Top News

ဘဏ္ဍာရေးစျေးကွက်များ (Financial Markets)
24htopnews | November 29, 2024 2:12 AM CST

လူတစ်ဦးတစ်ယောက် လူ့လောကတွင် လူတစ်လုံး သူတစ်လုံးနှင့် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ အသက်ရှင် ရပ်တည်နေထိုင်နိုင်စေရန်မှာ ဉာဏစွမ်းအားနှင့် ကာယ စွမ်းအားများ ကောင်းမွန်ခိုင်မာ ပြည့်ဝ သန်စွမ်းနေရမည် ဖြစ်ပါသည်။ ထိုနည်းတူစွာ တိုင်းပြည်နိုင်ငံ တစ်နိုင်ငံအနေနှင့် ကမ္ဘာ့နိုင်ငံများ အလယ်တွင် ဂုဏ်သိက္ခာရှိစွာ ရှင်သန်ရပ်တည်နိုင်ရန်မှာ အနည်းဆုံး နိုင်ငံရေးအင်အား (Political Power)၊ စီးပွားရေးအင်အား (Economic Power) နှင့် စစ်ရေးအင်အား (Military Might) တို့ အစဉ်အမြဲ တောင့်တင်းသန်မာပြည့်စုံနေရမည် ဖြစ်ပါသည်။

ဤတွင် စီးပွားရေးအင်အား အစဉ်အမြဲ တောင့်တင်းသန်မာ ကောင်းမွန်ပြည့်စုံနေစေရန်မှာ စီးပွားရေးနှင့် သက်ဆိုင်သည့် အစိတ်အပိုင်းများအားလုံး ယန္တရားလက်တံများအားလုံး ကောင်းမွန်စွာ ရှင်သန် လည်ပတ်နေရမည် ဖြစ်ပါသည်။ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် နိုင်ငံတော်၏ စီးပွားရေး စနစ်သည် စျေးကွက်စီးပွားရေးစနစ် ဖြစ်သည် ဟုအတိအလင်း အသိပေးဖော်ပြ ကြေညာပြီးဖြစ်သည့်အတွက် စျေး ကွက်စီးပွားရေးစနစ်နှင့် သက်ဆိုင်သည့် အစိတ်အပိုင်းအားလုံး၊ ယန္တရား လက်တံများအားလုံး လိုက်လျောညီထွေ အဆင်ပြေ ကောင်းမွန် စွာ ရှင်သန်လည်ပတ်နေစေရန် အစဉ်အမြဲ ကြိုးပမ်းအားထုတ် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

အခြေခံအကျဆုံး စျေးကွက် ယန္တရားနှင့် ပတ်သက်ပြီး ရှင်းလင်း တင်ပြပါမည်။ ယခုအကြောင်းအရာကို ဆရာကြီး ဦးမြတ်သိန်း၏ စာအုပ် (Reference : 1)  ကို အခြေခံကာ တင်ပြခြင်း ဖြစ်ပါသည်။ စျေးကွက် ယန္တရားသည် ပုဂ္ဂလိက စီးပွားရေး အဆောက်အုံများ၌ ထုတ်လုပ်ခြင်း (Production) နှင့် စားသုံးခြင်း (Consumption) တို့ကို ကိုက်ညီစေရန် ညှိနှိုင်းပေးနေပါသည်။ ၎င်းစျေးကွက်ယန္တရားကို ဘောဂဗေဒပညာရှင် အဒမ်စမစ် (Adam Smith) က မမြင်ရသောလက် (Invisible Hand) ဟု ခေါ်ဆိုခဲ့ပါသည်။

အပြည့်ပြိုင်ဆိုင်မှုရှိသော စီးပွားရေးစနစ်တွင် မည်ကဲ့သို့သော အခြေအနေများတည်ရှိ ဖြစ်ပေါ်နေရမည်ဆိုသည့် အချက်ကို ရှင်းလင်း ဖော်ပြထားသည်မှာ -

(၁) စားသုံးသူတို့သည် မိမိတို့၏ ဝင်ငွေအတိုင်းအတာအရ အကျိုးအ မြတ် အများဆုံးရရှိစေရန် စားသုံး ကုန်ပစ္စည်းများကို ထုတ်လုပ်သူ အမြောက်အမြား၏ စျေးကွက်မှ လွတ်လပ်စွာ ဝယ်ယူရရှိမည်ဆိုလျှင်၊

