Top News

သတိပြုပါ အဆုတ်ကင်ဆာ
24htopnews | November 29, 2024 2:12 AM CST

အဆုတ်ကင်ဆာသည် အဆုတ်အတွင်းရှိ ကလာပ်စည်းဆဲလ်များ ပုံမှန်ထက်လွန်ကဲစွာ ပွားများလာခြင်းကြောင့် ဖြစ်ပေါ်လာပါသည်။ ပုံမှန်အားဖြင့် အဆုတ်အတွင်းရှိ ဆဲလ်များသည် ကျန်းမာဖွံ့ဖြိုးသော အဆုတ်တစ်စုံအတွက် လိုအပ်သလောက်သာ အထိန်းအကွပ်များဖြင့် ပွားများပါသည်။ အဆုတ်ကင်ဆာ ဆဲလ်များမှာမူ အထိန်းအကွပ်မရှိဘဲ လျင်မြန်စွာ ပွားများသောကြောင့် အဆုတ်အတွင်း၌ မြစ်ပွားနာဖုများကို ဖြစ်ပေါ်စေပါသည်။ အဆုတ် ကင်ဆာသည် အဖြစ်အများဆုံး ကင်ဆာတွင် တစ်ခုအပါအဝင်ဖြစ်သည်။

ကမ္ဘာ့အဆုတ်ကင်ဆာဖြစ်ပေါ်မှုအခြေအနေ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက် နေ့ထုတ်ပြန်ချက်မှာ ၂၀၂၀ ခုနှစ် တွင် ကင်ဆာရောဂါဖြင့် လူဦးရေ ၁၀ သန်းခန့်သေဆုံးပြီး သေဆုံးမှုများတွင် ဦးဆောင်လျက်ရှိသည်။ ၂၀၂၀ ခုနှစ်တွင် အဆုတ်ကင်ဆာ ၂.၂၁ သန်းဖြစ်ပွားပြီး ရင်သားကင်ဆာပြီးလျှင် ဒုတိယအများဆုံးဖြစ်သည်။ အဆုတ်ကင်ဆာဖြင့် သေဆုံး သူမှာ ၁.၈၀ သန်းရှိသဖြင့် သေဆုံးမှုများတွင် ပထမအများဆုံးဖြစ်သဖြင့် ကမ္ဘာပေါ်တွင် ကင်ဆာဖြင့် သေဆုံးမှုများတွင် ဦးဆောင်လျက်ရှိသည်။

အမျိုးသားများတွင် အဆုတ်ကင်ဆာသည် ဖွံ့ဖြိုးဆဲနှင့်ဖွံ့ဖြိုးပြီး နိုင်ငံနှစ်ခုလုံးတွင် အဖြစ်အများဆုံး ကင်ဆာရောဂါများထဲတွင် ထိပ်ဆုံးနားတွင် ပါဝင်လျက်ရှိသည်။ အဆုတ်ကင်ဆာဖြစ်ပွားနှုန်းမှာ အမျိုးသမီးများတွင်လည်း ပိုမိုလာသည်ကို တွေ့ရပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ပိုမိုတွေ့ရပါသည်။ ဆေးလိပ်ဆေးရွက်ကြီးတို့နှင့် ဆက်စပ်သော ကင်ဆာရောဂါများသည် အမျိုးသားများတွင် ပိုမိုဖြစ်ပေါ်သည်ကို တွေ့ရသည်။

မြန်မာ့အဆုတ်ကင်ဆာဖြစ်ပေါ်မှု အခြေအနေ

အဆုတ်ကင်ဆာသည် မြန်မာနိုင်ငံတွင် အမျိုးသားများ၌ အဖြစ် အများဆုံးဖြစ်ပြီး အမျိုးသမီးများတွင် တတိယအများဆုံးဖြစ်သည်။ ကင်ဆာဖြင့်သေဆုံးသူ ငါးယောက်တွင် တစ်ယောက်မှာ အဆုတ်ကင်ဆာဖြစ်သည်။ ဆေးလိပ်သောက်သူသည် မသောက်သူထက် ၁၅ ဆမှ ၂၅ ဆ ပို၍အဆုတ်ကင်ဆာဖြစ်ရန် အလားအလာရှိသည်။

