Top News

မလွှဲသာလို့သာ စွန့်စားပြီး သွားနေကြရတာပါ
24htopnews | November 29, 2024 2:12 AM CST

“ကျွန်တော်တစ်နေ့ကို ဘတ် ၄၀၀ ရတယ်။ အဲဒီနှုန်းထားက သာမန်လုပ်ခ ဘတ် ၃၅၀ ထက်များတယ်ဆိုပေမဲ့ လုံးဝတွက်ခြေမကိုက်ဘူး။ ထိုင်းမှာ မြန်မာနိုင်ငံသား အချင်းချင်းခေါင်းပုံဖြတ်တာ၊ ထိုင်းရဲတွေ လိုင်းကြေးကောက်တာ၊ ပွဲစားခဖြတ်တာတွေ၊ အိမ်ငှားခ၊ ဘတ်ကတ်၊ အလုပ်ရှာပေးခ စတဲ့မဖြစ်မနေကြုံတွေ့ရမယ့်ကိစ္စတွေအပြင် တခြားကုန်ကျစရိတ်တွေအများကြီးရှိသေးတယ်။ ကျွန်တော်ထိုင်းမှာ တစ်ပတ်လောက်အထိ အစမ်းသဘော သွားရောက်အလုပ်လုပ်ကြည့်တယ်။ ရပ်တည်လို့ မလွယ်တဲ့ အတွက်ပြန်လာခဲ့ရတယ်”လို့မြန်မာနိုင်ငံက ဘွဲ့ရပညာတတ်၊ လက်မှုလုပ်ငန်းကျွမ်းကျင်တဲ့ မောင်သိန်းနိုင်က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေးနှင့်ပတ်သက်ပြီး ကုန်စျေးနှုန်း တက်လာတာတွေ၊ စီးပွားရေးလုပ်ငန်းတွေမကောင်းတော့တဲ့အတွက် အလုပ်အကိုင်ရှားပါးလာပါတယ်။ အလုပ်အပ်မယ့်သူတွေ အရင်လိုမရှိတော့တဲ့အတွက် ထိုင်းနိုင်ငံမှာ သွားရောက်လုပ်ကိုင်ဖို့ ဆုံးဖြတ်ချက်ချထားတဲ့လူငယ်လေးဟာ ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကို သွားရောက်ပြီး အလုပ်အကိုင်ရှာဖွေဖို့ ထွက်သွားပါတယ်။

စဉ်းစားဆင်ခြင်ဉာဏ်အနည်းငယ်သုံးလိုက်ပြီး BP (Border Pass) စာအုပ်လေးလုပ်ကာ တရားဝင်သွားရောက်ခဲ့ပါတယ်။ သူ့စဉ်းစားလိုက်တာက တရားဝင်ပေးထားတဲ့ ရက်အနည်းငယ်အတွင်း အလုပ်အကိုင်တစ်ခု စမ်းသပ်လုပ်ကိုင်မယ်။ ထိုင်းမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အနေအထားကိုစူးစမ်းကြည့်မယ်။ အခက်အခဲတွေ၊ အားသာချက်တွေလေ့လာပြီးမှ ရေရှည်လုပ်ကိုင်မယ်ဆိုတဲ့စဉ်းစားမှုမျိုးပါ။

“ထိုင်းကိုရောက်ပြီးနောက် တစ်ရက်မှာအလုပ်ရတယ်။ အလုပ်က ပုတ်ပြတ်လုပ်ရတဲ့အလုပ်မျိုးပါ။ သုံးရက်လောက်လုပ်ရတဲ့ အလုပ်တစ်ခုကို ထိုင်းအလုပ်ရှင်က ကျွန်တော့်ကို ဘတ် ၁၂၀၀၀ အထိပေးတယ်။ အဲဒီမှာစပြီးကြုံတွေ့ရတာက ဘာသာစကားအခက်အခဲနဲ့ မြန်မာအချင်းချင်း ခေါင်းပုံဖြတ်မှုပါပဲ။ အလုပ်ပွဲစားလို့ခေါ်မလား။ သက်တမ်းရင့်အလုပ်သမားပဲခေါ်မလား။ အဲဒီလိုလူတွေက အလုပ်ခွင်တစ်ခုမှာ သုံးဦးလောက်ရှိနေတယ်။ သူတို့က ထိုင်းနိုင်ငံသား အလုပ်ရှင်ပေးတဲ့ဘတ် ၁၂၀၀၀ ကိုယူလိုက်ပြီး ကျွန်တော်တို့ကို တစ်နေ့ကို ထိုင်းဘတ် ၄၀၀ နဲ့ လုပ်အားခရှင်းပေးတယ်။ သုံးရက်မှာ ကျွန်တော်တို့ ကျွမ်းကျင်တဲ့လုပ်ငန်းကို လုပ်ပေးလိုက်ရတဲ့အတွက်ရတဲ့ငွေက ဘတ် ၁၂၀၀၀ (မြန်မာငွေနဲ့ဆိုရင် ကိုးသိန်းခန့် ) ခေါင်းပုံဖြတ်တဲ့သူတွေက သုံးရက်ကို ၁၂၀၀ ( မြန်မာငွေနဲ့ ဆိုရင် ကိုးသောင်းခန့်) ပဲရှင်းပေးတယ်။ ၁၀ ဆအထိ ခေါင်းပုံဖြတ်လိုက်ကြတယ်”လို့ မောင်သိန်းနိုင်က ဆက်လက်ပြောကြားခဲ့တယ်။