(၂) ထုတ်လုပ်သူအားလုံးတို့သည် ကုန်ပစ္စည်းပမာဏ တစ်စုံတစ်ရာ ထုတ်လုပ်ရာတွင် အနည်းဆုံးကုန် ကျစရိတ်ဖြစ်စေမည့်နည်းကို အသုံးပြုစေရန် တစ်ဦးနှင့်တစ်ဦး အမြဲတစေ ထိရောက်စွာ ပြိုင်ဆိုင်နေရ မည်ဆိုလျှင်၊

(၃) ပိုမိုထူးကဲပြီး အကျိုးအမြတ်များသော ကုန်စည်ဟူ၍ တစ်ဦး တစ်ယောက်တွင် ကြာရှည်မရှိစေရန် ထုတ်လုပ်သူများအနေနှင့် အဆိုပါ ကုန်ပစ္စည်းကို အလျင်အမြန်လိုက်၍ ထုတ်လုပ်နိုင်မည်ဆိုလျှင် အပြည့် ပြိုင်ဆိုင်မှုရှိသော စီးပွားရေးစနစ် တည်ရှိနေပါမည်။ (Reference : 1,pp – 10).

အပြည့်ပြိုင်ဆိုင်မှုရှိသော စီးပွားရေးစနစ်တွင် ညှိနှိုင်းဖြစ်စဉ် (Coordination Process) မှာ အမြဲတစေ တည်ရှိနေရမည် ဖြစ်ပါသော်လည်း အဆိုပါ ညှိနှိုင်းဖြစ်စဉ်ကို ချို့တဲ့ပျက်ယွင်းစေသည့် အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁) ပထမအချက်မှာ အရင်းရှင် နိုင်ငံများ၏ မျက်မှောက်အခြေအနေသည် အပြည့်ပြိုင်ဆိုင်မှုရှိသော အခြေအနေမဟုတ်ဘဲ လက်ဝါးကြီးအုပ်မှု (Monolopy) သို့မဟုတ် အနီးကပ်ဆုံးအဖွဲ့အနေဖြင့် ချို့တဲ့သော ပြိုင်ဆိုင်မှုစနစ် ဖြစ်နေခြင်းပင်ဖြစ်သည်။

(၂) ဒုတိယအချက်မှာ စျေးကွက်ယန္တရားသည် အကောင်းဆုံးသော စားသုံးမှုနှင့် ထုတ်လုပ်မှုအချိုးအစား ဖြစ်စေမည်ဟု အပြည့်ပြိုင်ဆိုင်မှု သဘောတရားအရ ဆိုရသော်လည်း စင်စစ် မမျှတသော စားသုံးမှုနှင့် ထုတ်လုပ်သော အချိုးအစားဖြစ် ပေါ်စေနိုင်ခြင်းပင် ဖြစ်သည်။

(၃) တတိယအချက်အနေနှင့် စျေးကွက်ယန္တရားကြောင့် ပေါ်ပေါက်လာရသော စီးပွားရေး မတည်ငြိမ်မှု (Economic Instability) ပင် ဖြစ်သည်။

(၄) စတုတ္ထအချက်မှာ စျေးကွက် ယန္တရားသုံးနိုင်ငံများတွင် မြင့်မားသည့် တိုးတက်မှုနှုန်းကို ရေရှည်မရနိုင်ခြင်းပင် ဖြစ်သည်။ (Reference : 1,pp-10-13).

အထက်ဖော်ပြပါ ချို့တဲ့ချက်များအတွက် ပြုပြင်မွမ်းမံ၍ အသုံးပြုရန် နည်းလမ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁) ပထမချို့တဲ့ချက်နှင့် ပတ်သက်၍ လက်ဝါးကြီးအုပ်စနစ် ဖြစ်မလာ စေရန် တရားဥပဒေများ ထုတ်ပြန် ခြင်း၊

(၂)  ဒုတိယချို့တဲ့ချက်နှင့် ပတ်သက် ၍ အစိုးရက အခြေခံစားသောက် ကုန်စည်စျေးများ သက်သာစေရန် အထောက်အပံ့များပေးခြင်း၊ ပြည်သူ့အကျိုးဆောင်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊

(၃) တတိယချို့တဲ့ချက်နှင့် ပတ် သက်၍ စီးပွားရေးတည်ငြိမ်မှုရှိစေရန် ဘဏ္ဍာရေးပေါ်လစီ (Fiscal Policy) ဖြင့် ထိန်းကျောင်းပေးခြင်း၊ (၄) စတုတ္ထချို့တဲ့ချက်နှင့်ပတ်သက်၍ ဖွံ့ဖြိုးမှုလုပ်ငန်းများကို အားပေးသည့်အနေဖြင့် အတိုးနှုန်းများ လျှော့ချခြင်း၊ အမြတ်ခွန်များ (Income Tax) လျှော့၍ စည်းကြပ်ခြင်းတို့ ဖြစ်ကြပါသည်။

