မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း တရားဥပဒေစိုးမိုးရေး နေရာစုံမှာ လျော့ရဲမှုတွေရှိလာတယ်လို့ သုံးသပ်မှုတွေနဲ့အတူ ရန်ကုန်မြို့နေလူထုအနေနဲ့ မလုံခြုံမှုတွေကို နေ့စဉ်နဲ့အမျှ ကြုံ တွေ့နေရပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာ နေ့စဉ် ခါးပိုက်နှိုက်တာတွေ၊ လုယက်တာတွေကစလို့ အနုကြမ်းစီးတာတွေ၊ ဓားပြတိုက်တာတွေ ဖြစ်ပွားနေပါတယ်။ ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ အနုကြမ်းစီးမှုတွေ၊ လုယက်မှု ဖြစ်စဉ်တွေကြောင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့အထိ ဖြစ်လာသလို လူသေဆုံးတာတွေလည်း ခပ်စိပ်စိပ်ဖြစ်ပွားလာပါတယ်။
ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးနေရာတွေမှာသာမက မြို့လယ်ကောင်လို နေရာမျိုးမှာပါ လုယက်မှုဖြစ်စဉ် တွေ၊ အနုကြမ်းစီးတဲ့ဖြစ်စဉ်တွေကြောင့် မြို့နေလူထုရဲ့နေ့စဉ်ဘဝ နေထိုင်မှုမှာ လုံခြုံမှုမရှိတော့ပါဘူး။ တရားဥပဒေစိုးမိုးရေး လျော့ရဲလာတဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ လူသတ်ပြီး အနုကြမ်းစီးမှုတွေ၊ အသက်အန္တရာယ် ခြိမ်းခြောက်ပြီး လုယက်တဲ့ဖြစ်စဉ်တွေကြောင့် မြို့နေလူထုဟာ ကျီးလန့်စာစားနေရတဲ့ အခြေအနေကို ရောက်ရှိလို့လာပါတယ်။
ရန်ကုန်မြို့ရဲ့ လက်ရှိအခြေအနေဟာ လမ်းပေါ်ထွက်လိုက်တာ နဲ့ လုယက်မှု ခံရနိုင်သလို လိုင်းကား စီးရင်းနဲ့လည်း လုယက်တာကိုခံရနိုင်ပါတယ်။
နောက်ပြီး အိမ်ထဲမှာ နေရင်းနဲ့လည်း အနုကြမ်းစီးပြီး အသတ်ခံရနိုင်သလို ဆိုင်ထဲမှာ အလုပ်လုပ်နေရင်းနဲ့လည်း ဓားပြတိုက်ခံပြီး အသက်အန္တရာယ် သေဆုံးနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီဖြစ်စဉ်တွေဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ကြီးမှာ လက်ရှိ ဖြစ်ပျက်နေတာတွေပါ။
တစ်နေ့တခြား ခိုးဆိုးလုနှိုက်တွေ ပေါများလာတဲ့ ရန်ကုန်မြို့မှာ မြို့နေလူထုရဲ့ လုံခြုံမှုကတော့ မေးခွန်းထုတ်စရာတွေ ဖြစ်နေပါတယ်။ အခုနောက်ပိုင်း ရန်ကုန်မြို့မှာ ဖြစ်ပွားလာတဲ့ ခိုးဆိုးလုနှိုက်တွေဟာ အရင်ကထက်ပိုပြီး ရက်စက်ကြမ်း ကြုတ်လာတာကို တွေ့မြင်လာရပါတယ်။
