ယခုနှစ်ထဲတွင် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်ခဲ့သည့်ပုံစံသည် ရန်လိုသည့်အပြင် ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။ နိုဝင်ဘာ ၂ ရက်တွင် မြောက်ကိုရီးယားက ပင်လယ်ထဲသို့ ဒုံးကျည် ၂၃ စင်းထက်မနည်း ပစ်လွှတ်ခဲ့ခြင်းသည် တစ်ရက်အတွင်း ဒုံးကျည်အစင်းရေ အများဆုံးပစ်လွှတ်မှုဖြစ်ခဲ့သည်။ ယင်းတို့အနက်မှ ဒုံးကျည်တစ်စင်းသည် တောင်ကိုရီးယားကမ်းလွန်သို့ ပထမဆုံးအကြိမ်ကျရောက်ခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း မြောက်ကိုရီးယားက စမ်းသပ်ခဲ့သော ဒုံးကျည်များသည် ဒေသတွင်း နိုင်ငံများကို ပစ်မှတ်ထားရန် ရည်ရွယ်သော တာတိုပစ်ဒုံးကျည်မှသည် အမေရိကန်ပြည်ထောင်စုအား ပစ်ခတ်နိုင်သော အကြီးစားတိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များအထိ ထိရောက်မှုအကွာအဝေးမျိုးစုံဖြစ်သည်။
အဆိုပါအချက်သည်ပင် တစ်ကမ္ဘာလုံး၏ အာရုံစိုက်စရာဖြစ်လာခဲ့သည်။ မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက် အသုံးပြုမည်ဆိုပါက ၎င်း၏အစိုးရသည်သာ ပျက်သုဉ်းခြင်းဆီသို့ ဦးတည်လိမ့်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၃ ရက် ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီးနှင့် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးတို့က ပြတ်ပြတ်သားသား ပြောဆိုခဲ့သည်။ ယင်းသည် မကြုံစဖူးမှှတ်ချက်စကားလည်းဖြစ်သည်။
■ မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုများကို အဘယ်ကြောင့် ဆက်တိုက်လုပ်ဆောင်နေသနည်း
မြောက်ကိုရီးယားအနေဖြင့် ၎င်းတို့၏ လက်နက်စမ်းသပ်မှုများကို ရုတ်ခြည်းအရှိန်မြှင့်တင်လာသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ငြင်းခုံဆွေးနွေးမှု အများအပြားရှိနေသည်။
ယင်းနှင့်ပတ်သက်၍ ဖြစ်နိုင်ဖွယ်အကြောင်းရင်းအချို့ ရှိနေသည်။ အမေရိကန်နှင့် တောင်ကိုရီးယားတို့က အကြီးစားစစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်နေခြင်းသည်လည်း အကြောင်းရင်းတစ်ရပ်ဖြစ်နိုင်သည်။ ထိုကဲ့သို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် မိမိတို့ကို ကျူးကျော်တိုက်ခိုက်ရန် လေ့ကျင့်နေခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားက အခိုင်အမာပြောဆိုထားပြီး လက်တုံ့ပြန်မှုများကိုလည်း အမြဲတစေပြုလုပ်လေ့ရှိသည်။
ထို့အပြင် တောင်ကိုရီးယားသည် ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတ မွန်ဂျေအင်းထက် များစွာသဘောထား ပိုမိုတင်းမာသည့် ကွန်ဆာဗေးတစ်ဝါဒီ သမ္မတသစ်တစ်ဦးကို ရွေးကောက်တင်မြှောက်ခဲ့သည်။
