Top News

မရမ်းကုန်းမြို့နယ်ရှိ ကျိုက်ဝိုင်းလူငယ် သင်တန်းကျောင်းတွင် နိုဝင်ဘာ ၁၇ ရက်မှစ၍ COVID-19 ရောဂါ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဝန်ထမ်း ၁၁ ဦးနှင့် ကလေး ၂၉ ဦးတွင် ရောဂါပိုးတွေ့ရှိ
24htopnews | November 28, 2024 11:12 PM CST

COVID-19 ဒုတိယလှိုင်းအတွင်း မရမ်းကုန်းမြို့နယ်ရှိ ကျိုက်ဝိုင်းလူငယ် သင်တန်းကျောင်းတွင် နိုဝင်ဘာ ၁၇ ရက်မှစ၍ COVID-19 ရောဂါ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဝန်ထမ်း ၁၁ ဦးနှင့် ကလေး ၂၉ ဦးတွင်  ရောဂါပိုး တွေ့ရှိထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

လူမှုဝန်ထမ်း ဦးစီးဌာန သင်တန်းကျောင်း၊ ဌာနငယ်များတွင် စောင့်ရှောက်ထားရှိသော ကလေးများ၊ အမျိုးသမီးများ၊ ဝန်ထမ်းများ COVID-19 ရောဂါကူးစက်မှု မပြန့်ပွားစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများ၊ သင်တန်းကျောင်း၊ ဌာနငယ် ကျောင်းအုပ်များနှင့် နိုဝင်ဘာ ၁၈ ရက်က Video Conferencing စနစ်ဖြင့် ညှိနှိုင်းဆွေးနွေးရာ၌ ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် COVID-19 ကပ်ရောဂါ၏ ပထမလှိုင်း ဖြစ်ပွားစဉ်ကတည်းက သင်တန်းကျောင်း၊ ဌာနငယ်များတွင် ကြိုတင်ကာကွယ်မှုများကို ထိထိရောက်ရောက် ဆောင်ရွက်ခဲ့ကြောင်း၊ ဝန်ထမ်းများ၊ သင်တန်းသားများ လိုက်နာရမည့် စည်းကမ်းချက်များကို စံလုပ်ငန်း လမ်းညွှန်များဖြင့် စနစ်တကျ လိုက်နာနိုင်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ကြောင်း၊ ယခု COVID-19 ကပ်ရောဂါ ဒုတိယလှိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အတွင်းရှိ ကျိုက်ဝိုင်းလူငယ် သင်တန်းကျောင်းတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၇ ရက်မှစတင်၍ ကလေးများ ဖျားနာခြင်း၊ နေမကောင်း ဖြစ်ခြင်းများကြောင့် COVID-19 စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဝန်ထမ်း ၁၁ ဦးနှင့် ကလေး ၂၉ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း၊ ကျန်ရှိဝန်ထမ်းများနှင့် ကလေးအားလုံးကိုလည်း စစ်ဆေးလျက်ရှိကြောင်း ပြောကြားသည်။

ယင်းသို့ ရောဂါပိုးတွေ့ ကလေးများနှင့် ဝန်ထမ်းများကို သက်ဆိုင်ရာ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း၊ ထပ်မံ၍ ကူးစက်မှုများ မဖြစ်ပွားစေရန် ကလေးများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို ချမှတ်ထားသည့် လုပ်ငန်းလမ်းညွှန်များနှင့်  စည်းကမ်းချက်များကို တိကျစွာ လိုက်နာစေရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိစေရေးနှင့် အာဟာရများ ပြည့်ဝစွာ ရရှိစေရေးတို့ကို ယခုထက်ပို၍ ပံ့ပိုးပေးရန်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၊ မိသားစုများနှင့် ကလေးများ၏ စိတ်ဓာတ်ခွန်အား ရရှိစေရေး အတွက်လည်း အားပေးနှစ်သိမ့်မှုများ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ကျန်တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးရှိ သင်တန်းကျောင်း၊ ဌာနငယ်များတွင်လည်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့ မှုများ မဖြစ်ပေါ်စေရေးအတွက် အထူးကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ ကျန်းမာရေး အသိပညာ ပေးမှုများကို စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ ယခုကာလအတွင်း  သင်တန်းကျောင်း၊ ဌာနငယ်များတွင် သတ်မှတ်ထားသော အသွားအလာ ကန့်သတ်မှုများကို  လိုက်နာကြစေရန် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများကို နားလည်သဘောပေါက်အောင် ရှင်းပြရမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းများတွင် ဝန်ထမ်းများ၊ ကလေးများ အစုအဝေးဖြင့် နေထိုင်ရသည့်အတွက် အထူးဂရုပြုရမည့် အခြေအနေ ဖြစ်ကြောင်း၊ ကျောင်းများတွင် မဖြစ်မနေ အပြင်ထွက်ရပါက အကာအကွယ် ပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း၊ မျက်နှာအကာနှင့် လက်အိတ်များကို မဖြစ်မနေ အသုံးပြုရမည် ဖြစ်ကြောင်း၊ ယခုကာလအတွင်း အာဟာရ ပြည့်ဝစေမည့် ဖြည့်စွက်စာများကို ထပ်မံ၍ ကျွေးမွေးရန် လိုအပ်ကြောင်း၊ အခက်အခဲများရှိပါက  အချိန်နှင့်တစ်ပြေးညီ သတင်းပို့ရန် လိုအပ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးရုံး အနေဖြင့် လိုအပ်ချက်များကို အချိန်မဆိုင်းဘဲ ဖြည့်ဆည်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

 


READ NEXT
Cancel OK