ရောဂါကင်းသောအဆုတ်

လူတို့အသက်ရှူသောအခါ လေသည် လည်ချောင်း၊ လေပြွန်မကြီးနှင့် ဝဲယာလေပြွန်များမှ အဆုတ်ထဲသို့ ရောက်သွားပါသည်။ ရှူသွင်းလိုက်သောလေမှ အောက်ဆီဂျင်ကို ခန္ဓာကိုယ်အတွက်အသုံးပြုပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပြန်ထုတ်လိုက်ပါသည်။ အသက်ရှူလမ်းကြောင်း လေပြွန်များရှိ ကလပ်စည်းများမှထုတ်သော အချွဲများသည် ပြင်ပမှဝင်လာသည့် အမှုန်အမွှားများကို ဖမ်းယူထားပါသည်။ လေပြွန်များရှိ အလွန်သေးငယ်သော အမွှေးအမျှင်များက အချွဲများကို ပြင်ပသို့တွန်းပို့ပြီး ထွက်သွားစေပါသည်။

ဆေးလိပ်ငွေ့ကြောင့် ပျက်စီးနေသောအဆုတ်

ဆေးလိပ်အမြဲသောက်လျှင် အသက်ရှူလမ်းကြောင်း၌ အချွဲများ ပိုမိုထွက်စေပါသည်။ အချွဲများ အလွန်အမင်းထွက်သဖြင့် အသက်ရှူလမ်းကြောင်းမှ သေးငယ်သောအမွှေးအမျှင်များ ပျက်စီးပြီး ပြင်ပမှဝင်လာသည့် အမှုန်အမွှားနှင့် ရောဂါပိုးများကိုပြင်ပသို့ မထုတ်နိုင်တော့ပါ။ ဆေးလိပ်အမြဲသောက်သူသည် အချွဲများကိုထုတ်ရန် မကြာခဏချောင်းဆိုးပါသည်။ အလွန်အမင်းချောင်းဆိုးသောကြောင့် အဆုတ်၏လေအိတ်ကလေးများ ပျက်စီးပြီး ကြာသောအခါ အဆုတ်ကင်ဆာ ဖြစ်လာစေပါသည်။

အဆုတ်ကင်ဆာဖြစ်စေသော အကြောင်းများ

(၁) ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာဖြစ်စေသော အရေးကြီးဆုံး အကြောင်းတစ်ရပ်ဖြစ်သည်။ အဆုတ်ကင်ဆာကြောင့် သေဆုံးသူအားလုံး၏ ၈၀% မှာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်သည်။ ၂၀% မှာ ဆေးလိပ်လုံးဝ မသောက်သူများဖြစ်သည်။ ဆေးလိပ်သောက်သည့်အချိန်ကာလ၊ သောက်သည့် အရေအတွက်၊ သောက်သုံးသည့် ဆေးလိပ်တွင် ကတ္တရာ (Tar) နှင့် နီကိုတင်း (Nicotin) များခြင်းသည် ကင်ဆာဖြစ်ခြင်းနှင့် တိုက်ရိုက်အချိုး ကျသည်။

(၂) စက်မှုလုပ်ငန်းကြောင့်ဖြစ်သော အန္တရာယ်များ

အန္တရာယ်ရှိသော ပတ်ဝန်းကျင်တွင် အလုပ်လုပ်မှု၊ ဓာတ်ပစ္စည်း၊ ဓာတ်သတ္တုများနှင့်ထိတွေ့ခြင်းတို့ကြောင့် ကင်ဆာဖြစ်ရန် အလားအလာ ပိုမိုများပြားစေပါသည်။

ဥပမာ - မီးခံပြားအမှုန့် (Asbestos)၊ ကျောက်မီးသွေးဓာတ်ငွေ့၊ ခရိုမိတ်၊ နီကယ်၊ အာစင်းနစ်၊ ကတ္တရာ၊ ကျပ်ခိုး၊ ဓာတ်ရောင်ခြည်ထွက် ပစ္စည်းများ တူးဖော်ခြင်း။