သို့သော် အရင်းရှင်စနစ်တွင် စနစ်အကျဆုံးနည်းမှာ စျေးကွက်ယန္တရားစနစ်အတွင်းမှာပင် လမ်းညွှန်စီမံကိန်းနည်းကို အသုံးပြုခြင်း ဖြစ်သည်။ (Reference : 1,pp-13-14).

ယနေ့အချိန်အခါတွင် စျေးကွက်ယန္တရားများမှာ စားသုံးခြင်းနှင့် ထုတ်လုပ်ခြင်းကို ညှိနှိုင်းပေးသည့် အဆင့်ထက် ကျော်လွန်ပြီးလျှင် စျေးကွက်ယန္တရား လက်တံများသည်လည်း အများအပြားဖြစ်ထွန်းပေါ်ပေါက်လျက် ရှိနေပါသည်။ အထူးသဖြင့် ဘဏ္ဍာရေးစျေးကွက်များသည် တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားများ၏ အကျိုးအတွက် မရှိမဖြစ် အရေးပါသည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။ စနစ်တကျ ခိုင်မာအား ကောင်းသည့် ဘဏ္ဍာရေးစနစ်တစ်ရပ် မရှိခဲ့လျှင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ်သို့ မည်သို့မျှ မရောက်ရှိနိုင်သည့် အခြေအနေဖြစ်ပါသည်။ ထို့ပြင် ဘဏ္ဍာရေးစျေးကွက်များသည် တိုင်းပြည်နိုင်ငံ၏ စီးပွားရေးနယ်ပယ်၌သာမက နိုင်ငံရေးနယ်ပယ်နှင့် အခြားသော နယ်ပယ်မျိုးစုံကိုလည်း ထိုးဖောက်ဝင်ရောက်ကာ နေရာယူလျက် ရှိနေပါသည်။

ထိုမျှသာမက ဘဏ္ဍာရေးစျေးကွက်များသည် တိုင်းပြည်နိုင်ငံများ၏ နယ်နိမိတ်များကို ကျော်လွန်ကာ ရှင်သန်လည်ပတ်လျက် တည်ရှိနေပါသည်။

တိုင်းပြည်နိုင်ငံ တစ်နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများသည် ကမ္ဘာ့ဘဏ္ဍာရေးစျေးကွက်အတွင်းသို့ ဝင်ရောက်နိုင်ခြင်းမရှိပါက စီးပွားရေးလုပ်ငန်းအရ အဆင့်အတန်းမရှိသည့် ဘောင်မဝင်သည့် စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့်သာ ရပ်တည်နေရပါမည်။ လူဖြစ်ပြီး လူရာမဝင်သကဲ့သို့ ဖြစ်နေပါမည်။

အလျဉ်းသင့်သဖြင့် တင်ပြလို သည့်အချက်မှာ စစ်အုပ်ချုပ်ရေးစနစ်သည် ပြိုင်ဘက်များကို ချေမှုန်းပြီး သုတ်သင်ရှင်းလင်းသည့် အခြေခံ သဘောသဘာဝရှိပြီး စျေးကွက်စီးပွားရေးစနစ်မှာ ပြိုင်ဆိုင်ခြင်းနှင့် ပြိုင်ဘက်များကို ယှဉ်ပြိုင်နိုင်စွမ်းရှိစေမည့် ဝန်းကျင်ကို ဖန်တီးတည်ဆောက်ရခြင်း ဖြစ်ပါသဖြင့် စစ်အုပ်ချုပ်ရေးနှင့် စျေးကွက်စီးပွားရေးစနစ်မှာ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်လျက်ရှိနေသည်ကို စာဖတ်သူများအနေဖြင့် သတိပြုကြစေလိုပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့်အကြောင်းရင်းမှာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံသည် စျေးကွက်စီးပွားရေးစနစ်ကို လက်ခံ ကျင့်သုံးရန် ဆုံးဖြတ်ထားရှိပြီးဖြစ်သည့်အတွက် စျေးကွက်များ၏ သဘောသဘာဝအခြေအနေများကို လေ့လာသိမြင် နားလည်နိုင်ကြစေရန်နှင့် အထူးသဖြင့် ဘဏ္ဍာရေးစျေးကွက်များအား ပြည်သူပြည်သားနိုင်ငံသားအားလုံးတို့က ရင်းနှီးကျွမ်းဝင်လာစေပြီးလျှင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော တိုင်းပြည် နိုင်ငံတော်ကြီး ဖြစ်ထွန်းပေါ်ပေါက်လာစေရေးကို ရည်ရွယ်ပါသည်။