ထိုင်းနိုင်ငံကိုသွားတဲ့ မြန်မာနိုင်ငံသားတွေအဖို့ တရားဝင်လမ်းကြောင်းကပဲ သွားသွား၊ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီးပဲသွားသွား၊ ဘတ်ကတ်လို့ခေါ်တဲ့ အလုပ်လုပ်ခွင့်ကတ် (ပန်းရောင်ကတ်) ကို လုပ်ကြရပါတယ်။ အဲဒီကတ်က ခရိုင်တစ်ခုအတွင်းမှာပဲ အကျုံးဝင်ပြီး ခရိုင်ကျော် သွားလာလုပ်ကိုင်ခွင့် မရှိပါဘူး။ ခရိုင်ကျော် သွားရောက် အလုပ်လုပ်ကိုင်ပါက အဲဒီခရိုင်ထဲမှာ လုပ်ကိုင်ခွင့်ရဖို့ပန်းရောင်ကတ် ထပ်လုပ်ရပါတယ်။ တရားမဝင် သွားရောက်တဲ့ မြန်မာတွေအဖို့ ဘတ်ကတ်တစ်ခုကို ထိုင်းဘတ်ငွေ ၁၄၀၀၀ အထိပေးဆောင်ကြရပါတယ်။ ယခင်ကဘတ်ကတ်တစ်ခုရဲ့ သက်တမ်းက သုံးနှစ်ရှိပေမဲ့ ယခုနောက်ပိုင်းမှာ တစ်နှစ်တစ်ကြိမ် လဲလှယ်ရတယ်လို့သိရတယ်။ အဲဒါကလည်း ထိုင်းနိုင်ငံက ငွေပြန်ယူတဲ့ နည်းလမ်းတစ်မျိုးပါ။

ထိုင်းကို တရားမဝင်ရော၊ တရားဝင်ပါ ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတစ်ဦးဟာ ဘတ်ကတ်ရရှိဖို့တစ်လစောင့်ရပါတယ်။ တရားမဝင်ဖြစ်တဲ့သူဟာ အလုပ်ရှင် မရှိသေးတာကြောင့် ပွဲစားတွေကို အားကိုးရပါတယ်။ ဘတ်ကတ်တစ်ခုကို ထိုင်းအစိုးရ တရားဝင်သတ်မှတ်ထားတာက ဘတ် ၆၀၀၀ မှ ၇၀၀၀ ကြားသာရှိပါတယ်။ ဘတ်ကတ် စောင့်နေရတဲ့ တစ်လအတွင်းမှာ အဖမ်းမခံဖို့ စာရွက်လေးတစ်ရွက် လာပေးထားမယ်။ ဘတ်ကတ်လုပ်ထားကြောင်း ထောက်ခံစာဖြစ် တယ်။

ထိုင်းရဲများက တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို လိုင်းကြေးကောက်လေ့ရှိပြီး ပွဲစားခနဲ့ ရဲလိုင်းကြေးများကြောင့် ဘတ်ကတ်က ၁၄၀၀၀ လောက်အထိပေးရပါတယ်။ အဲဒီမှာအလုပ်ရှင်အမည်နဲ့ လုပ်ငန်းခွင်အမည်ကို ရေးသားရတာကြောင့် အလုပ်ရှင်အမည်ခံပေးတဲ့လုပ်ငန်းရှင်အတွက်ကလည်း ကြေးတစ်ခုရှိနေပြန်ပါတယ်။ ထိုင်းနိုင်ငံကိုသွားမယ့် ရွှေမြန်မာများအနေနဲ့ တစ်နေ့လုပ်အားခ ဘတ် ၃၅၀-၃၆၀ ဆိုရင် တစ်လကို ဘတ် တစ်သောင်းကျော် ရပါလိမ့်မယ်။ ထိုင်းမှာ နောက်ပိုင်းအလုပ်ခွင်မှာ နေစရာ မပေးတော့တဲ့အတွက် အိမ်ခန်းငှားရပါတယ်။ အိမ်ငှားခက တစ်လကို ဘတ်တစ်ထောင်ကျော် ရှိပါတယ်။ အလုပ်ခွင်နေရာက အိမ်ငှားထားတဲ့နေရာနဲ့ ဝေးနေရင် ဆိုင်ကယ်အသုံးပြုဖို့ ထိုင်းရဲကို တစ်လ ဘတ်တစ်ထောင်လိုင်းကြေးပေးထားရပါတယ်။ အဲဒီလို မပေးထား ရင် အဖမ်းခံရဖို့ သေချာနေမယ့် အပြင်ရွှေမြန်မာတွေရှိတဲ့ နေရာတွေကို အစစ်အဆေးတွေကြမ်းသွားနိုင်ပါတယ်။