မီးခံပြားမှုန့်နှင့် ထိတွေ့မှုရှိသူများတွင် ဆေးလိပ်သောက်သော အလေ့အထရှိပါက အဆုတ်ကင်ဆာဖြစ်ရန် သာမန်လူထက် အဆပေါင်း (၄၀-၅၀) ပိုဖြစ်စေပါသည်။

(၃) တစ်ဆင့်ခံဆေးလိပ်ငွေ့  (Passive Smokers)

မိမိကိုယ်တိုင် ဆေးလိပ်မ သောက်ဘဲ အိမ်သားများသောက် သော ဆေးလိပ်ငွေ့ကို ရှူရှိုက်ရသူ များသည် အဆုတ်ကင်ဆာဖြစ်ရန် အလားအလာရှိပါသည်။

(၄) အဆုတ်တီဘီဖြစ်ဖူးသူများ

ယခင်ကအဆုတ်တွင် တီဘီ ရောဂါဖြစ်ဖူးသူများသည် အဆုတ်တွင် အမာရွတ်များကျန်ခဲ့ပါသည်။ ၎င်းင်းအမာရွတ်များမှ ကာလကြာသောအခါ အဆုတ်ကင်ဆာဖြစ်နိုင်ပါသည်။

(၅) ဓာတ်ရောင်ခြည်နှင့်ထိတွေ့ခြင်း

(၆) မိသားစုရာဇဝင်ရှိခြင်း

(၇) မျိုးရိုးဗီဇကြောင့်ဖြစ်ခြင်းတို့ ဖြစ်ကြပါသည်။

ရောဂါပျံ့နှံ့ပုံ

အဆုတ်မှတစ်ဆင့် အဆုတ် အမြှေးပါး၊ ရင်ခေါင်းနံရံ၊ အကြိတ်များ၊ အာရုံကြောများသို့ ပျံ့နှံ့ရောက် သွားပါသည်။ သွေးကြောများမှတစ်ဆင့် အသည်း၊ အရိုး၊ ဦးနှောက်၊ အခြားအဆုတ်နှင့် အရေပြားစသည့် အင်္ဂါများသို့ ပျံ့နှံ့ရောက်ရှိနိုင်ပါသည်။

ရောဂါလက္ခဏာများ

အမျိုးသားများသည် အမျိုးသမီးများထက် ပို၍ဖြစ်သည်။ အဖြစ်အများဆုံးအရွယ်မှာ အသက် (၅၀) မှ (၇၅) နှစ်အတွင်းဖြစ်သည်။

(၁) အစောဆုံးလက္ခဏာမှာ အဆက် မပြတ်ချောင်းဆိုးခြင်း

(၂) အသက်ရှူမဝခြင်း

(၃) သလိပ်ထဲတွင် သွေးစများပါခြင်း

(၄) ရင်ဘတ်/ပခုံး/နောက်ကြော အောင့်ခြင်း

(၅) မကြာခဏ အဆုတ်ပိုးဝင်ခြင်း

(၆) အချိန်တိုအတွင်း အကြောင်းမရှိဘဲ ကိ်ုယ်အလေးချိန်လျော့သွားခြင်း

(၇) နုံးခြင်း၊ အစားအသောက်ပျက်ခြင်း

(၈) အခြားအင်္ဂါအစိတ်အပိုင်းသို့ ရောက်ရှိသွားပါက ရောက်သည့်နေရာအလိုက် ရောဂါလက္ခဏာများ ပြပါသည်။

ဥပမာ။ ။ အသည်းကြီးခြင်း၊ အသားဝါခြင်း၊ အရိုးနာခြင်း၊ အရေပြားအကြိတ်ဖုထွက်ခြင်း၊ တက်ခြင်း တို့ဖြင့်လည်း လာတတ်ပါသည်။

ရောဂါရှာဖွေခြင်း

(၁) ရင်ခေါင်းဓာတ်မှန်ရိုက်ခြင်း

(၂) ရင်ခေါင်းကွန်ပျူတာဓာတ်မှန် ရိုက်ခြင်း (CT Scan)

(၃) ရင်ခေါင်းသံလိုက်ဓာတ်ကွင်း ပုံဖော်စက်ဖြင့် စမ်းသပ်ခြင်း (MRI)