အမေရိကန်ပြည်ထောင်စုက နိုဝင်ဘာ ၈ ရက် အစိုးရသက်တမ်းဝက် ရွေးကောက်ပွဲအတွက် အရှိန်မြှင့် ပြင်ဆင်နေချိန်နှင့် တရုတ်က အောက်တိုဘာလထဲတွင် အထင်ကရပါတီညီလာခံ ကျင်းပခဲ့ခြင်းကဲ့သို့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း၏ အဓိကပလေယာများက ၎င်းတို့၏ပြည်တွင်းရေးကိစ္စရပ်များအပေါ် အာရုံစိုက်နေချိန်တွင် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများ ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။
သမ္မတဘိုင်ဒင် အစိုးရသည်လည်း ယခင်သမ္မတ ဒေါ်နယ်ထရန့်နှင့် နှိုင်းယှဉ်လျှင် မြောက်ကိုရီးယား အရေးနှင့်ပတ်သက်၍ ကြိုးပမ်းအားထုတ်မှု နည်းပါးနေခဲ့သည်။ မြောက်ကိုရီးယားအနေဖြင့် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများမှာ အလွန်အထိနာစေသည့်အတွက် အဆိုပါဒဏ်ခတ်မှုများ ပြန်ရုပ်သိမ်းရေးကို အပူတပြင်းအလိုရှိနေခြင်းကြောင့် ၎င်းအပေါ် အမေရိကန်၏အာရုံစိုက်မှု ပြန်ရလာစေရန် ကြိုးပမ်းနေခြင်း ဖြစ်နိုင်သည်။
ယခင်အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်လက်ထက်တွင် ဆွေးနွေးညှိနှိုင်းမှုများ မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် မြောက်ကိုရီးယားသည် ၎င်းအပေါ်စီးပွားရေးပိတ်ဆို့မှုများကို ချေဖျက်ရန်အတွက် အမေရိကန်နှင့် ၎င်းအပေါ် ဒဏ်ခတ်ပိတ်ဆို့နေသည့် နိုင်ငံများအား လက်နက်စမ်းသပ်မှုများ၊ ခြိမ်းခြောက်မှုများဖြင့် လက်တုံ့ပြန်မည့် နောက်ထပ်နည်းလမ်းတစ်ခုကို တွေးဆခဲ့ပုံရသည်။
ဘိုင်ဒင်အစိုးရက မြောက်ကိုရီးယားနှင့် ဆွေးနွေးလိုသည့် သဘောထားကို ပြသခဲ့သော်လည်း မြောက်ကိုရီးယားက ယင်းကို ပယ်ချခဲ့သည်။ မြောက်ကိုရီးယားအနေဖြင့် အကြမ်းပတမ်းဆန်သော သံတမန်ရေးမဟာဗျူဟာကို အခိုင်အမာ ကျင့်သုံးလာခဲ့ဟန်တူသည်။ ယင်းမဟာဗျူဟာသည် ဒုံးကျည် စမ်းသပ်မှု အမြောက်အမြား ပြုလုပ်ခြင်းနှင့် ဖြစ်လာဖွယ်ရှိသော နျူကလီးယား စမ်းသပ်မှုတို့ လုပ်ဆောင်ကာ တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန် မဟာမိတ်သုံးနိုင်ငံကို အဆက်မပြတ် ဖိအားပေးပြီး ၎င်းတို့ဘက်က တင်းမာမှုများ မြင့်တက်မလာအောင် ရှောင်လွှဲသည့်အနေဖြင့် မတတ်သာသည့်အဆုံး အလျှော့ပေး လိုက်လျောရမည့် အခြေအနေကို ဖန်တီးရန်ဖြစ်သည်။
ထိုကဲ့သို့ ဒုံးကျည်စမ်းသပ်မှုများနှင့် လုပ်ဆောင်ဖွယ်ရှိသော နျူကလီးယား စမ်းသပ်မှုတို့သည် ကာလလတ် အတိုင်းအတာအားဖြင့် ကင်မိသားစု၏ အာဏာစက်တည်မြဲရေးကိုလည်း အထောက်အပံ့ဖြစ်စေမည် ဖြစ်သည်။ မြောက်ကိုရီးယား၏ သမားရိုးကျစစ်အင်အားသည် ကြီးမားသော်လည်း နည်းပညာပိုင်းအရ အမေရိကန်၊ တောင်ကိုရီးယားတို့နှင့် မယှဉ်သာအောင် ခေတ်နောက်ကျလျက်ရှိသည်။
မြောက်ကိုရီးယားအနေဖြင့် သမားရိုးကျအင်အားချိန်ခွင်လျှာ တဖြည်းဖြည်းယိမ်းယိုင်လာချိန်တွင် တုံ့ပြန်ကာကွယ်ရန် ခက်ခဲသောဒုံးလက်နက်များနှင့် နျူကလီးယားလက်နက်များက အမေရိကန်၏ လက်ဦးမှုယူ တိုက်ခိုက်မှုမှန်သမျှကို ဟန့်တားရာတွင် အထောက်အကူပေးနိုင်လိမ့်မည်ဖြစ်သည်။
■ အိမ်နီးချင်းနိုင်ငံများ၏ အချုပ်အခြာအာဏာအပေါ် အလေးမထားမှု မြင့်တက်လာ
