နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုဝင်ဘာလတွင် စတုတ္ထကြိမ်မြောက်အဖြစ် တစ်အိမ်ထောင် ကျပ်နှစ်သောင်းနှုန်း ထောက်ပံ့ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် အတွင်းရှိ ဖလံဗိုလ်ကျေးရွာတွင် ထောက်ပံ့ငွေပေးအပ်ရာ၌ ပွင့်လင်းမြင်သာမှု မရှိဟုဆိုကာ နိုဝင်ဘာ ၁၈ ရက်က လူစုလူဝေး ဖြစ်ပေါ်ခဲ့သည်။
ဖလံဗိုလ်ကျေးရွာနေ ပြည်သူများက ကျေးရွာအုပ်ချုပ်ရေးမှူးမှာ ထောက်ပံ့ငွေပေးအပ်ရာတွင် ပွင့်လင်းမြင်သာမှု မရှိဘဲ ထောက်ပံ့ငွေရရှိသည့် အိမ်ထောင်စုများမှာလည်း ထောက်ပံ့ငွေ အပြည့်အဝ ရရှိခြင်း မရှိကြောင်း မီဒီယာများသို့ ပြောကြားခဲ့ပြီး ယခုကဲ့သို့ ဖြစ်စဉ်အား သက်ဆိုင်ရာ ဌာနများထံ တင်ပြတိုင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
“ထောက်ပံ့ငွေပေးတဲ့အပေါ်မှာ ပထမအကြိမ်တုန်းက အပြည့်အဝရခဲ့တယ်။ ဒုတိယအကြိမ်မှာတော့ ပလိန်းစာရွက်ပေါ်မှာ လက်မှတ်ထိုးခိုင်းတယ်။ အပြည့်အဝမရဘူး။ အခုနောက်ဆုံး အကြိမ်မှာလည်း တစ်သောင်းခွဲပဲရတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး အနေနဲ့ ရွာအတွက် ထောက်ပံ့ငွေ ဘယ်လောက်ရတယ် အိမ်ထောင်စု ဘယ်လောက်ကိုဝေတယ် ဆိုတာလည်း ပွင့်လင်းမြင်သာစွာ မပြောဘူး။ ဒီလိုပဲ ထောက်ပံ့ငွေရတဲ့ အထဲမှာ မရှိဆင်းရဲသားတွေ မရတာလည်းရှိတယ်။ မပါသင့်တဲ့သူတွေ ပါနေတာလည်းရှိတယ်။ ဒါကြောင့် ဒီကိစ္စကို သက်ဆိုင်ရာ ဌာနတွေကို တင်ပြတိုင်ကြားမှုတွေ လုပ်သွားမှာပါ” ဟု ဖလံဗိုလ်ကျေးရွာမှ ဦးညွန့်ဝင်းက ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ကာ ဖလံဗိုလ်ကျေးရွာရှိ သစ်ခေါက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးညီညီလွင်က “ပထမဆုံး အကြိမ်မှာ နိုင်ငံတော်က ချထားပေးတဲ့ စာရင်းအတိုင်း အတိအကျ နှစ်သောင်းနှုန်း ဝေခဲ့တဲ့အခါမှာ ပုံစံ ၁၀ မရှိလို့ အမှန်တကယ် ဆင်းရဲပြီး ကျန်နေခဲ့တဲ့ သူတွေက ကျွန်တော်တို့ဆီကို လာပြီး ပြောဆိုမှုတွေ ရှိခဲ့တယ်။ အဲဒီအတွက် ထပ်တိုးစာရင်း တင်ပြပေမယ့် နောက်တစ်ခါမှာလည်း နိုင်ငံတော်က အရင်စာရင်း အတိုင်းပဲ ချထားပေးတဲ့အတွက် ပိုက်ဆံထောက်ပံ့တဲ့ ဒုတိယအကြိမ်ကနေစပြီး နှစ်သောင်းရပိုင်ခွင့်ရှိတဲ့ သူတွေထဲက ၅၀၀၀ ဆီနှုတ်ပြီး စာရင်းမပါတဲ့ ၇၀ ဦးခန့်ကို ခွဲဝေပေးခဲ့တယ်။ အခုစတုတ္ထ အကြိမ်မှာလည်း ဒီလိုပဲပေးခဲ့တာပါ” ဟု ပြောကြားသည်။
သစ်ခေါက် ကျေးရွာအုပ်စုတွင် ဖလံဗိုလ် ကျေးရွာအပါအဝင် သစ်ခေါက်၊ ဖလံဗိုလ်၊ ချောင်းဆုံ၊ သာစည်၊ ဆည်ကတော်၊ စွယ်စုံစ သည့်ကျေးရွာခြောက်ရွာရှိပြီး ဖလံဗိုလ်ကျေး ရွာတစ်ရွာတည်းတွင် အိမ်ထောင်စုပေါင်း ၄၂၇ ခုရှိကြောင်း ၎င်းထဲမှ နိုင်ငံတော်မှ စာရင်းဖြင့် ထောက်ပံ့ငွေ ချထားပေးသည့် အိမ်ထောင်စု ၂၁၉ ခုရှိပြီး အုပ်ချုပ်ရေးမှူးမှ ထပ်တိုးကာ ပေးဝေထောက်ပံ့ခဲ့သည့် အိမ်ထောင် စု ၆၈ စုရှိရာ ကျပ်တစ်သောင်းခွဲနှုန်းဖြင့် ထောက်ပံ့ခဲ့သည့် အိမ်ထောင်စု စုစုပေါင်း ၂၈၇ ခု ရှိကြောင်းအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
နိုင်ငံတော်အစိုးရမှ ပုံမှန်မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ငွေကြေးထောက်ပံ့ခြင်း ကိစ္စနှင့် ပတ်သက်၍ တိုင်ကြားနိုင်ရန် မြို့နယ်အလိုက် တိုင်ကြားစာ ဖြေရှင်းရေးဌာနများ ဖွင့်လှစ်လက်ခံလျက်ရှိရာ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စဥ့်ကိုင်မြို့နယ် တိုင်ကြားစာဌာနသို့ မေးမြန်းခဲ့ရာတွင် နိုဝင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းအထိ သစ်ခေါက်ကျေးရွာအုပ်စုမှ တင်ပြတိုင်ကြားထားခြင်း မရှိသေးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