(၄) အသက်ရှူလမ်းကြောင်းထဲသို့ မှန်ပြောင်းထည့်၍ ကြည့်ရှုစစ်ဆေးခြင်း၊ အသားစယူ၍ စစ်ဆေးခြင်း၊ နှာ ခေါင်း (သို့မဟုတ်) ပါးစပ်မှ မှန်ပြောင်း ထည့်ပြီး လေပြွန်မကြီးမှတစ်ဆင့် လေပြွန်လေးများထဲသို့ထည့်ပြီး ကြည့်ရှုစစ်ဆေးခြင်း။

(၅) သလိပ်တွင် ကင်ဆာဆဲလ်ရှိ မရှိ စစ်ဆေးခြင်း

(၆) လေပြွန်မကြီးမှ အရည်ကိုယူ၍ ကင်ဆာဆဲလ်ရှိ မရှိ စစ်ဆေးခြင်း။

(၇) ပျံ့နှံ့မှု ရှိမရှိကို အကြိတ်မှ အသားစယူ၍ စစ်ဆေးခြင်း၊ ရိုးတွင်းချဉ်ဆီစစ်ဆေးခြင်း၊ တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်ခြင်းများ ဆောင်ရွက်နိုင်ပါသည်။

ရောဂါကုသခြင်း

(၁) ခွဲစိတ်ကုသခြင်း။ ။ ကင်ဆာအကြိတ်သည် အဆုတ်တွင် တစ်နေရာတည်းတွင်ရှိလျှင် ခွဲစိတ်ဖယ်ရှားနိုင်ပြီး ရလဒ်လည်း ကောင်းပါသည်။ ခွဲစိတ်ပြီးလိုအပ်လျှင် ဓာတ်ရောင်ခြည်ပေးခြင်း၊ ကင်ဆာဆေးသွင်းခြင်း ပြုလုပ်ပါသည်။

(၂) ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း ။

ကင်ဆာရောဂါကို ကုသခြင်းနှင့် ခံစားနေရသော ဝေဒနာကို သက်သာအောင်ပေးခြင်းဖြစ်သည်။ ကင်ဆာဆေးသွင်းခြင်းနှင့် တွဲလုပ်ကြပါသည်။

(၃) ကင်ဆာဆေးသွင်းခြင်း။ ။

ကင်ဆာဆဲလ်များအခြားနေရာသို့ ပျံ့နှံ့ပွားမှုကို ဟန့်တားနိုင်ရန်အတွက်ပေးခြင်းဖြစ်သည်။ ဓာတ်ရောင်ခြည်နှင့်လည်း တွဲပေးပါသည်။

(၄) ကင်ဆာဆဲလ်များကိုသာ ဦးတည် နှိမ်နင်းသော ဆေးဝါးကုထုံး (Targeted Drugs Threapy) + ကင်ဆာ ဆေးသွင်းကုသခြင်း။

(၅) ကင်ဆာဆဲလ်များ၏ တုံ့ပြန်မှုအပေါ် ပြောင်းလဲစေသည့်ကုသခြင်း (Immouno Therapy)+ (Targeted Drugs Threapy) + ကင်ဆာဆေး သွင်းကုသခြင်းတို့ဖြစ်ကြပါသည်။

ရောဂါအလားအလာ (Prognosis)

အဆုတ်ကင်ဆာဖြစ်ပွားပါက ငါးနှစ်အတိ အသက်ရှင်နိုင်သူ ၁၀% ပင်မရှိကြောင်း သိရပါသည်။ စောစောသိပြီး မြန်မြန်ကုသမှုရရှိလျှင် ရလဒ်ပိုကောင်းပါသည်။

ရောဂါကြိုတင် ဆန်းစစ်ရှာဖွေခြင်း (Screening)

အဆုတ်ကင်ဆာဖြစ်နိုင်ခြေရှိသူများသည် စောစီးစွာရောဂါရှာဖွေခြင်းဖြင့် သေဆုံးမှုကို ၂၀% ထိ လျှော့ချနိုင်ပါသည်။ ယခင်က ဆေးလိပ်သောက်ဖူးသူ၊ ယခုသောက်နေသူများသည် ကျွမ်းကျင်သော ပညာရှင်များနှင့်တိုင်ပင်ပြီး ရောဂါကို ကြိုတင်ရှာဖွေသင့်ပါသည်။

