Top News

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID- 19 နှင့်ပတ်သက်သော သတင်းအချက်အလက်များကို လုံးဝထိမ်ချန်ခြင်းမရှိဘဲ ပွင့်လင်းမြင်သာစွာ ပေးအပ်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
24htopnews | November 29, 2024 12:12 AM CST

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID- 19 နှင့်ပတ်သက်သော သတင်းအချက်အလက်များကို လုံးဝထိမ်ချန်ခြင်းမရှိဘဲ ပွင့်လင်းမြင်သာစွာ ပေးအပ်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီး / ပြည်နယ်များ ၌ COVID- 19 ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ဆောင်ရွက်မှုအခြေအနေများ ခြုံငုံဆန်းစစ်ခြင်း အစည်းအဝေး၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ဇန်နဝါရီ ၄ ရက်မှစ၍ COVID- 19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ရာတွင် ယင်းရောဂါအသစ်၏ ဖြစ်စဉ်ပြောင်းလဲမှုပုံစံ၊ ပြောင်းလဲလာသော ရောဂါဖြစ်ပွားမှုနှင့် ရောဂါကူးစက်ပျံ့နှံ့မှုပုံစံများနှင့်အညီ နည်းဗျူဟာများ မွမ်းမံပြောင်းလဲ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ်ဦးပိုင်း၌ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့စဉ်က ဝန်ကြီးဌာနသည် လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းများ ရေးဆွဲခြင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးစီမံချက်ပုံစံ ရေးဆွဲချမှတ် ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ဖြစ်ပေါ်လျက်ရှိသောရောဂါနှင့် ပတ်သက်သည့်  ကပ်ရောဂါဗေဒဆိုင်ရာ အခြေအနေအဝဝကို အနီးကပ်အသေးစိတ် သုံးသပ်လျက်ရှိပြီး  လိုအပ်လျှင် လိုအပ်သလို နည်းဗျူဟာအချို့ကို မွမ်းမံပြင်ဆင်ချမှတ်၍ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့ပြင် ယခုအခါ ဆေးရုံများတွင် COVID- 19 လူနာများကို ကုသမှုနှင့် လူနာများနှင့်ထိတွေ့သူများအား ရှာဖွေဖော်ထုတ်ခြင်းတို့သည် ပထမဦးစားပေးအဆင့် ဖြစ်လာပြီဖြစ်ကြောင်း၊ လူနာများနှင့်ထိတွေ့ခဲ့သူများ ရှာဖွေဖော်ထုတ်ခြင်းတွင် ပြည်သူနှင့် လူမှုရေးအဖွဲ့အစည်းများ၌ အခန်းကဏ္ဍသည် အလွန်မြင့်မားပြီး မရှိမဖြစ်လို အပ်ပါကြောင်း၊ လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများ၊ တစ်ကိုယ်ရေကူးစက်ရောဂါ ကာကွယ်ရေးဝတ်စုံနှင့် အသုံးအဆောင်များအား အသုံးပြုမှုနှုန်းထားပုံစံများကို လေ့လာ၍ သိပ္ပံနည်းကျတွက်ချက်ပြီး လျော့နည်းကုန်ဆုံးလာမည့်ပမာဏနှင့် ထပ်မံလိုအပ်နိုင်သည့် ပမာဏတို့ကို အချိန်နှင့်တစ်ပြေးညီ ကြိုတင်မှာကြားရန်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းသို့ ပြန်လာသည့် မြန်မာနိုင်ငံသားများအား အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများကို စနစ်တကျ ကြိုတင်ပြင်ဆင် စီမံခန့်ခွဲမှုသည် အထူးအရေးကြီးကြောင်း၊ ယခုအခါ ရောဂါပျံ့နှံ့မှုပုံစံ သိရှိရန်အတွက် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုရာနေရာများမှ ဓာတ်ခွဲနမူနာများ ပိုမိုရယူ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် COVID- 19 နှင့် ပတ်သက်သော သတင်းအချက်အလက်များကို လုံးဝထိမ်ချန်ခြင်းမရှိဘဲ ပွင့်လင်းမြင်သာစွာ ပေးအပ်လျက်ရှိကြောင်း စသည်တို့ကို ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

COVID- 19 ရောဂါ အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသူရှစ်ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ပိုးတွေ့ရှိသူ စုစုပေါင်း ၁၁၉ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီ ၂၀ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

 

 

 


READ NEXT
Cancel OK