အရင်က ခိုးဆိုးလုနှိုက်ရာမှာ ပစ္စည်းကိုသာ အဓိကထားပြီး လုယူကြတာများပေမဲ့ လူကိုတော့ သိပ်ပြီး အန္တရာယ်မပြုခဲ့ကြပါဘူး။ လက်ရှိ ခိုးဆိုးလုနှိုက်တွေကတော့ ပြောင်းပြန်ပါ။ ပစ္စည်းလည်းယူတဲ့အပြင် လူကိုလည်း အသက်အန္တရာယ်ရှိနိုင်တဲ့အထိ အကြမ်းဖက်သွားတာရှိသလို လူသတ်တဲ့အထိ ဖြစ်သွားတဲ့ ဖြစ်စဉ်တွေလည်း ရှိလာပါတယ်။
■ ကြည့်ရှုသူအားလုံး ထိတ်လန့်ခဲ့ရတဲ့ CCTV
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက် ည ပိုင်းက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကြည့်ရှုသူအားလုံးကို ထိတ်လန့် တုန်လှုပ်စေခဲ့တဲ့ CCTV ဗီဒီယိုဖိုင် တစ်ခု ပျံ့နှံ့လာပါတယ်။
အဲဒီ ဗီဒီယိုဖိုင်ထဲမှာ လူနှစ်ယောက်ဟာ စကားပြောရင်း အလုပ်လုပ်နေကြတာပါ။ သူတို့နှစ်ယောက် ခေါင်းငုံ့ပြီး အလုပ်လုပ်နေတုန်းမှာပဲ ဆိုင်ထဲကို ဦးထုပ်ဆောင်းထားတဲ့ အမျိုးသားတစ်ယောက်က ဝင်ရောက်လာပါတယ်။ အဲဒီအမျိုးသား ဝင်လာပြီး ရှေ့ဆင့်နောက်ဆင့်ဆိုသလို နောက်ထပ်အမျိုးသားတစ်ယောက်ကပါ ဝင်ရောက်လာချိန်မှာတော့ ဆိုင်ရှင်ဖြစ်သူ ခပ်ဝဝနဲ့လူကြီးက ဘယ်သူတွေလဲလို့ မေးချိန်မှာပဲ ပထမစဝင်လာတဲ့ အမျိုးသားက ခါးကြားထဲကဓားကို ဆွဲထုတ်လိုက်ပြီး ခပ်ဝဝနဲ့ လူကို စထိုးပါတယ်။ နောက်မှ ဝင်လာတဲ့ အမျိုးသားကလည်း ခါးကြားထဲကဓားကိုထုတ်ပြီး ဆိုင်ရှင်ဖြစ်သူရဲ့ မိတ်ဆွေကို ဝင်လုံးပါတယ်။
ခပ်ဝဝနဲ့ ဆိုင်ရှင်ဖြစ်သူက သူ့ကို ဓားနဲ့ လိုက်ထိုးနေတဲ့အတွက် မလုပ်ဖို့ ပြောနေပါတယ်။ အဲဒီအချိန်မှာပဲ ဆိုင်ထဲကို နောက်ထပ် အမျိုးသားတစ်ယောက် ဝင်ရောက် လာပြီး သူကလည်း ခါးကြားထဲကနေ ဓားကိုထုတ်ကာ ဆိုင်ရှင်ဖြစ်သူကို ငြိမ်ငြိမ်နေဖို့ ပြောပါတယ်။ ခပ်ဝဝနဲ့ ဆိုင်ရှင်ဖြစ်သူကို အမျိုးသားတစ်ယောက်က နောက်ကနေ ချုပ်ထားပြီး အမျိုးသားတစ်ယောက်ကတော့ ဓားနဲ့ရွယ်ထားတာကို တွေ့ရပါတယ်။
ဆိုင်ရှင်ဖြစ်သူက ကြောက်လန့် နေတာကြောင့် ရုန်းကန်နေတဲ့အတွက် ဆိုင်ထဲကို နောက်ဆုံးမှ ဝင်လာတဲ့ အမျိုးသားက ဓားနဲ့ရွယ်ရင်း ငြိမ်ငြိမ်နေဖို့ ပြောနေပါတယ်။ ဆိုင်ရှင်ဖြစ်သူက သူ့ကို ဓားနဲ့ မထိုးဖို့ တောင်းပန်ရင်း ရုန်းကန်နေတာပါ။ အဲဒီလို ရုန်းကန်နေတဲ့ ဆိုင်ရှင်ဖြစ် သူရဲ့ ပေါင်ကို နောက်ဆုံးမှဝင်လာတဲ့ အမျိုးသားက ဓားနဲ့ စိမ်ပြေနပြေ တစ်ချက်ပြီး တစ်ချက် တစွတ်စွတ်နဲ့ ထိုးနေတာကို CCTV မှာ တွေ့နေရပါတယ်။