ဆေးလိပ်ဆေးရွက်ကြီးနှင့် အဆုတ်ကင်ဆာ

ဆေးလိပ်သည် ဆေးရွက်ကြီးမှ ရပြီး ၁၉၈၀ ခုနှစ်တွင် လေ့လာသုတေသနပြုချက်များအရ ဆေးရွက်ကြီးတွင် ဓာတုဓာတ်အမျိုးပေါင်း ၃၀၄၀ ကျော်ပါပြီး ကင်ဆာဖြစ်စေသော ဓာတ်အမျိုးပေါင်းများစွာပါရှိ ပါသည်။ သုတေသနပြုမှုအရ အသက် ၃၅ နှစ်အရွယ် တစ်နေ့ဆေးလိပ် ၂၅ လိပ်အထက်သောက်သုံးပါက အသက် ၇၅ နှစ်မတိုင်မီ အ ဆုတ်ကင်ဆာနှင့် သေရန် ၁၃% ရှိကြောင်း တွေ့ရပါသည်။ ပင်မဆေးလိပ်ငွေ့သည် ဆေးလိပ်သောက်သူက ရှိုက်လိုက်ပြီးနောက် လေထဲသို့ ဖွာထုတ်လိုက်သော ဆေးလိပ်ငွေ့ ဖြစ်သည်။ ဘေးထွက်ဆေးလိပ်ငွေ့ (Side Stream)သည် အစီခံမှဖြတ် သန်းလာခြင်းမဟုတ်ဘဲ တိုက်ရိုက် ဆေးရွက်ကြီး မီးလောင်ပြီးထွက် လာသော အငွေ့ဖြစ်ပြီး ဓာတ်ပစ္စည်း အချိုးအဆ ပိုများပါသည်။ နီကိုတင်းနှင့် ကင်ဆာဖြစ်စေသော ဓာတ်ပစ္စည်းများ ပိုမိုပါဝင်ပါသည်။

အငွေ့ထွက်သော ဆေးရွက်ကြီးထွက်ပစ္စည်းများမှာ စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ပြောင်းဖူးဖက်လိပ်၊ ရေပြောင်းတို့ ဖြစ်ကြသည်။ ဆေးလိပ်မီးခိုးတွင် လက်ရှိသုတေသနပြု၍ အမျိုးအစားသတ်မှတ်နိုင်ခဲ့သော ဓာတုပစ္စည်းအမျိုး အစားပေါင်း ၄၀၀၀ ခန့်ပါရှိသည်။

ဆေးလိပ်၏ခန္ဓာကိုယ်ပေါ် သက်ရောက်မှု

ဆေးလိပ် စသောက်လိုက်သည်နှင့် သုံးစက္ကန့်အတွင်း လူ၏ခန္ဓာကိုယ်ကို စတင်အန္တရာယ်ပေးပါသည်။ အဆိပ်ဓာတ်ငွေ့များပါသော ဆေးလိပ်မီးခိုးများသည် အဆုတ်၊ နှလုံး၊ ဦးနှောက်နှင့် ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးသို့ ရောက်ရှိသွားသည်။ နှလုံးကို တစ်မိနစ်လျှင် ၁၅ ကြိမ်မှ ၂၅ ကြိမ်ထိ ပိုခုန်စေသည်။ သွေးပေါင်ချိန်ကို ၁၀ မှ ၂၀ ထိ မြင့်တက်စေသည်။ ဆေးလိပ်ငွေ့များသည် ခံတွင်းရှိ နုနယ်သော အမြှေးပါးလေးများကို ပျက်စီးစေသည်။ အဆုတ်အတွင်း၌ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့စေ၍ အဆုတ်အတွင်း၍ ကင်ဆာဖြစ်စေတတ်သော ဓာတုပစ္စည်းများကို ချန်ထားရစ်ခဲ့သည်။

