Top News

မင်းပြားမြို့နယ်အတွင်း CPS ပိုးသတ်ဆေးကုမ္ပဏီမှ ဆေးပစ္စည်းများ တင်ဆောင်လာသော ယာဉ်အား AA အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် ဒဏ်ရာရရှိခဲ့ဟု တပ်မတော် ထုတ်ပြန်
24htopnews | November 29, 2024 12:12 AM CST

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းက CPS ပိုးသတ်ဆေး ကုမ္ပဏီမှ ဆေးပစ္စည်းများ တင်ဆောင်လာသောယာဉ်အား ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ယာဉ်မောင်းဖြစ်သူမှာ ပစ်ခတ်ခံရသည့် နေရာတွင်ပင် သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက်ဖြစ်သူမှာ လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။

 

ဖြစ်စဉ်မှာ အမ်းမြို့မှ စစ်တွေမြို့ဘက်သို့ CPS ပိုးသတ်ဆေးကုမ္ပဏီမှ ဝန်ထမ်းများဖြစ်သော ယာဉ်မောင်း ဦးနွယ်နွယ်မောင်နှင့် ယာဉ်နောက်လိုက် မောင်ဟိန်းထက်ဦး လိုက်ပါလာသည့် CPS ပိုးသတ်ဆေးကုမ္ပဏီမှ ဆေးပစ္စည်းများ တင်ဆောင်လာသည့် Hijet  အမျိုးအစား မော်တော်ယာဉ်အား ဧပြီ ၂၁ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဖားပြိုကျေးရွာ၏ တောင်ဘက် မီတာ ၅၀၀ ခန့်အကွာသို့အရောက်၌ AA အဖွဲ့က  လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပစ်ခတ်မှုကြောင့် ယာဉ်မောင်းဖြစ်သူမှာ နဖူးသို့ လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက်ဖြစ်သူ မောင်ဟိန်းထက်ဦးမှာလည်း ဝမ်းဗိုက်သို့ လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် မော်တော်ယာဉ်မှာ လမ်း၏ အနောက်ဘက်ရှိ သစ်ပင်အား ဝင်တိုက်၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

   

အဆိုပါဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးပြီး ဒဏ်ရာရရှိသူ မောင်ဟိန်းထက်ဦးအား မင်းပြားပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။

မင်းပြားမြို့နယ်တွင်ပင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ COVID-19 ရောဂါ စောင့်ကြည့်ခံရသူများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာများအား ရန်ကုန်မြို့သို့ ပို့ဆောင်ရန် ထွက်ခွာလာသည့် WHO ပိုင် UN တံဆိပ်ပါ မော်တော်ယာဉ်အား ဧပြီ ၂၀ ရက် ညနေပိုင်းတွင် မင်းပြားမြို့နယ် ရာမောင်ဇက်ဆိပ်အနီးတွင် AA အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် အရပ်သားဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

 

ထို့ပြင် မင်းပြားမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် သတင်းအရ မေလွမ်းကျေးရွာသို့ ရှာဖွေစစ်ဆေးမှုများဆောင်ရွက်စဉ် ဧပြီ ၂၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ကျေးရွာအတွင်းမှ အမျိုးသားတစ်ဦး ဆိုင်ကယ်စီးနင်းလာသည်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရန်တားမြစ်စဉ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ဆိုင်ကယ်အား ရပ်တန့်၍ တောင်ဘုတ်ကေကျေးရွာဘက်သို့ ထွက်ပြေးသွားသဖြင့် ထပ်မံခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

   

အဆိုပါဖြစ်စဉ်နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ လဲကျသေဆုံးနေသည့် အမျိုးသား တစ်ဦးနှင့်အတူ အနီးရှိဆိုင်ကယ်တူးဘောက်စ်အတွင်းမှ တရုတ်လက်ပစ်ဗုံး တစ်လုံး၊ ဓားတစ်လက်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

   

သေဆုံးသူနှင့်ပတ်သက်၍ မေလွမ်းကျေးရွာရှိ ဖခင်ဖြစ်သူ ဦးကျော်လှဦး၏ ပြောကြားချက်အရ သေဆုံးသူမှာ မောင်ကျော်ကျော်ဝင်း အသက် ၂၈ နှစ်ဖြစ်ကြောင်း၊ ၎င်းသည် လွန်ခဲ့သော ၁၃ နှစ်ခန့်က ကချင်ပြည်နယ်ဘက်သို့ ကျောက်တူးလုပ်ငန်း သွားရောက်လုပ်ဆောင် ခဲ့ပြီး ကျေးရွာသို့ ပြန်လည်ရောက်ရှိလာသည်မှာ ၆ လခန့်သာရှိသေးကြောင်း၊ ၎င်းသည် AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်သူဖြစ်ကြောင်း သိရှိရပြီး ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ မင်းပြားမြို့ရဲစခန်း၌ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

 

 


READ NEXT
Cancel OK