ဆိုင်ရှင်ဖြစ်သူကလည်း သူ့ပေါင်ကို ဓားနဲ့အထိုးခံရတဲ့အတွက် ကုန်းရုန်းပြီး ထဖို့လုပ်နေတာကြောင့် နောက်ဆုံးမှဝင်လာတဲ့ အမျိုးသားက သေချင်နေပြီလားလို့ ပြောနေသလို ငြိမ်ငြိမ်နေဖို့ကိုလည်း ပြောနေပါတယ်။ ဆိုင်ရှင်ဖြစ်သူ ငြိမ်သွားချိန်မှာတော့ နောက်ဆုံးမှဝင်လာတဲ့ အမျိုးသားက ပိုက်ဆံပေးဖို့ ပြောနေတာကို CCTV မှာ တွေ့ရပါတယ်။
“ပိုက်ဆံပေးဦး ဟေ့ကောင်။ ထုတ် ထုတ် ရှိတာ သွားထုတ်။ ရှိတာ အကုန်ထုတ်”
ဒီစကားတွေက နောက်ဆုံးမှ ဝင်လာတဲ့ အမျိုးသားက ဆိုင်ရှင်ဖြစ်သူကို ပြောနေတဲ့ စကားတွေပါ။ ဆိုင်ရှင်ဖြစ်သူကလည်း ]]ဘာမှ မလုပ်နဲ့။ အကုန်ပေးမယ်”ဆိုပြီး မောဟိုက်နေတဲ့အသံနဲ့ ပြန်ပြောနေတာကို ကြားရပါတယ်။
ပြီးတဲ့နောက်မှာတော့ ပိုင်ရှင်ဖြစ်သူရော၊ အနုကြမ်းစီးတဲ့ အမျိုးသားနှစ်ယောက်ရော ဆိုင်ခန်းအနောက်ထဲကို ဝင်သွားပါတယ်။ ဆိုင်ခန်းအနောက်ထဲ ဝင်သွားတာကြောင့် CCTV မှာ လူတွေကို မတွေ့ရတော့ပေမဲ့ အသံတွေကိုတော့ ကြားနေရပါတယ်။
ကြားနေရတဲ့အသံတွေကအရ အနုကြမ်းစီးတဲ့သူတွေဟာ ပိုက်ဆံယူပြီးချိန်မှာတော့ ဆိုင်ရှင်ဖြစ်သူနဲ့ သူ့မိတ်ဆွေကို အခန်းထဲမှာ ပိတ် ထားလိုက်တဲ့ အခြေအနေမျိုးပါ။ နောက်ဆုံးမှာတော့ အနုကြမ်းစီးတဲ့ အမျိုးသားသုံးယောက်ပဲ ဆိုင်ခန်း အနောက်ကနေ ပြန်ထွက်လာပြီး ဆိုင်အပြင်ကို ထွက်သွားတာကို CCTV မှာ တွေ့ရပါတယ်။
CCTV ကြာချိန်က သုံးမိနစ်ကျော်ပဲရှိပေမဲ့ ကြည့်ရသူတွေအတွက်တော့ တကယ့်ကို ထိတ်လန့် တုန်လှုပ်စရာကောင်းတဲ့ အဖြစ်အပျက်ပါ။ အဲဒီ CCTV မှတ်တမ်းဟာ နိုဝင်ဘာ ၂ ရက် ညပိုင်းက ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းနဲ့ ၂၆ လမ်းထောင့်မှာရှိတဲ့ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ကို အမျိုးသား သုံးယောက်က အနုကြမ်းဝင်စီးခဲ့တဲ့ ဖြစ်စဉ်ကို မှတ်တမ်းတင်ထားတဲ့ CCTV လည်း ဖြစ်ပါတယ်။
