Top News

ယခုနှစ် မိုးဦး၊ မိုးလယ်၊ မိုးနှောင်းကာလများတွင် တစ်နိုင်ငံလုံး၌ မိုးနည်းပြီး အပူချိန်မြင့်မားနိုင်
24htopnews | November 29, 2024 12:12 AM CST

ယခုနှစ် မိုးဦး၊ မိုးလယ်၊ မိုးနှောင်းကာလများတွင် တစ်နိုင်ငံလုံး၌ မိုးနည်းပြီး အပူချိန် မြင့်မားနိုင်သည်ဟု မိုးလေဝသ ပညာရှင်များက ပြောကြားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဧပြီ ၂၀ ရက်က Video Conference ဖြင့် မိုးရာသီကာလအတွင်း ဖြစ်ပေါ်နိုင်သော သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် COVID-19 ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို ထည့်သွင်းစဉ်းစား ဆောင်ရွက်နိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပညာရှင်များက ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က အစည်းအဝေးမှာ ဆွေးနွေးခဲ့တာက ယခုနှစ် ထူးခြားမိုးလေဝသ အခြေအနေ ဖြစ်ပေါ်နေပြီးတော့ ယခင်နှစ်များနဲ့ ကွဲပြားနေတယ်။ အထူးသဖြင့် ရက်ရှည်ခန့်မှန်းချက် ဗဟိုဌာနအများစုက ယခုနှစ် မိုးဦးညံ့ခြင်း၊ မိုးလယ်မှာ ပုံမှန်ထက်လျော့နိုင်ပြီး မိုးနှောင်းမိုးလည်း ပုံမှန်ခန့်သာ ရှိနိုင်တဲ့အတွက် စိုက်ပျိုးရေးကို ထိခိုက်နိုင်တယ်။ မိုးကာလ နည်းနိုင်တဲ့အတွက် အဓိက မြစ်ကြီးများမှာ ရေကြီးမှုလျော့နည်း သက်သာနိုင်ပေမဲ့ နေရာကွက်၍သော် လည်းကောင်း၊ ဒေသကျဉ်းမှာ သော်လည်းကောင်း မိုးသည်းထန်ခြင်းဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ခြေ များတဲ့အတွက် လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်း၊ လမ်းပန်းပြတ်တောက်ခြင်း၊ အိုးအိမ်များ ထိခိုက်ခြင်းတွေကို အထူးအလေးထား ပြင်ဆင်ရှောင်ရှားဖို့ တင်ပြခဲ့တယ်” ဟု အမျိုးသား သဘာဝဘေး အကြံပေးအဖွဲ့ အတွင်းရေးမှူး၊ မိုးလေဝသ ပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။

အစည်းအဝေးသို့ တက်ရောက်လာကြသည့် အကြံပေးအဖွဲ့ဝင် ပညာရှင်များက ဆွေးနွေးကြရာ ယခုနှစ်အတွက် မိုးကြိုကာလ၊ မိုးလယ်၊ မိုးနှောင်းကာလများ၌ ဖြစ်ပွားနိုင်သည့် ရာသီဥတု အခြေအနေများနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး အတိုင်းအတာတွင် မိုးနည်းပြီး အပူချိန်မြင့်မားနိုင်ကြောင်း၊ သောက်သုံးရေ ရှားပါးမှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း၊ ရေကြီးမှု ကျယ်ကျယ်ပြန့်ပြန့် ကြီးကြီးမားမား မဖြစ်နိုင်သော်လည်း နေရာကွက်၍ မိုးကြီးခြင်းကြောင့် ရေစီးကြောင်း ပိတ်ဆို့ပြီး လျှပ်တစ်ပြက်ရေကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းကြောင့် မြေပြိုခြင်းများ ဖြစ်ပွားနိုင်ကြောင်း၊ ဆည်မြောင်းများ ရေဝင်နည်းပြီး စိုက်ပျိုးရေးအတွက် အခက်အခဲများ ကြုံတွေ့နိုင်ကြောင်း၊ အပူရှိန်ပြင်းထန်မှုကြောင့် လေပြင်းများ တိုက်ခတ်နိုင်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပွားနိုင်ကြောင်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ကမ်းရိုးတန်းဒေသများတွင် မုန်တိုင်းများ ကျရောက်နိုင်သည့် ကြိုတင်ခန့်မှန်းချက်များရှိရာ ယခုကဲ့သို့ COVID-19 ဖြစ်ပွားလျက်ရှိသော ကာလတွင် သဘာဝဘေး တုံ့ပြန်မှုများ အနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေး ကိစ္စများ၊ Quarantine နေရာများ၊ နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်သည့် မြို့နယ်များ၊ နေရာများနှင့် COVID-19 ကူးစက်ရောဂါ ကုသနေသည့် နေရာများတွင် သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများ၊ ကယ်ဆယ်ရေးစခန်းများတွင် နေရာချထားရာ၌ COVID-19 ကူးစက်ရောဂါ သတ်မှတ်ချက်၊ လမ်းညွှန်ချက်များနှင့်အညီ ဖြစ်စေရေး၊ ထောက်ပံ့ရေး ပစ္စည်းများတွင် COVID-19 ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်ရေးပစ္စည်းများကိုပါ ထည့်သွင်း စဉ်းစားရေး၊ ကယ်ဆယ်ရေးစခန်းများ၌ ရေလုံလောက်စွာ ရရှိရေးနှင့် ရေသန့်စင်နိုင်ရေးကိစ္စများ၊ သဘာဝဘေး အန္တရာယ်နှင့် COVID-19 ကူးစက်ရောဂါဆိုင်ရာ အသိပညာဖြန့်ဝေခြင်း၊ ဆည်မြောင်းတာတမံနှင့် စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဘဏ္ဍာငွေသုံးစွဲရေးနှင့် လုပ်ငန်းစီမံချက် ကြိုတင်ပြင်ဆင်ရာတွင် COVID-19 ဖြစ်စဉ်နှင့် ဆက်စပ်၍ ဆောင်ရွက်သင့်သည်ဟု ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 


READ NEXT
Cancel OK