မြောက်ကိုရီးယားသည် ကိုရီးယားနှစ်နိုင်ငံနယ်စပ်အနီး၌ ဒုံးကျည်စမ်းသပ်မှုများနှင့်အခြားသော ရန်စသည့် လုပ်ရပ်များကို ကာလကြာမြင့်စွာ ပြုလုပ်ခဲ့သည်။
သို့ရာတွင် လတ်တလောပြုလုပ်ခဲ့သည့် လက်နက်စမ်းသပ်မှုများတွင် နောက်ထပ်အခြင်းအရာသစ်တစ်ခု ပါဝင်နေသည်။ ယင်းမှာ ဂျပန်နှင့် တောင်ကိုရီးယားတို့၏ ဝေဟင်ပိုင်နက်ကို ပြောင်ပြောင်တင်းတင်း ထိပါးချိုးဖောက်မှုပင်ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်က မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများသည် တောင်ကိုရီးယားရေပိုင်နက်ထဲသို့ ပထမဆုံးအကြိမ် ကျရောက်ခဲ့သည့်အတွက် တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုက ၎င်းစမ်းသပ်မှုသည် ပိုင်နက်ကျူးကျော်မှုဖြစ်သည်ဟု ဒေါသတကြီး အပြစ်တင်ခဲ့သည်။
ပြီးခဲ့သည့်လထဲတွင် မြောက်ကိုရီးယားက ကြိုတင်သတိပေးခြင်းမရှိဘဲ ဂျပန်နိုင်ငံကိုကျော်၍ ဒုံးကျည်တစ်စင်း ပစ်လွှတ်စမ်းသပ်ခဲ့ပြီး ယင်းသည် ဂျပန်၏အချုပ်အခြာအာဏာကို ပေါ်ပေါ်ထင်ထင် ထိပါးခြင်းလည်း ဖြစ်သည်။ ယခင်သီတင်းပတ်ထဲတွင် မြောက်ကိုရီးယားက ယင်းကဲ့သို့ ဒုံးကျည်စမ်းသပ်မှုကို ထပ်မံလုပ်ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း စမ်းသပ်မှု မအောင်မြင်ခဲ့ပေ။
ယင်းနှင့်ပတ်သက်၍ စိုးရိမ်စရာကောင်းသည့်အချက်မှာ ဒုံးကျည်ပစ်လွှတ်မှု မအောင်မြင်ခြင်း သို့မဟုတ် ဒုံးကျည်ပျံသန်းစဉ် ချွတ်ချော်မှုတစ်ခုခု ဖြစ်ပွားခြင်းပင်ဖြစ်သည်။ ပြီးခဲ့သည့်လက လုပ်ဆောင်ခဲ့သည့် ဒုံးကျည်စမ်းသပ်မှုသည် ဂျပန်ကျွန်းစုကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့သော်လည်း ယခင်သီတင်းပတ်အတွင်း မအောင်မြင်ခဲ့သည့် ဒုံးကျည်စမ်းသပ်မှုတွင်မူ ၎င်းဒုံးကျည်သည် ဂျပန်နိုင်ငံအနီးသို့ မရောက်ရှိမီ၌ တစ်စစီ ပျက်စီးသွားခဲ့သည်။ အကယ်၍ ဒုံးကျည်တစ်စင်းသည် ဂျပန်ကိုဖြတ်ကျော်စဉ်အတွင်း ချွတ်ချော်မှုတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက ဒုံးကျည်အပျက်အစီး အစအနများ ဂျပန်နိုင်ငံထဲသို့ ကျရောက်ကာ လူသေဆုံးမှုများ ဖြစ်ပေါ်နိုင်ဖွယ်ရှိသည်။
ထိုအခြေအနေဖြစ်ပေါ်လာလျှင် ဂျပန်ဘက်က လက်တုံ့ပြန်နိုင်ခြေ ရှိမရှိကိုမူ ရှင်းရှင်းလင်းလင်း မသိနိုင်ပေ။ တန်ပြန်ပစ်ခတ်မှုများ လုပ်ဆောင်ရန် နိုင်ငံရေးအရ ဖိအားပေးမှုများ ရှိလာနိုင်ပြီး ယင်းကဲ့သို့ ဖြစ်မလာသည့် တိုင်အောင် ဂျပန်အနေဖြင့် ကာကွယ်ရေးအင်အား မြှင့်တင်ခြင်းနှင့် မြောက်ကိုရီးယားကို အလျင်အမြန် တိုက်ခိုက်နိုင်ရန်အတွက် ဒုံးလက်နက်တပ်ဖွဲ့ကို ကျယ်ကျယ်ပြန့်ပြန့် အင်အားဖြည့်တင်းခြင်းကဲ့သို့ အကျိုးဆက်များလည်း ဖြစ်ပေါ်လာဖွယ်ရှိသည်။