နိုဝင်ဘာ ၂ ရက် ညနေ ၆ နာရီ လောက်က ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းနဲ့ ၂၆ လမ်းထောင့်မှာ ဖွင့်ထားတဲ့ သစ္စာအိမ်ဆောက် ပစ္စည်းအရောင်းဆိုင်ထဲကို အမျိုးသား သုံးယောက်က ဝင်ရောက်လာပြီး လုယက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ ခပ်ဝဝနဲ့ ဆိုင်ရှင်ဖြစ်သူအနေနဲ့ ပေါင်နှစ်ဖက်စလုံးမှာ ဓားဒဏ်ရာတွေ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဖုန်းတွေရယ်၊ ကားတစ်စီးနဲ့ ပိုက်ဆံသိန်းရာချီကိုလည်း အနုကြမ်းစီးသူတွေက ယူဆောင်သွားတာပါ။
ဒီဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်သူတွေ ယူသွားတဲ့ကားကို ရန်ကင်းကလေးဆေးရုံအနီးမှာ ပြန်တွေ့ပေမဲ့ ဖုန်းနဲ့ ပိုက်ဆံကိုတော့ ပြန်မရသေးပါဘူး။ နောက်ပြီး (ဒီဆောင်းပါးရေး နေချိန်) နိုဝင်ဘာ ၁၁ ရက်အထိ ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ် ဖမ်းဆီးတာမျိုးကိုလည်း မလုပ်နိုင်သေးပါဘူး။ CCTV ထဲမှာ ပြစ်မှုကျူးလွန်သူတွေကို ထင်ထင်ရှားရှားတွေ့နေရပေမဲ့လည်း ချက်ချင်းဖော်ထုတ် ဖမ်းဆီးနိုင်ခြင်းမရှိသေးတဲ့အပေါ် ပြည်သူတွေကြားမှာ ဝေဖန်မှုတွေ အများအပြားရှိခဲ့ပါတယ်။
■ ထိတ်လန့်စရာကောင်းတဲ့ နောက်ထပ်လုယက်မှုအချို့
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်ကလည်း မင်္ဂလာတောင်ညွန့်မြို့နယ် မန္တလေးလမ်းမှာနေတဲ့ ရူပဗေဒ ကထိက အငြိမ်းစား ကျောင်းဆရာ ဦးမြင့်ဝေ (တက္ကသိုလ် ကြယ်ပွင့်) နဲ့ အငြိမ်းစားကျောင်းဆရာမ ဒေါ်ခင်ခင်စန်းတို့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။
“စသိတာက အဲဒီအိမ်ကိုလာပြီး နှိပ်ပေးနေတဲ့ကောင်လေးက အိမ်ထဲကိုခေါ်မရလို့ အောက်ထပ်ကလူတွေကို စပြီးအကြောင်းကြားတာပါ။ ပြီးတော့ ရပ်ကွက်ထဲက လူတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ အိမ်ထဲဝင်ကြည့်တော့မှ နှစ်ယောက်စလုံး ဒဏ်ရာနဲ့သေနေတာကို တွေ့ရတာပါ”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
အသတ်ခံရတဲ့ ရူပဗေဒ ကထိက အငြိမ်းစား ကျောင်းဆရာ ဦးမြင့်ဝေ (တက္ကသိုလ် ကြယ်ပွင့်) ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၈ နှစ်အရွယ်ရှိပြီး သူ့ရဲ့ အမျိုးသမီး ဖြစ်သူ အငြိမ်းစားကျောင်းဆရာမ ဒေါ်ခင်ခင်စန်းကလည်း ကွယ်လွန်ချိန်မှာ အသက် ၇၀ ကျော်ရှိပြီလို့ သိရပါတယ်။