ဆေးလိပ်ဖြတ်ခြင်း၏ အကျိုးကျေးဇူးများ

ဆေးလိပ်ဖြတ်ခြင်း၏ လက်ငင်းရလဒ်များမှာ ခန္ဓာကိုယ်ထဲတွင် အဆိပ်ဓာတ်ငွေ့များ သန့်စင်လာသည်။ ဆေးလိပ်ဖြတ်ပြီး မိနစ် ၂၀ တွင် သွေးပေါင်ချိန်နှင့်သွေးခုန်နှုန်း ပုံမှန်ဖြစ်လာသည်။ ရှစ်နာရီတွင် အောက်ဆီဂျင်ပမာဏ ပုံမှန်ရောက်လာသည်။ ၂၄ နာရီတွင် အဆုတ်အတွင်း ချွဲနှင့်အမှုန်များ ရှင်းစပြုလာ သည်။ ၄၈ နာရီတွင် နီကိုတင်းဓာတ် မရှိတော့ပါ။ အနံ့အရသာကောင်းလာသည်။ သုံးလမှ ကိုးလအကြာတွင် ချောင်းဆိုးရင်ကြပ်သက်သာလာပြီး အသက်ရှူချောင်လာသည်။ ၁၀ နှစ်မှ ၁၅ နှစ်ကြာလျှင် အဆုတ် ကင်ဆာဖြစ်ရန် အလားအလာမှာ နှစ်ဆသို့ ကျဆင်းသွားပါသည်။ ၁၅ နှစ်ကြာသောအခါ နှလုံးရောဂါဖောက်ခြင်းသည် လုံးဝမသောက်သူကဲ့သို့ ဖြစ်သွားသည်။ ဆေးလိပ်ဖြတ်လိုက်သည်နှင့် လူမှုရေး၊ ကျန်းမာရေး အကျိုးထူးများ ပြန်လည်ရရှိ ခံစားရပါသည်။

အဆုတ်ကင်ဆာနေ့ (World Lung Cancer Day)

၂၀၂၂ ခုနှစ် သြဂုတ်လ ၁ ရက် နေ့သည် အဆုတ်ကင်ဆာနေ့ဖြစ်သည်။ အများပြည်သူများ အဆုတ်ကင်ဆာကို ပိုမိုသတိပြုရန်၊ အဆုတ်ကင်ဆာသုတေသနအတွက် ရန်ပုံငွေများရရှိရန် လုပ်ဆောင်ကြပြီး ဆိုရှယ်မီဒီယာများသည် အဆုတ်ကင်ဆာသုတေသနာအဖွဲ့များ၊ အဆုတ်ကင်ဆာလူနာများနှင့် တွေ့ဆုံပြီး အဆုတ်ကင်ဆာနှင့်ပတ်သတ်၍ စံထားလောက်သော၊ နည်းယူရလောက်သော အကြောင်းအရာများကို လိုက်ဗ် (Live) လွှင့်၍ ဖြေကြားခြင်း စသည့်လှုပ်ရှားမှုများကို လုပ်ဆောင်ကြသည်။

ကာကွယ်ခြင်း

ရောဂါကိုမဖြစ်ခင် ကြိုတင် ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ကောင်းသည်ဆိုသည့်အတိုင်း အဆုတ်ကင်ဆာကို မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ပါသည်။ ကင်ဆာဖြစ်စေသော အကြောင်းရင်းအချက်များကို လျော့ပါးစေခြင်း၊ သို့မဟုတ် လုံးဝဖယ်ရှားခြင်းတို့ ဖြစ်ပါသည်။ အန္တရာယ်ရှိသောပတ်ဝန်းကျင်မှ တတ်နိုင်သမျှ ရှောင်ရှားခြင်း၊ ပြည်သူများမှ ဆေးလိပ်နှင့်ဆေးရွက် ကြီးထွက်ပစ္စည်းများကို အစလုပ်ပြီး သုံးစွဲခြင်းမပြုရန်၊ သုံးစွဲမိလျှင် အမြန်ဆုံးဖြတ်လျှင်၊ ကလေးများရှေ့တွင် ဆေးလိပ်သောက်ခြင်း၊ ဆေးလိပ်မီးညှိခိုင်းခြင်း၊ ဆေးလိပ်ဝယ်ခိုင်းခြင်းတို့ကို ရှောင်ကြဉ်ရန်၊ မိသားစုဝင်များ၊ မိတ်ဆွေများကို ဆေးလိပ်သောက်သုံးခြင်းမပြုရန် တိုက်တွန်း နိုးဆော်ခြင်းတို့ကို ကျန်းမာရေးအသိ၊ သတိရှိရှိဖြင့် ပါဝင်ဆောင်ရွက်ကြရပါမည်။ တစ်ဖက်မှလည်း နိုင်ငံများသည် မိမိတို့နိုင်ငံအလိုက် ရေးဆွဲထားသော ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေများအတိုင်းဆောင်ရွက်ခြင်းနှင့် ဆေးလိပ်ကင်းစင်သည့် ပတ်ဝန်းကျင်ဖြစ်ရန်အတွက် ဆေးလိပ်သောက်ခွင့်မရှိသော နေရာများ၊ ဆေးလိပ်သောက်ခွင့်ရှိသော နေရာများ သတ်မှတ်ခြင်းဖြင့် တစ်ဆင့်ခံဆေးလိပ် ရှူရှိုက်ရခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ ဆေးလိပ်အန္တရာယ်ကို ပြည်သူလူထုသိရှိရန် လူထုကျန်းမာရေးပညာပေးခြင်းများ၊ သတင်းအချက်အလက်များ ဖြန့်ဝေခြင်းများကို အောက်ခြေအထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြရပါမည်။