တောင်ကိုရီးယားတွင်လည်း အလားတူတွေးခေါ်ပုံမျိုး ရှိလာနိုင်သည်။ မြောက်ကိုရီးယားက တောင်ဘက်သို့ ဒုံးကျည်စမ်းသပ်မှုပြုလုပ်လာမည်ကို တောင်ကိုရီးယားကကာလ ကြာမြင့်စွာ စိုးရိမ်နေခဲ့သည်။ မြေပြင်သို့ ကျရောက်လာသည့် ဒုံးကျည်အစအနများကြောင့် လူသေဆုံးဒဏ်ရာရမှု ဖြစ်ပေါ်လာပါက ကိုရီးယားကျွန်းဆွယ်၌ လုံခြုံရေးဆိုင်ရာ အကျပ်အတည်းကို ဖြစ်ပေါ်စေလိမ့်မည်ဖြစ်သည်။ ထို့ထက်ပိုဆိုးရွားနိုင်သည့် အခြေအနေမှာ ဂျပန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံလုံးက ၎င်းတို့ကို အမှန်တကယ် တိုက်ခိုက်သည်ဟု အထင်မှားပြီး လက်တုံ့ပြန်လာနိုင်ခြင်းပင်ဖြစ်သည်။
အထက်ပါအခြေအနေများ ဖြစ်မလာခဲ့သည့်တိုင်အောင် မြောက်ကိုရီးယားက ယခုကဲ့သို့ ဒုံးကျည်စမ်းသပ်မှုများ အတောမသတ် လုပ်ဆောင်နေခြင်းသည် ပိုမိုရန်လိုသော နျူကလီးယားစမ်းသပ်မှု လုပ်ဆောင်ရန်အတွက် အရှိန်ယူမှု ဖြစ်နိုင်သည်။ မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ်နောက်ပိုင်းတွင် နျူကလီးယားလက်နက် စမ်းသပ်မှုကို လုပ်ဆောင်ခြင်း မရှိတော့ပေ။
တောင်ကိုရီးယားပြည်တွင်း၌ မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်များကို တန်ပြန်ယှဉ်ပြိုင်မည့် နျူကလီးယားလက်နက်တပ်ဆင်ရေးအတွက် ဆွေးနွေးမှုများ အရှိန်မြင့်တက်လာခဲ့သည်။ တောင်ကိုရီးယား ပြည်သူရာခိုင်နှုန်း ၇၀ က အဆိုပါနည်းလမ်းကို ထောက်ခံကြပြီး မြောက်ကိုရီးယားက ယခုနှစ်ထဲတွင် နျူကလီးယားစမ်းသပ်မှု လုပ်ဆောင်ခဲ့ပါက ထောက်ခံမှုရာခိုင်နှုန်း မြင့်တက်လာမည်မှာ ကျိန်းသေသလောက် ရှိနေသည်။
■ တောင်ကိုရီးယားနှင့် ဂျပန်တို့၏ တုံ့ပြန်မှု
မြောက်ကိုရီးယားသည် ဒုံးကျည်စမ်းသပ်မှုများကို မဆင်မခြင် ခပ်စိပ်စိပ်လုပ်ဆောင်လျက်ရှိပြီး နျူကလီးယား စမ်းသပ်မှုကိုပင် လုပ်ဆောင်ဖွယ်ရှိကာ တင်းမာမှုများ မြင့်တက်လာအောင် အသွင်ပုံစံသစ်ဖြင့် ပြုမူလုပ်ဆောင်နေသည်။ လက်ရှိအချိန်ထိ တောင်ကိုရီးယားနှင့် ဂျပန်တို့က ၎င်းတို့၏ လုံခြုံရေးအာ မခံချက်အတွက် မဟာမိတ် အမေရိကန်အပေါ်၌သာ အားထားနေဆဲဖြစ်ပြီး ၎င်းတို့ကိုယ်တိုင် ဒုံးလက်နက်နှင့် နျူကလီးယားလက်နက်တပ်ဆင်၍ လက်တုံ့ပြန်ခြင်း မပြုသေးပေ။
သို့ရာတွင် ထိုအခြေအနေအတိုင်း အမြဲတစေရှိနိုင်မည်မဟုတ်ပေ။ တောင်ကိုရီးယားနှင့် ဂျပန်မြို့ကြီးများသည် မြောက်ကိုရီးယား၏ ဒုံးကျည်ဖြင့် တိုက်ခိုက်နိုင်သည့် အန္တရာယ်မှ အကာအကွယ်ကင်းမဲ့နေခြင်းကြောင့် ဖြစ်သည်။
မြောက်ကိုရီးယားဘက်က အခြေအနေတင်းမာအောင် အဆက်မပြတ် လုပ်ဆောင်နေမှုကို ရပ်တန့်ခြင်းမရှိလျှင် သို့မဟုတ် ရပ်တန့်မည့် အရိပ်အယောင်မျိုး ပြသခြင်းမရှိလျှင် တစ်ချိန်ချိန်၌ တောင်ကိုရီးယားနှင့် ဂျပန်တို့သည်လည်း မြောက်ကိုရီးယားသင်္ဘောများကို ထိန်းသိမ်းခြင်း သို့မဟုတ် ၎င်းတို့ကိုယ်တိုင် နျူကလီးယားလက်နက်တီထွင်ခြင်းကဲ့သို့ ပိုမိုခက်ထန်သည့် နည်းလမ်းများဖြင့် တုံ့ပြန်လာပေလိမ့်မည်။
Ref:CNA
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
