(၁)
ရုရှား၏ ယူကရိန်းနယ်မြေများကို ကျူးကျော်မှုစစ်ပွဲက မပြီးသေး။ နောက်ဆက်တွဲစစ်ပွဲများကလည်း တိုးလာဖွယ်ရှိနေသည်။ ပျံ့နှံ့ကူးစက်လာနေသော စစ်ပွဲများကြောင့် ယူကရိန်းနိုင်ငံ၏ စိုက်ပျိုးသီးနှံတင်ပို့မှုများ သိသိသာသာလျော့ကျလာပါက စားနပ်ရိက္ခာဈေးနှုန်းများမြင့်တက်မှု သေချာပေါက်ဖြစ်လာမည်။ ထိုအခြေအနေမှတစ်ဆင့် စားနပ်ရိက္ခာမလုံခြုံမှုနှင့်အတူ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကိုမြင့်တက်လာနိုင်သည်ဟု သုတေသီများ၊ ပညာရှင်များကလေ့လာ သုံးသပ်နေကြပြီဖြစ်သည်။
အမေရိကန်နိုင်ငံ အိုင်အိုဝါ ပြည်နယ်တက္ကသိုလ်( Iowa State University) စီးပွားရေးပညာဌာန၏သင်ကြားရေးပါမောက္ခနှင့် စိုက်ပျိုးရေးနှင့်ကျေးလက်ဖွံဖြိုးမှုဌာန သင်ကြားရေးအဖွဲ့ဝင်ဖြစ်သူ ဒေါက်တာအမာနီအယ့်လဘိတ် (Amani Elobeid) ပါဝင်သည့် သုတေသနအဖွဲ့က ရုရှား -ယူကရိန်းစစ်ပွဲအခြေအနေကွင်းဆက်တုံ့ပြန်မှု (Chain Reaction) ကိုတွက်ချက်ခန့်မှန်း လေ့လာခဲ့ကြသည်။ ထိုလေ့လာတွေ့ရှိချက်များကို Nature Food အမည်ရှိ သင်ကြားရေးနှင့်
သုတေန ပညာရပ်ဂျာနယ်တစ်စောင်တွင် မကြာသေးခင်က ထည့်သွင်း၍ ပုံနှိပ်ထုတ်ဝေခဲ့သည်ဟုဆိုသည်။
(၂)
ဒေါက်တာအမာနီအယ့်လဘိတ်နှင့်အဖွဲ့သည် ကမ္ဘာ့သီးနှံဈေးကွက်များအပေါ် သက်ရောက် မှုများ၊ နောက်ဆက်တွဲ ရာသီဥတုအခြေအနေများကို ခန့်မှန်းရန် ရည်ရွယ်လျက် ရုရှနိုင်ငံက ယူကရိန်းကို ဖေဖေါ်ရီလကျူးကျော်ခဲ့မှုဖြစ်ပေါ်ပြီးနောက် အချိန်တိုအတွင်းမှာပင် အဆိုပါလေ့လာမှုကို စတင်ခဲ့ကြခြင်းဖြစ်သည်။ အမာနီအယ့်လဘိတ်က ၎င်းတို့အဖွဲ့အနေဖြင့် ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာကြီး မည်သို့မည်ပုံထိခိုက်နစ်နာမှုရှိနေသည်ကို ပြည့်ပြည်စုံစုံရှုမြင်နိုင်မည့် ရုပ်ပုံကားချပ်တစ်ခုကဲ့သို့ သရုပ်ဖော်တင်ပြနိုင်ရေး ကြိုးစားနေသည်ဟုဆိုထားသည်။
ဥရောပ၏ ရိက္ခာခြင်းတောင်း (Bread basket of Europe) ဟု တင်စားခေါ်ဝေါ်ခံရလေ့ရှိသည့် ယူကရိန်းသည် ဂျုံ နှင့်ပြောင်းသီးနှံ အဓိကပို့ကုန်နိုင်ငံဖြစ်သည်။ လွန်ခဲ့သည့် ဇူလိုင်လက ရုရှားနှင့်ချုပ်ဆိုခဲ့သော သဘောတူညီချက်တစ်ခုသည် ယူကရိန်းနိုင်ငံ၏ သီးနှံတင်ပို့မှုကို ခွင့်ပြုမှုရရှိစေရန် ရည်ရွယ်လုပ်ဆောင်ထားခြင်းဖြစ်သည်။ သို့သော် စစ်ပွဲ၏သက်ရောက်မှု ကန့်သတ်ချက်များသည်ယူကရိန်း၏ ပို့ကုန်များအပေါ် မည်၍မည်မျှသက်ရောက်မှုရှိမည် သို့မဟုတ် အပေါင်း လက္ခဏာ မည်သို့ဆောင်မည်ဆိုသည့်အချက်နှင့် ပတ်သက်၍ ရှင်းလင်းလင်း မသိရသေးပေ။ လေ့လာမှုထဲတွင် သုတေသီများက အလားအလာရှိသော အခြေအနေ (၄) ရပ်ကို စိစစ်လေ့လာထား၏။ ထိုအခြေအနေ (၄) ရပ်တွင် ယူကရိန်း၏ပို့ကုန် ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်မှုအခြေအနေနှင့် အခြားဆက်စပ်အခြေအနေများနှင့်ဆက်စပ်လျက် “ယူကရိန်းနိုင်ငံက ပို့ကုန်တင်ပို့နိုင်ခြင်းမရှိ” ဟု ယူဆထားသည့် အခြေအနေ (၃) ရပ်တို့ ပါဝင်သည်။ အခြားဆက်စပ်သည့် အခြေအနေများတွင် အမေရိကန်နှင့် အီးယူတို့၌ ဇီဝလောင်စာထုတ်လုပ်မှုလျှော့ချခြင်း၊ ရုရှားနိုင်ငံ၏ သီးနှံပို့ကုန် ၅၀ ရာခိုင်နှုန်းကျဆင်းနိုင်ခြင်းတို့ ပါဝင်သည်။