ဆေးလိပ်ဆေးရွက်ကြီး သောက်သုံးခြင်းကြောင့် နောက်ဆက်တွဲ ရောဂါများ ဖြစ်ပွားလာပါက ဆေးမြီးတိုနှင့်မကုဘဲ နီးစပ်ရာဆေးရုံ ဆေးခန်းနှင့် ကျန်းမာရေးဌာနများတွင် ဆောလျင်စွာပြသ၍စနစ်တကျ ကုသမှုကိုခံယူခြင်းဖြင့် အသက်ရှည်သော အခွင့်အရေး ပိုမိုရရှိမည်ဖြစ်သည်။

နိဂုံးချုပ်အားချုပ် လက်ရှိ ဆေးလိပ်သောက်သုံးမှုကို ထက်ဝက်လျှော့ ချနိုင်ပါက ၂၀၂၅ ခုနှစ်မတိုင်မီ လူဦး ရေသန်း ၂၀ မှ သန်း ၃၀ သေဆုံးမည့် အန္တရာယ်မှ ကာကွယ်နိုင်ပြီး ၂၀၅၀ မတိုင်မီ လူဦးရေ သန်း ၁၅၀ သေဆုံး မည့် အန္တရာယ်ကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။ ဆေးလိပ်သောက်သုံး နေမှုကို ရပ်တန့်လိုက်ခြင်းဖြင့် မိမိကိုယ်တိုင် အဆုတ်ကင်ဆာဖြစ်ပွားမည့် အန္တရာယ်ကို လျှော့ချနိုင်မည်ဖြစ်ပြီး မိသားစု၏ ဝန်ထုတ်ဝန်ပိုးနှင့် နိုင်ငံတော်၏ ဝန်ထုတ်ဝန်ပိုးကိုပါ လျှော့ချနိုင်မည်ဖြစ်ပါကြောင်း နိုဝင်ဘာလတွင် ကျရောက်သည့် ‘အဆုတ်ကင်ဆာသတိပြုလ’ အဖြစ် ရေးသားလိုက်ပါသည်။

ကိုးကား

(၁) WHO Website

(၂) Fact Sheet 2022 (Lung Cancer Research Foundation)

(၃) World Cancer Day (၂၀၀၆ ခုနှစ် ကျန်းမာရေးဝန်ကြီးဌာန)

(၄) ဆေးလိပ်အန္တရာယ် - (ကမ္ဘာ့ကျန်းမာရေးအဖွဲ့+ ကျန်းမာရေးဝန်ကြီးဌာန ဆေးလိပ်ကင်းဝေးရေးစီမံချက်)

(၅) အဆုတ်ကင်ဆာသိကောင်းစရာ လက်ကမ်းစာစောင် - (ကင်ဆာတိုက်ဖျက်ရေးစီမံချက်၊ ကျန်းမာရေးဝန်ကြီး ဌာန+WHO)


READ NEXT
Cancel OK