“ထိုင်းမှာက MoU နဲ့ သွားပြီး အလုပ်မရလို့ သောင်တင်နေတဲ့သူတွေ အများကြီးပါ။ တရားမဝင်လာတဲ့သူတွေက အခြေအနေပိုဆိုးသေးတယ်။ တစ်လကို ဘတ်တစ်သောင်းကျော်ရတဲ့ အလုပ်သမားတွေတောင် မြန်မာနိုင်ငံကို တစ်လသုံးသိန်းကျပ်ပို့ဖို့ အတော်လေး ရုန်းကန်နေရတယ်။ ပွဲစားတွေက တရားဝင်လာလည်း လိမ်ကြသလို တရားမဝင်လာရင်လည်း လိမ်ကြတာပဲ။ မြန်မာအချင်းချင်း လိမ်လည်လုပ်စားနေတာက ပိုပြီးခံရခက်တယ်” လို့ ရွှေ့ပြောင်းအလုပ်သမားများအရေးကို ဆောင်ရွက်ပေးနေသူတစ်ဦးက ပြောကြားခဲ့တာပါ။

ကိုယ့်မြေကိုယ့်ရေ မဟုတ်တာကြောင့်အခက်အခဲများစွာ ရှိကြပါ တယ်။ တခြား မတွက်ချက်ထားနိုင်တဲ့ လိမ်လည်မှုတွေ၊ ကုန်ကျမှုတွေများစွာ ရှိနေသေးတယ်။ အခုမှ ရောက်လာတဲ့သူတွေအဖို့ ရပ်တည်ဖို့ရာမှာ ကျားကုတ်ကျားခဲကြိုးစားရသလို ကုတ်ခြစ်စုဆောင်း၊ တွင်းအောင်းနေပါမှ တန်ကာကျတဲ့အနေထားမျိုးပါ။

“ထိုင်းမှာက လုပ်သက် ၁၀ နှစ် အထက်လောက်ရှိသွားရင် အခြေကျသွားပါတယ်။ အဓိကအချက်က ထိုင်းအလုပ်ရှင်ကောင်းရင် သက်သာပြီး အနေချောင်ပါတယ်။ အဆင်ပြေနေတဲ့ သူတွေအနည်းအကျဉ်းရှိတယ်။ သူတို့ကိုမေးလိုက်ရင် ၁၀ နှစ် အထက်နေထိုင်လုပ်ကိုင်နေပြီးဖြစ်တဲ့သူတွေများတယ်။ ထိုင်းမှာရှိတဲ့ ဌာနဆိုင်ရာတွေက လုပ်ငန်းရှင်တွေကို လေးစားကြတယ်။ အလုပ်ရှင်ကာကွယ်ပေးထားရင်လုံခြုံတယ်။ ဒါကလည်း လူတစ်ထောင်မှာ တစ်ယောက်မရတဲ့ အခွင့်အရေးပါ”လို့ ထိုင်းနိုင်ငံမှာ နှစ် ၂၀ ကြာနေထိုင် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောကြားခဲ့ပါ တယ်။

ဘာပဲဖြစ်ဖြစ် တစ်နေ့ဘတ် ၃၅၀ ကျော်ဆိုတာက မြန်မာငွေ ၂၅၀၀၀ ကျော်လောက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်မကောင်း၊ ပညာမတတ်၊ လက်မှုပညာမတတ်ရင်ရှာဖို့ မဖြစ်နိုင်တဲ့နှုန်းထားတစ်ခုပါ။ အလုပ်အကိုင် အခွင့်အလမ်း မရှိမှု၊ နိုင်ငံရေးမတည်ငြိမ်မှု၊ လုံခြုံ အေးချမ်းမှုမရှိတဲ့အနေအထားမှာ လုံးဝမလွှဲသာတော့လို့ စွန့်စားခန်း ဖွင့်ပြီး သွားနေကြရတာပါ။ သွားတယ်ဆိုတာကလည်း အတော်စဉ်း စားပြီးမှ သွားကြရတဲ့သူတွေချည်းပါပဲ။ အဆင်ပြေကြပါစေလို့သာ ဆုတောင်းပေးနိုင်ပါတယ်။


READ NEXT
Cancel OK