“အဘွားက အငြိမ်းစား ဆရာမပါ။ သူ့ခင်ပွန်းက အသက် ၈၀ ဝန်းကျင်ပဲ။ သူ့ခင်ပွန်းက လည်ပင်းမှာ ဒဏ်ရာနဲ့သေဆုံးနေတာပါ။ အဘွားကလည်း ဒဏ်ရာနဲ့သေဆုံးတာပါ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
အသတ်ခံရတဲ့ ရူပဗေဒ ကထိက အငြိမ်းစား ကျောင်းဆရာ ဦးမြင့်ဝေ (တက္ကသိုလ်ကြယ်ပွင့်) ဟာ စာပေဗိမာန်စာမူဆုနဲ့ အမျိုးသားစာပေဆုတွေ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ ဆရာကြီး ဦးမြင့်ဝေ (တက္ကသိုလ်ကြယ်ပွင့်) အနေနဲ့ ၁၉၆၁ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ ရူပဗေဒ (ဂုဏ်ထူးတန်း) နဲ့ အောင်မြင်ခဲ့ပြီး ဂျာမနီနိုင်ငံကို သွားရောက် ပညာသင်ယူခဲ့သူဖြစ်ကာ လိုက်ပဇစ်တက္ကသိုလ်ကနေ မဟာသိပ္ပံ ရူပဗေဒဘွဲ့ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
ဆရာကြီးအနေနဲ့ ရန်ကုန်ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ် ရူပဗေဒဂျာနယ်မှာ တာဝန်ခံစာတည်းအဖြစ် ဆောင်ရွက်ရာကနေ တခြားစာစောင်တွေနဲ့ မဂ္ဂဇင်းတွေမှာ သိပ္ပံဆောင်းပါး၊ ပညာရေးဆောင်းပါးတွေ ရေးသားခဲ့ပြီး စာပေဗိမာန် စာမူဆုကိုလည်း ရရှိခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်က ထုတ်ဝေခဲတဲ့ ‘စူပါကြိုးမျှင်လေး သီအိုရီ’ စာအုပ်နဲ့ အမျိုးသားစာပေဆု (သုတ ပဒေသာ၊ ရိုးရိုးသိပ္ပံ) ကို ရရှိခဲ့ပါတယ်။ ဆရာကြီးအနေနဲ့ ‘ရီလေး တီဗီတီ သီအိုရီ’၊ ‘ကွမ်တမ် သီအိုရီ’၊ ‘စူပါကြိုးမျှင်လေး သီအိုရီ’ နဲ့ ‘M သီအိုရီနှင့် ကော်စမော်လော်ဂျီ’ စတဲ့ စာအုပ်တွေကိုလည်း ရေးသားခဲ့ပါတယ်။
ဆရာကြီး တက္ကသိုလ် ကြယ်ပွင့် နဲ့ သူ့ဇနီးကို လူသုံးယောက်က သတ်ဖြတ် လုယက်ခဲ့တာပါ။ ဒီအမှုမှာတော့ ကျူးလွန်သူတွေကို ရက်ပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ပါတယ်။ ကျူးလွန်သူတွေဟာ ဆရာကြီးတို့အိမ်ကို ရေသန့်ပို့ရင်း ဝင်ထွက်နေသူတွေလို့ သိရပါတယ်။ ကျူးလွန်သူတွေကို ပဲခူးတိုင်း အုတ်ဖိုမြို့နယ်မှာ ဖမ်းဆီး ရမိခဲ့တာလည်း ဖြစ်ပါတယ်။