ပထမဦးစွာ ဘဏ္ဍာရေးစျေးကွက်များ၏ နယ်ပယ်အကျယ်အဝန်းနှင့် အခြားသော စျေးကွက်များနှင့် ချိတ်ဆက်လျက်ရှိသည့် အခြေအနေကို တင်ပြပါမည်။ ဘဏ္ဍာရေးစျေးကွက်များနှင့် အချို့သော စျေးကွက်များ ချိတ်ဆက်လျက်ရှိ သည့် အခြေအနေကို ပုံတွင် ဖော်ပြထားပါသည်။ စာဖတ်သူများအတွက် သတိပြုစေလိုသည့်အချက်မှာ ဘဏ္ဍာရေးစျေးကွက်များသည် အခြားသောစျေးကွက်အားလုံးတို့ နှင့်ချိတ်ဆက်လျက်ရှိပြီး တိုင်းပြည်နိုင်ငံ၏ ငွေကြေးစနစ်၊ ဘဏ္ဍာရေး စနစ်နှင့် စီးပွားရေးစနစ်တို့၏ အတက်အကျ အခြေအနေ၊ ခိုင်မာအားကောင်းသည့် အခြေအနေ၊ ယိုယွင်းကျဆင်းပြီး ပျက်သုဉ်းမည့် အခြေအနေများကို ဖော်ပြပေးနေသည့် အညွှန်းကိန်းများ ဖြစ်ကြပါ သည်။

ဤတွင် စာရေးသူ စီးပွားရေးတက္ကသိုလ် ကျောင်းသားဘဝက ကြားသိခဲ့ရသည့် အချက်ကလေးကို စာဖတ်သူများ အလွယ်တကူ သိမြင်နိုင်စေရေးအတွက် တင်ပြရပါလျှင် “လူတစ်ဦးတစ်ယောက်၏ ကျန်းမာရေး အခြေအနေကို အချိန်တိုအတွင်း လျင်မြန်စွာ သိလိုပါလျှင် အဆိုပါ လူပုဂ္ဂိုလ်၏ နှလုံးခုန်နှုန်းကို

တိုင်းတာကြည့်ရသကဲ့သို့ တိုင်းပြည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအခြေအနေကို အချိန်တိုအတွင်း လျင်မြန်စွာ သိလိုပါလျှင် ဘဏ္ဍာရေးစျေးကွက်တွင် တည်ရှိဖြစ်ပေါ်စေလျက်ရှိသည့် အညွှန်းကိန်းများကို လေ့လာခြင်းအားဖြင့် အလွယ်တကူ သိမြင်နိုင်ပါသည်။”

ထို့ကြောင့် စနစ်ကျပြီး ခိုင်မာအားကောင်းသည့် ဘဏ္ဍာရေး စနစ်တစ်ရပ် အဆင်ချောမွေ့စွာ စဉ်ဆက်မပြတ် လည်ပတ်နေစေရန်မှာ တိုင်းပြည် နိုင်ငံတော်နှင့် ပြည်သူ ပြည်သားများအတွက် အသက်တမျှ အရေးကြီးသည့် အခြေအနေဖြစ်ပါသည်။ စျေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးအကောင်အထည်ဖော် လျက်ရှိသည့် တိုင်းပြည်နိုင်ငံများ အနေဖြင့် ဘဏ္ဍာရေးစျေးကွက်များ အချိန်ပြည့် စဉ်ဆက်မပြတ် မှန်ကန်ချောမွေ့စွာ လည်ပတ်နေစေရန်မှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားသူများတွင် အဓိကတာဝန်ရှိပြီး ပြည်သူပြည်သားအားလုံးတို့အနေနှင့်လည်း အပြည့်အဝ ပါဝင်ဆောင်ရွက်နိုင်ရမည် ဖြစ်ပါသည်။

