေးထိခိုက်စေတဲ့ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များအပါအဝင် သက်ရှိပစ္စည်းတွေ ဆိုလိုပါတယ်။ ပတ်ဝန်းကျင် လေထုသန့်ရှင်းမှု ရှိ-မရှိ၊ ရေသန့်သောက်သုံးမှုရှိ-မရှိ၊ အစာ သန့်ရှင်းမှုရှိ-မရှိ လိုအပ်ပါတယ်။ အစာမစားမီ အိမ်သာသွားပြီးတိုင်း ဆပ်ပြာရေနဲ့ သေချာဆေးသင့်ပါတယ်။

(၅) လူမှုစိတ်ပညာ - ဝေးလံခေါင်သီတဲ့ သတ္တုတွင်းနဲ့ ကမ်းလွန်ရေနံတွင်းတူးလုပ်ငန်းတွေမှာ ကြုံရနိုင်ပါတယ်။ အမြင့်(သို့မဟုတ်)တွင်းထဲဆင်းဖို့ ကြောက်ခြင်း၊ မူးယစ်ဆေးဝါး (သို့မဟုတ်) အရက်သုံးစွဲခြင်း၊ လူမှုရေးအဆင် မပြေမှုများ၊ အလုပ်ပြုတ်နိုင်မယ့် အခြေအနေများ၊ အိပ်ရေးမဝခြင်းတို့ဟာ လုပ်ငန်းခွင်အန္တရာယ် ဖြစ်ပေါ်စေနိုင်ပါတယ်။ လုပ်ငန်းခွင်သုံး ဦးထုပ်၊ ရောင်ပြန်အကျႌ၊ နှာခေါင်းစည်း စည်းခြင်း၊ လက်အိတ်၊ ခြေအိတ်၊ လုပ်ငန်းခွင်သုံး ဖိနပ်ဝတ်ဆင်ပြီးမှ လုပ်ငန်းခွင်ဝင်သင့်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းခွင် ဝင်ရောက်နေတဲ့ အလုပ်သမားတွေဟာ အင်ဂျင်နီယာဘွဲ့ရတာ အကြီးဆုံးဆိုပေမဲ့ အခြေခံလုပ်သားတွေက ပညာရေးအဆင့်နိမ့်ပါတယ်။ လူမှုရေး၊ စီးပွားရေး၊ မပြည့်စုံသူတွေဖြစ်ပါတယ်။ အလုပ်ပင်ပန်းလို့ ညနေဘက် အရက်သောက်တဲ့ အလေ့အထရှိတတ်ကြပါတယ်။ အချို့ အရက်စွဲနေတတ်ပါတယ်။ အထပ်မြင့်ဆောက်လုပ်ရေးလုပ်နေသူတွေဟာ အရက်၊ မူးယစ်ဆေးဝါးမစွဲစေဖို့ အရေးကြီးလှပါတယ်။ အချို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်က ၂၄ နာရီဖြစ်တော့ နေ့ဆိုင်း၊ ညဆိုင်း နှစ်ဆိုင်းနဲ့ အလုပ်သမားတွေပိုပြီး ပင်ပန်းကြပါတယ်။ လုပ်ခလစာ၊ အသက် ၊ အလုပ်သမားတွေနေထိုင်ရေး၊ စားဝတ်နေရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးတို့ ထည့်ပြီးစဉ်းစားပေးဖို့ လိုလာပါတယ်။ အလုပ်သမားတစ်ယောက် ရှစ်နာရီထက်ပို  မခိုင်းရဆိုပေမဲ့ အိုဗာတိုင်ကြေးမျှော်ပြီး လုပ်ကြရတဲ့ အလုပ်သမားအတွက် အထပ်အမြင့်မှာ အာရုံစိုက်ရတာများလေ မတော်တဆမှုများလေဖြစ်ပါတယ်။ အထက်နဲ့အောက် အလှည့်ကျ ဆောင်ရွက်စေသင့်ပါတယ်။

ဆောက်လုပ်ရေးယာဉ်များ မောင်းရာမှာ ကျွမ်းကျင်မှုရှိဖို့ အထူးလိုအပ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင် ယာဉ်မတော်တဆမှုတွေဟာ စက်ကိုင်ဝန်ထမ်းရဲ့ မကျွမ်းကျင်မှုက ရှေ့ဆုံးကနေပါတယ်။ စက်မှုဘက်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ဆောင်မှုတွေကို တိတိကျကျလိုက်နာဖို့ လိုအပ်ပါတယ်။

ဖိုင်ဘာဦးထုပ်၊ နှာခေါင်းစည်း၊ အကျႌရှည်၊ ဘောင်းဘီရှည်၊ ခါးပတ်၊ ခါးသိုင်းကြိုး၊ လက်အိတ်ခြေအိတ်၊ ဖိနပ်၊ ရောင်ပြာကပ်တာကအစ စနစ်တကျဝတ်ဆင်ပြီးမှ လုပ်ငန်းခွင်ဝင်သင့်ပါတယ်။ လုပ်ငန်းခွင်ထဲတစ်ချိန်လုံး နစ်မြုပ်မနေစေဘဲ ထမင်းစားချိန်၊ လက်ဖက်ရည်သောက်ချိန် ခေတ္တအနားပေးဖို့ လိုအပ်ပါတယ်။

ကျွမ်းကျင်လုပ်သားတွေက ကြာလာရင် စည်းကမ်းပိုင်း ပေါ့လျော့လာပြီး လျှပ်စစ်မီးကြိုးသွယ်တာ၊ မီးချောင်းမီးလုံးတပ်တာကအစ အလွယ်တကူ ရိုးရိုးဝတ်စုံနဲ့ လုပ်ငန်းခွင်ဝင်ကြလို့ လုပ်ငန်းခွင်မတော်တဆမှု၊ ဓာတ်လိုက်မှု အမြင့်ကပြုတ်ကျမှုတွေ ကြုံတွေ့ကြရတယ်။ သေဆုံးကြရပါတယ်။

လုပ်ငန်းခွင်တစ်ခုလုံး ဟန်းစက် (Hand set) စကားပြောဆိုအထိုင်စက် ချိန်ဆက်ပြီး ဆက်သွယ်ထားသင့်ပါတယ်။ မီးသမားတွေအတွက် မိန်း (Main) ချပြီးလုပ်ရာမှာ အထိုင်စက်ကနေ မီးဖြတ်တောက်ပေးဖို့၊ ဘယ်အချိန်ပြန်ဆက်ပေးနိုင်ကြောင်း အချိန်နဲ့အမျှ ဆက်သွယ်မှုရရှိဖို့လိုပါတယ်။ နို့မဟုတ်ရင် ဓာတ်လိုက်ခြင်းစတဲ့ မမျှော်လင့်တဲ့ ထိခိုက်နာကျင်မှုမှ သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ လုပ်ငန်းခွင် ရုတ်တရက် ထိခိုက်မှုရှိရင်ချက်ချင်းပြုစုကုသနိုင်ဖို့ ဆရာဝန်နဲ့ ဆေးခန်း၊ ဆေးသေတ္တာ ရှိရပါမယ်။      


READ NEXT
Cancel OK