နောက်ထပ်ထိန့်စရာကောင်းတဲ့ လုယက်မှုကတော့ အောက်တိုဘာ ၃ ရက်က ဖြစ်ပွားခဲ့တာပါ။ အင်းစိန်မြို့နယ် ပေါက်တောဝမှာ လူစည်ကားပြီး ကားအသွားအလာမပြတ်တဲ့ အချိန်မှာပဲ ဆိုင်ကယ်စီးတဲ့ လူနှစ်ယောက်နဲ့ မလှမ်းမကမ်းမှာရှိနေတဲ့ လူနှစ်ယောက်က စက်ဘီးနဲ့လာတဲ့ မောင်နှမနှစ်ယောက်ကို ဓားနဲ့ထိုးပြီး ငွေပါလာတဲ့အိတ်ကို လုယက်ခဲ့တာပါ။ ဒီဖြစ်စဉ်မှာ အုပ်စုဖွဲ့အလုခံရတဲ့ မောင်နှမနှစ်ယောက်စလုံး ဓားဒဏ်ရာတွေ ရခဲ့သလို ငွေ ၁၃ သိန်းနဲ့ ဖုန်းသုံးလုံး ပါသွားခဲ့တယ်လို့လည်း သိရပါတယ်။
■ မလုံခြုံတော့ဘူး
ရန်ကုန်မြို့မှာ ခါးပိုက်နှိုက်တာတွေ၊ လုယက်တာတွေ၊ အနုကြမ်း စီးတာတွေနဲ့ ဓားပြတိုက်တာတွေက နေ့စဉ်နီးပါး ဖြစ်ပွားလာပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေး လျော့ရဲလာသလို ရှိလာတာကြောင့် တောကြောင်တွေ လက်ခမောင်းခတ်နေတဲ့အတွက် နေရာအနှံ့အပြားမှာ ခိုးဆိုးလုနှိုက်တွေက ဖြစ်ပွားနေခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မှာဆိုရင် လိုင်းကားပေါ်မှာ နေ့ခင်းကြောင်တောင်ကြီး တောင် အုပ်စုလိုက် ဓားထောက်ပြီး လူယက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
နိုဝင်ဘာ ၅ ရက် တစ်ရက် တည်းမှာပဲ YBS-22 နဲ့ YBS-94 ပေါ်မှာ အုပ်စုလိုက် ဓားထောက်ပြီး လုတာနဲ့ ရိုက်နှက်လုယက်တာတွေ ဖြစ်ပွားခဲ့ပါတယ်။
YBS-22 ယာဉ်လိုင်းဟာ လှိုင်သာယာ အနောက်ပိုင်းတက္ကသိုလ်ကနေ သခင်မြပန်းခြံအထိ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းလည်း ဖြစ်ပါတယ်။ နိုဝင်ဘာ ၅ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ထဲကနေ အင်းစိန်ဘက်ကို မောင်းလာတဲ့ YBS-22 ကားပေါ်ကို လူအုပ်စုလိုက် တက်လာပြီး ခရီးသည်တွေဆီက လုယက်သွားခဲ့တာလည်း ဖြစ်တယ်လို့လည်း သိရပါတယ်။
လှိုင်မြို့နယ် ဗဟိုလမ်းပေါ်မှာ မောင်းနှင်နေတဲ့ YBS-22 ကားပေါ် မှာ ခရီးသည်တချို့ကို အမျိုးသား ခြောက်ဦးက ဓားနဲ့ထောက် လုယက်ခဲ့တာဖြစ်ပြီး ဖုန်းနဲ့ ပိုက်ဆံအိတ်တွေကို ယူဆောင်သွားပါတယ်။
YBS-94 ကတော့ ကွန်ပျူတာတက္ကသိုလ်နဲ့ ရန်ကုန်ဘူတာကြီးကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းပါ။ နိုဝင်ဘာ ၅ ရက်က ကားပေါ်မှာ ခါးပိုက် နှိုက်တာကို ခရီးသည်တစ်ဦးက ဖုန်းနဲ့ ဓာတ်ပုံရိုက်တာကြောင့် အုပ်စုလိုက် ရိုက်နှက်ခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။