ဒုတိယအနေနှင့် ဘဏ္ဍာရေးစျေးကွက်အတွင်း ရင်းနှီးမြှုပ်နှံသူများ၊ အရောင်းအဝယ်ပြုလုပ်သူများ တစ်နည်းအားဖြင့် ကုန်သည်များက ဆောင်ရွက်ခြင်း ပြုလုပ်နိုင်မည့် အခြေအနေများ၊ သဘောတရားများ အတွက် ဘဏ္ဍာရေးစျေးကွက်ကို အသုံးပြုပြီး ရောင်းခြင်း၊ ဝယ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများ ပြုလုပ်နိုင်သည့် ကိရိယာတန်ဆာပလာများအကြောင်းကို ရှင်းလင်းတင်ပြပါမည်။ ယခုအကြောင်းအရာများကို ကိုသက်ထွန်းဦး၏စာအုပ် (Reference : 2) ကို အခြေခံကာ တင်ပြခြင်းဖြစ်ပါသည်။ အထက်ဖော်ပြပါ သဘောတရားအရ ဘဏ္ဍာရေးစျေးကွက်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ “ဘဏ္ဍာရေးစျေးကွက်ဆိုသည်မှာ အများပြည်သူတို့အား ဘဏ္ဍာရေးဆိုင်ရာ စာချုပ်စာတမ်းများ၊ ငွေကြေးနှင့် အာမခံ စာချုပ်စာတမ်းများကို လွယ်လင့်တကူ ဝယ်ယူရောင်းချနိုင်ရန်၊ ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် နည်းလမ်းများ စနစ်တကျ ချမှတ်ပေးထားသော စျေးကွက်နေရာ တစ်ခုကို ခေါ်ဆိုပါသည်။” (Reference : 2,pp-11).

ဘဏ္ဍာရေးစျေးကွက်၏အရေးကြီးပုံကို တင်ပြရာတွင် “ဘဏ္ဍာရေး စျေးကွက်သည် နိုင်ငံတစ်ခု တည်ဆောက်ရာတွင် မရှိမဖြစ်လိုအပ်သော စီးပွားရေး၏လုပ်ငန်းဆောင်တာများအတွက် လိုအပ်သော ငွေကြေးကို ဖြည့်စွမ်းပေးရာ အဓိက နေရာကြီးတစ်ခု ဖြစ်သလို အိမ်ထောင်စုများ၊ လုပ်ငန်းများနှင့် အစိုးရတို့အကြား ဆက်သွယ် ပေါင်းကူးပေးရာ နေရာတစ်ခုလည်း ဖြစ်သည်။”  (Reference : 2,pp-12).

စျေးကွက်အမျိုးအစားများအရ ခွဲခြားလေ့လာပါက ဘဏ္ဍာရေး စျေးကွက်တွင် (၁) ကာလရှည်ဘဏ္ဍာ ရေးစျေးကွက် သို့မဟုတ် အရင်းအနှီး စျေးကွက် (Capital Market) နှင့် (၂) ကာလတို ဘဏ္ဍာရေးစျေးကွက် သို့မဟုတ် ငွေကြေးစျေးကွက် (Money Market) ဟူ၍ နှစ်ပိုင်း ခွဲခြားထားပါသည်။

(၁) အရင်းအနှီးစျေးကွက်တွင် အသုံးပြုကြသည့် စာချုပ်စာတမ်းများ၊ ကိရိယာတန်ဆာပလာများ (Capital Market Instruments) မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ (က) ငွေချေးစာချုပ်များ (Bonds)၊ (ခ) အစိုးရငွေချေးစာချုပ်များ (Government Bonds)၊

(ဂ) ကော်ပိုရိတ်ငွေချေးစာချုပ်များ (Corporate Bonds)၊

(ဃ) စတော့ ရှယ်ယာများ၊

(င) ကြွေးမြီကို ငွေချေးသက်သေခံ လက်မှတ်အဖြစ် အသွင်ပြောင်း ငွေရှာမှုနှင့် ကြွေးမြီ အာမခံစာချုပ်များ၊ (စ) ဒီရဗစ်တစ် စျေးကွက်များ (Derivative Markets) စသည်တို့ ဖြစ်ကြပါသည်။

(၂) ငွေကြေးစျေးကွက်တွင် အသုံးပြုကြသည့် စာချုပ်စာတမ်းများ၊ ကိရိယာတန်ဆာပလာများ (Money Market Instruments) မှာ အောက် ပါအတိုင်း ဖြစ်ပါသည်။

