Top News

ခန္တီးမြို့နယ်ရှိ ကွန်ကရစ် ရေထိန်းနံရံနှစ်ခု ပြုလုပ်ပြီး တစ်နှစ်ကျော်တွင် ပျက်စီးမှု ဖြစ်ပေါ်နေကြောင်း သိရ
24htopnews | November 28, 2024 11:12 PM CST

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်ရှိ ကွန်ကရစ် ရေထိန်းနံရံနှစ်ခုသည် ပြုလုပ်ပြီး တစ်နှစ်ကျော်တွင် ပျက်စီးမှု ဖြစ်ပေါ်နေကြောင်း သိရသည်။

ခန္တီးမြို့နယ် သာစည်ကျေးရွာနှင့် မှန်ပင်ကျေးရွာတွင် ချင်းတွင်းမြစ် ရေထိန်းနံရံနှစ်ခုကို ယခင်နှစ်က တည်ဆောက်ပြီးစီးခဲ့ပြီး ယခုအခါ ကွန်ကရစ်ရေထိန်းနံရံ၏ အောက်ခြေတွင် ပျက်စီးမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရကြောင်း ခန္တီးမြို့မှ ဦးမင်းမင်းဦးက ပြောကြားသည်။

“အခု ရေကျလာတော့ တွေ့ရတာပေါ့။ မှန်ပင်က ရွာသားတွေ ပြောတာကတော့ လုပ်တုန်းက လိုင်းကျင်း မတူးဘူးပေါ့။ မြေကိုညှိပြီး အပေါ်မှာတင်စီပြီး ကွန်ကရစ် ဘိလပ်မြေ လောင်းသွားတယ်ပေါ့။ နောက်ပြီး သံပင်၊ သံချောင်းကလည်း တစ်ချောင်းမှမပါ။ မပါတော့ အပိုင်းပိုင်း ပြတ်ကုန်တာပေါ့။ သာစည်က ရေထိန်းနံရံလည်း အဲဒီအတိုင်းပဲ။ သံပင်လေး ထည့်ရင်‌တော့ နည်းနည်းထိန်းထား တွဲထားမှာပေါ့။ မပါတဲ့အခါကြတော့ အပိုင်းပိုင်းပြတ်ပြီး ရုပ်ဆိုးသွားတာပေါ့။ ဒါနဲ့တိုင်း EE ကို ဖုန်းဆက်ပြီး ဒီလိုဖြစ်နေတယ်။ ဘယ်သူ့မှာ တာဝန်ရှိလဲ ဘယ်လိုပြန်လုပ် ပေးနိုင်မလဲပြောတော့ သူကတော့ ထွေအုပ်တို့ဘာတို့ကို ပြောပါပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ မပြောသေးပါဘူး” ဟု ဦးမင်းမင်းဦးက ဆိုသည်။

ထိုရေထိန်းနံရံ နှစ်ခုစလုံးသည် စတင်တည်ဆောက်စဉ်က အောက်ခြေအုတ်ခုံမပြုလုပ်ဘဲ တည်ဆောက်ခဲ့ကြသည်ကို တွေ့မြင်ခဲ့ရပြီး ကုမ္ပဏီအနေဖြင့် ပျက်စီးမှုများကို ပြန်လည်ပြုပြင်ပေးရမည် ဖြစ်ကြောင်း ခန္တီးမြို့နယ် တိုင်း‌ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်း၏ ပြောကြားချက်အရ သိရသည်။

“သူက မနှစ်ကမှ လုပ်ပြီးတာကို ဒီနှစ်ကြ အောက်ခြေက ခုံလေးနည်းနည်းစားနေတာပေါ့။ စားတယ်ဆိုတာကလည်း သူတို့က သာစည်ဘက်က ရေထိန်းနံရံဆိုရင် ရေထိန်းနံရံ အတွက် လိုအပ်တဲ့ သဲတွေဘာတွေကို အဲဒီနားကပ်ပြီး ကျုံးတာလည်းပါတယ်။ သောင်ပြင်မှာ ဆိုတော့လေ။ သဲတွေက အဲဒီနားတင် အလွယ်တကူ ကျုံးလိုက်တော့ အဲဒီနားမှာ ရေစီးကြောင်းလိုဖြစ်ပြီး လှိုက်စားတာပေါ့။ လုပ်တဲ့ကုမ္ပဏီက အလွယ်တကူ လုပ်တာလည်း ပါတယ်။ မှန်ပင်ဘက်ကလည်း သူတို့က ပညာရှင်၊ ကျွန်တော်တို့က အရပ်သားဆိုတော့ ပြောရတာလည်း နည်းနည်းတော့ခက်တာပေါ့။ ကျွန်တော်တို့ သဘောပေါက်တာက အောက်ခြေမှာ သုံးပေ၊ လေးပေလောက် တူးပြီးမှ အုတ်ခုံသဘောမျိုးလုပ်ပြီးမှ ထောက်ချင်တာလေ။ ဒါပေမဲ့ သူတို့လုပ်တာကြတော့ အပေါ်လေးတင်ပဲ တည်ပြီးလုပ်သွားတော့ ရေလာတဲ့အခါ စားတော့တာပေါ့။ ဝေဖန်ရတာတော့ခက်တယ်။ သူတို့က အင်ဂျင်နီယာ ကျွန်တော်တို့က အရပ်သား နိုင်ငံရေးသမားဖြစ်တော့ ပညာရှင်ကို ဝေဖန်ရသလို ဖြစ်တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့အမြင်က လွဲသလားဆို တော့လည်း မလွဲဘူးပေါ့နော်။ ဖြစ်ချင်တာက ရေထိန်းနံရံဆိုတာ အောက်ခြေကို ရေမတိုက်စားမှသာလျှင် အပေါ်က ပြိုမကျမှာလေ။ အဲဒီတော့ အောက်ခြေအုတ်မြစ်ကို နက်နက်လေးတူး ကွန်ကရစ်လေးလောင်းပြီးမှ အပေါ်ကလှမ်းပြီးထောက်ထားမှ ပိုခိုင်မယ်ထင်ပြီး ပြောတယ်။ ဒါပေမဲ့ သူတို့ဒီဇိုင်းက ဒီတိုင်းလာတာ ဆိုတော့လည်း အခုကြတော့ ဒီလိုကြုံရတာပေါ့။ နှစ်ခုစလုံးက မနှစ်ကလုပ်တာ။ ဒီနှစ် တစ်ရေပဲ ရှိသေးတယ်။ ကုမ္ပဏီနဲ့ ဌာနက ပြန်လုပ်ရမှာပေါ့။ အပ်ပြီး နှစ်နှစ်အတွင်း တစ်ခုခုဖြစ်ရင် ပြန်လုပ်ပေးရမှာကိုး” ဟု ဦး သိန်းလှိုင်ဝင်းက ပြောကြားသည်။

ခန္တီးမြို့နယ် မှန်ပင်ကျေးရွာရှိ ကွန်ကရစ် ရေထိန်းနံရံသည် ၂၂၀ ပေအရှည်နှင့် သာစည်ကျေးရွာရှိ ကွန်ကရစ် ရေထိန်းနံရံသည် ၄၇၅ ပေရှည်ကာ ယခင်နှစ်က ပြုလုပ်ပြီးစီးခဲ့ကြောင်း သိရသည်။ ထိုရေကွန်ကရစ် ရေထိန်းနံရံ နှစ်ခုစလုံးအား ကုမ္ပဏီတစ်ခုမှ ကျပ် ၂၉၁ ဒသမ ၄ သန်းဖြင့် တင်ဒါရရှိ လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK