Top News

တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ စဝ်စံထွန်းလမ်းနှင့် တူးမြောင်းလမ်းရှိ Positive လူနာ Case-121 ၏ နေအိမ်ကို ညတွင်းချင်း Lockdown ပြုလုပ်
24htopnews | November 29, 2024 12:12 AM CST



ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ စဝ်စံထွန်းလမ်းနှင့် တူးမြောင်းလမ်းရှိ Positive လူနာ တွေ့ရှိခဲ့သော နေအိမ်ကို ညတွင်းချင်း Lockdown ပြုလုပ်ထားကြောင်း တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သတင်းရရှိသည်။

“မြို့မရပ်ကွက် Case-121 ပေ့ါ။ လက်ရှိတော့ လမ်းထက် သူ့နေအိမ်ပေ့ါ။ သီးသန့်နေထိုင်တဲ့ အဆောက်အဦး တစ်ခုဖြစ်ပါတယ်။ အဲဒီပေါ်မှာ လက်ရှိအနေအထားတော့ ကျန်းမာရေး ဝန်ကြီးဌာနကနေ သတ်မှတ်တဲ့ ပုံစံအတိုင်းပဲ Lockdown ဆိုတာလည်း သတ်မှတ်တဲ့ ဧရိယာပေ့ါ။ ဆောင်ရွက်ဖို့ လိုအပ်တဲ့ ဧရိယာကို Lockdown ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ 121 ကို ဆေးရုံမှာ သွားရောက် ကုသနိုင်ရေး အတွက် ၉ နာရီ ၄၅ မိနစ်မှာ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ အတူနေတာတော့ အဖေရှိတယ်။ အဘိုးနဲ့ အဘွား ရှိတယ်။ လေးယောက်နေတာ ဖြစ်ပါတယ်။ လမ်းကိုတော့ ဆောင်ရွက်ဖို့ ညွှန်ကြားထားတာ မရှိပါဘူး။ နေအိမ်ကို Lockdown လုပ်ရန်အတွက် ညွှန်ကြားလာတာ ဖြစ်တဲ့အတွက် ၁၀ နာရီခွဲမှာ Lockdown အမိန့် ထုတ်ပြန်ထားတာ လက်ရှိ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ မနက်ဖြန်မှာတော့ သူ့အဖေ အဘိုး အဘွား တို့ကို ဓါတ်ခွဲနမူနာများ ရယူပြီးတော့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဆောင်ရွက်မှုအပေါ် မူတည်ပြီး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခု လက်ရှိ ယေဘူယျ ထိတွေ့ထားသူတွေကို စာရင်းရရှိထားပြီး ဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေကိုလည်း နေအိမ်ထဲကနေ အပြင်ကို မထွက်ဘူး။ သက်ဆိုင်ရာ ရပ်ကွက်မှာရှိတဲ့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီကနေတဆင့် သက်ဆိုင်ရာ စေတနာ့ဝန်ထမ်းတွေ ပေါင်းစပ်ပြီးတော့ နေအိမ်အပြင်မထွက်ဘဲ မိမိတို့ နေရာတွေမှာနေဖို့ ဆောင်ရွက်ထားပါတယ်။ လက်ရှိမှာလည်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ပြောကြားသည်။