(က) ငွေတိုက်လက်မှတ်များ (Treasury Bills)၊ (ခ) သဘောတူထားသည့်အချိန် စျေးနှုန်းဖြင့် ပြန်လည်ဝယ်ယူမည့် စာချုပ်များ၊ (Repurchased Agreement Repo)၊ (ဂ) ဘဏ်အချင်းချင်း ချေးငွေစျေး ကွက် (Interbank Market)၊ (ဃ) ဘဏ်ကြွေးမြီစာချုပ်လက်မှတ်များ (Certificate of Deposit)၊ (င) ဘဏ်၏သဘောတူကတိစာချုပ် များ (Banker’s Acceptance)၊ (စ) ကူးသန်းရောင်းဝယ်မှု စာချုပ်စာ တမ်းများ (Commercial Paper) စသည်တို့ ဖြစ်ကြပါသည်။ (Reference: 2, pp – 17-22).

တတိယအနေနှင့် စာရေးသူတို့ ၏ တိုင်းပြည် နိုင်ငံတွင် ဖြစ်ထွန်းပေါ်ပေါက်လျက်ရှိသည့် ဘဏ္ဍာရေးစျေး ကွက်များ၏အခြေအနေကို စာရေးသူ၏ အမြင်သက်သက်ဖြင့် တင်ပြပါမည်။ စာရေးသူသည် ၂၀၂၂ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ထုတ်ဝေခဲ့သည့် Weekly ELEVEN News စာစောင်တွင် အရင်းအနှီးစျေးကွက် (Capital Market) ခေါင်းစဉ်နှင့် ဆောင်းပါးတစ်ပုဒ် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။ စာဖတ်သူများအနေဖြင့် ယခုအကြောင်းအရာကို အထက်ဖော်ပြပါ ဆောင်းပါးနှင့် တွဲပြီးဖတ်ရှုလေ့လာရန် အကြံပြုပါသည်။

 ၂၀၂၂ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့အချိန် စာရေးသူတို့ တိုင်းပြည် နိုင်ငံတွင် ဖြစ်ထွန်းပေါ်ပေါက်လျက်ရှိသည့် ဘဏ္ဍာရေးစျေးကွက် အခြေအနေများမှာ စကားလုံး၊ စကားရပ်များနှင့် ရှင်းလင်းတင်ပြရန်ပင် လွန်စွာခက်ခဲသည့် အခြေအနေဖြစ်ပါသည်။ ထူးခြားသည့် အခြေအနေအား အနည်းငယ်တင်ပြရမည်ဆိုပါက စျေးနှုန်းများမှာ တစ်ဆင့်ပြီးတစ်ဆင့် အဆမတန် မြင့်တက်လျက်ရှိပြီး အချို့ကုန်ပစ္စည်းအမျိုးအစားများသည် နာရီပိုင်းအတွင်း၊ အချို့ကုန်ပစ္စည်းများသည် နံနက်ပိုင်းနှင့် ညနေပိုင်း၊ အချို့သော ကုန်ပစ္စည်းများသည် ရက်ပိုင်းအ တွင်း လွန်စွာကွာခြားလျက် ပြောင်းလဲနေခြင်းပင် ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံသည် စျေးကွက်စီးပွားရေးစနစ်ကို လက်ခံကျင့်သုံးရန် ဆုံးဖြတ်ထားရှိပြီးဖြစ်သည့်အတွက် စျေးကွက်များ၏ သဘောသဘာဝအခြေအနေများကို လေ့လာသိမြင် နားလည်နိုင်ကြစေရန်နှင့် အထူးသဖြင့် ဘဏ္ဍာရေးစျေးကွက်များအား ပြည်သူပြည်သား နိုင်ငံသားအားလုံးတို့က ရင်းနှီးကျွမ်းဝင်လာစေပြီးလျှင် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည် နိုင်ငံတော်ကြီး ဖြစ်ထွန်းပေါ်ပေါက်လာစေရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြပါစေကြောင်း နှိုးဆော်တိုက်တွန်း ရေးသား တင်ပြအပ်ပါသည်။

Reference :

(၁) မြတ်သိန်း (၂၀၁၃) “စီးပွားရေး စီမံကိန်း အခြေခံသဘောတရားများနှင့် နည်းလမ်းများ”၊ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ၊ Wisdom House စာအုပ်တိုက်။

(၂) သက်ထွန်းဦး (၂၀၁၄) “စတော့ရှယ်ယာ စျေးကွက် အခင်းအကျင်း” (ဒုတိယအကြိမ်)၊ Wisdom House (စာအုပ် ၄၂)။


READ NEXT
Cancel OK