YBS-61 ကားပေါ်မှာလည်း နိုဝင်ဘာ ၈ ရက်က ခရီးသည် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးဆီကနေ ဖုန်းတွေကို အုပ်စုဖွဲ့ရိုက်နှက် လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာတော့ ကျူးလွန်ခဲ့သူ ရှစ်ဦးကို နာရီပိုင်းအတွင်း ဖမ်းဆီးမိခဲ့ပါတယ်။
ဒီလို လမ်းပေါ်မှာ၊ ကားပေါ်မှာ အုပ်စုဖွဲ့ လုယက်မှုဖြစ်စဉ်တွေ ကြောင့် မြို့နေလူထုဟာ မလုံခြုံမှုတွေကို အချိန်နဲ့အမျှ ခံစားနေရပါတယ်။
တောကြောင်တွေက အုပ်စုဖွဲ့ပြီး ဓားထောက် လုယက်တာတွေ၊ ရိုက်နှက်လုယက်တာတွေရှိလာတဲ့ အတွက်ကြောင့်လည်း မလုံခြုံတော့ဘူးဆိုတဲ့ အသံတွေက ပြည်သူတွေကြားမှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။
ဒီလိုအခြေအနေမှာပဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ လုံခြုံမှုမရှိရင် အထုပ်ပိုက်ပြီး ကင်းစောင့်အိပ်ရမယ်လို့ ဆိုလာပါတယ်။
နိုဝင်ဘာ ၁ ရက်က လုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “တိုင်းပြည်သာယာ ဝပြောတယ်ဆိုတာ ငွေချမ်းသာဖို့လည်း ရှိလိမ့်မယ်။ စိတ်ချမ်းသာဖို့လည်းလိုတယ်။ ငွေချမ်းသာဖို့၊ စိတ်ချမ်းသာဖို့လိုတယ်။ တရားဥပဒေ စိုးမိုးရေးဖြစ်ဖို့လည်းလိုတယ်။ ဒါမှ တိုင်းပြည် သာယာဝပြောမှာပေါ့။ ဒါမှမဟုတ်ရင် ကျွန်တော်တို့က တပူပူနဲ့။ ငွေကတော့ ချမ်းသာပါတယ်။ လုံခြုံမှုမရှိလို့ရှိရင် အထုပ်ပိုက်ပြီးတော့ ကင်းစောင့်ပြီး အိပ်နေရမှာပေါ့။ ငါ့ပစ္စည်း ဘယ်အချိန်ဘာလုမလဲဆိုပြီး ဖြစ်နေရမှာ။ ဒါတွေကျ လည်း ရှိသေးတာပေါ့” လို့ ပြောကြားခဲ့ပါတယ်။
နစကဥက္ကဋ္ဌက ဒီလိုပြောကြားခဲ့ပေမဲ့လည်း ဒုစရိုက်မှုတက်တူး အပြည့်နဲ့ ရန်ကုန်ကတော့ မလုံခြုံတော့တာ ကြာပါပြီ။
လက်ရှိဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုတားဆီးမလဲဆိုတာကို လုံခြုံရေးပိုင်းဆိုင်ရာ အစိုးရတာဝန်ရှိသူတွေအနေနဲ့ အစီအစဉ်တွေရေးဆွဲပြီး လက်တွေ့ လုပ်ဆောင်ဖို့ လိုနေပါပြီ။ နေ့စဉ်နဲ့အမျှ အောက်ခြေက ပြည်သူတွေအနေနဲ့ မလုံခြုံမှုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်နေရဲ့အတွက်ကြောင့်လည်း ဒီအတိုင်းသာ ဆက်ပြီးလွှတ်ထားမယ်ဆိုရင် ဒီထက်ပိုဆိုးဖို့ပဲ ရှိပါတော့တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