အဆိုပါ Case-121 သည် အသက် (၂၁) နှစ်အရွယ်ရှိသော မိန်းကလေး တစ်ဦးဖြစ်ပြီး၊ အင်္ဂလန်မှ ပြန်လာခြင်းဖြစ်ကာ ရန်ကုန်တွင် Quarantine ၁၄ ရက် ပြည့်ပြီဖြစ်သဖြင့် တောင်ကြီးမြို့သို့ ဧပြီလ ၅ ရက်တွင် ရောက်ရှိလာခြင်းဖြစ်ပြီး၊ အဖျားမရှိ ချောင်းဆိုး၊ နာကျင်ကိုက်ခဲခြင်း မရှိဘဲ အနံ့အရသာ ခံစားမှု ခံစားနေရသဖြင့် (၁၅-၄-၂၀၂၀) ရက်နေ့လည်(၁) နာရီတွင် ဖခင်ဖြစ်သူနှင့်အတူ စဝ်စံထွန်းဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ စဝ်စံထွန်းဆေးရုံကြီး တာဝန်ရှိသူမှ ဆေးစစ်ချက်အတွက် ကိရိယာလုံလောက်မှု မရှိကြောင်း ပြောကြားပြီး သောက်ဆေးပေး၍ နေအိမ်သို့ ပြန်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် (၁၉-၄-၂၀၂၀) ရက်နေ့တွင် အဆိုပါ မိန်းကလေး၏ နှာခေါင်းတို့ဖတ်စများကိုယူပြီး စစ်ဆေးကြည့်ရာတွင် ဧပြီလ(၂၁) ရက် ည (၈) နာရီအချိန်တွင် MOHS ထုတ်ပြန်ချက်အရ Positive case-121 ဖြစ်နေသည်ကို သိရှိခဲ့ရကြောင်း မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်သန်းလေးက ပြောကြားသည်။

“အခု တူးမြောင်းလမ်းနဲ့ စဝ်စံထွန်းလမ်းမှာရှိတဲ့ ကောင်မလေး (၁၂၁) ကျန်းမာရေးက ထုတ်ပြန်လိုက်တာ Positive တွေ့တယ်လို့ ပြောတယ်။ လန်ဒန်ကနေ ပြန်လာတာ ရန်ကုန်မှာလည်း ၁၄ ရက်နေပြီးပါပြီ။ တောင်ကြီးမြို့ကို ရောက်ချိန်မှာ ၁၃ ရက်ကို အိမ်မှာ Home Stay ထားတယ်။ အားလုံးပေါင်း ၂၇ ရက် ပြည့်ချိန် ရပ်ကွက်ကို အကြောင်းကြားချိန်မှာ ကျွန်တော်က လက်မှတ်တွေယူတယ်။ နှာခေါင်းမှာ အနံ့အရသာ မရှိဘူး ပြောတယ်။ စဝ်စံထွန်း ဆေးရုံကိုသွားပြီး စစ်ဆေးပါ၊ ဆေးရုံကနေ အိမ်မှာ ၇ ရက်နေပေးဖို့ ထူးခြားမှုရှိမှ ဆက်သွယ်ပြီး စီစဉ်မယ်ဆိုလို့ ကျွန်တော်က စိတ်မချလို့ ပြည်နယ်ဝန်ကြီးချုပ်ကိုလည်း တင်တယ်။ မြို့နယ် ခရိုင်ကိုလည်း အဆင့်ဆင့် စာတင်ပြီးတော့ လူနာကောင်မလေးကို တရားဝင် စစ်ဆေးမှု ခံယူဖို့အတွက် တင်လိုက်တဲ့အတွက် ၁၉ ရက်နေ့ ညနေ ၆ နာရီမှာ အထက (၁၁) မှာ ကလေးမကို ကားတစ်စီး၊ ဖခင်နဲ့အတူ ကားတစ်စီး သွားစစ်ဆေးပြီး ဒီနေ့မှာ အဖြေထွက်တာ သိရပါတယ်။ ဒီနေ့ည လောလောဆယ် တူးမြောင်းလမ်းနဲ့ စဝ်စံထွန်းလမ်း မြို့မနယ်မြေ (၁၂) အပိုင်မှာ Lockdown ချဖို့ စီစဉ်နေတယ်။ ဒီမှာအားလုံး အဖွဲ့စုံ ပူးပေါင်းဆောင်ရွက် နေပါတယ်” ဟု မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်သန်းလေးက ပြောကြားသည်။

 


READ NEXT
Cancel OK