(၃)
ပါမောက္ခ အမာနီ အယ့်လဘိတ်နှင့်အဖွဲ့က ကမ္ဘာ့စိုက်ပျိုးရေးထုတ်ကုန်ဈေးကွက်များ၏ပြောင်းလဲမှုများသည် စားနပ်ရိက္ခာထုတ်လုပ်မှု၊ ကုန်သွယ်မှု၊စားသုံးမှုနှင့် ဈေးနှုန်းများအပေါ် မည်သို့မည်ပုံသက်ရောက်မည်။ သီးနှံစိုက်ပျိုးမှုများအတွက် မြေယာအသုံးပြုအပေါ် အပြန်အလှန်သက်ရောက်မှုများကို လေ့လာ၍ ခန့်မှန်းသုံးသပ်မှုများပြုလုပ်ထားသည်။ ဥပမာအားဖြင့် ဈေးကွက်အတွင်း ပြောင်းသီးနှံ ပြတ်လပ်မှုကြောင့် ပြောင်းဈေးနှုန်းများမြင့်တက်လာသောအခါ စိုက်ပျိုးရေးကို အဓိကထားသည့်နိုင်ငံများအတွက် ဈေးနှုန်းမက်လုံးများဖြစ်လာသည်။ ထိုဈေးနှုန်းမက်လုံးများကြောင့် အဆိုပါနိုင်ငံများတွင် စိုက်ပျိုးထုတ်လုပ်မှုတိုးချဲ့နိုင်ရေးအတွက် စိုက်ပျိုးမြေဧရိယာများချဲ့ထွင် ပြုပြင်လာနိုင်သည်။ အကျိုးဆက်မှာ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများပါ ဖြစ်လာနိုင်ခြင်းဖြစ်သည်။
လေ့လာမှုအရ ယူကရိန်း၏ပြောင်းပို့ကုန်ကျဆင်းမှုသည် ပြည်တွင်းစားသုံးမှုကိုဖြည့်ဆည်းရန်အတွ က်ဘရာဇီးနိုင်ငံသည်ပြည်တွင်းပြောင်းထုတ်လုပ်မှုကို တိုးချဲ့လာနိုင်သည်။ ထို့ကြောင့် ထူထပ်သိပ်သည်းစွာပေါက်ရောက်နေသော ဘရာဇီးသစ်တောများ လျော့ပါး ပြုန်းတီး မှုများရှိလာနိုင်သည်။ ထို့အတူအခြားသောကမ္ဘာနိုင်ငံများတွင်လည်း စိုက်ပျိုးမြေယာတိုးချဲ့အသုံးပြုမှုများ ရှိလာနိုင်သောကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် သိသာသော ဆိုးကျိုးသက်ရောက်မှုများရှိလိမ့် မည်။ သစ်တောပြုန်းတီးမှုများနှင့်အတူ ကာဗွန်ထုတ်လုပ်မှု ပမာဏလည်း မြင့်မားလာနိုင်သည်ဟုသုံးသပ်ထားသည်။
(၄)
သီးနှံဈေးနှုန်းများအပေါ်လည်း သက်ရောက်လာနိုင်သည်။ အခြေအနေပေါ်မူတည်၍ ပြောင်းစျေးနှုန်း ၄ ဒသမ ၆ ရာခိုင်နှုန်းအထိ မြင့်မား လာနေချိန်တွင် ဂျုံစျေးနှုန်းသည် ၇ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်သည်။ အမေရိကန်နိုင်ငံတွင် စားနပ်ရိက္ခာဈေးနှုန်းများ ငါး-ရာခိုင်နှုန်းထပ်မံမြင့်တက် လာမှုသည် စိုးရိမ်စရာမဟုတ်နိုင်သော်လည်း အလွန်အမင်းဆင်းရဲနွမ်းပါးကိုရင်ဆိုင်နေရသည့် နိုင်ငံများ၌ တစ်-ရာခိုင်နှုန်းမျှ ဈေးနှုန်းမြင့်တက်လာမှုကိုပင်လျှင်
ခံနိုင်စွမ်းမရှိနိုင်ပေ။ စားနပ်ရိက္ခာ မလုံခြုံမှု၊ ရိက္ခာပြတ်လတ်မှုတို့ကို သိသိသာသာခံစားရနိုင်သည်ဟု လည်းဆိုသည်။ ယခင်ကတည်းက မြင့်တက်နေပြီးဖြစ်သည့် သီးနှံဈေးနှုန်းများ ထပ်မံမြင့်မားလာသည့်အခါ ရိက္ခာသီးနှံနှင့်ပတ်သက်၍ ယူကရိန်းနိုင်ငံအပေါ် အလွန်အမင်းမှီခိုနေရသည့် အာဖရိက၊ အရှေ့အလယ်ပိုင်း ဒေသများရှိ ဆင်းရဲနွမ်းပါးလွန်းသော နိုင်ငံများ၌ ပိုမိုဆိုးရွားသော ရိက္ခာပြတ်လတ်မှု၊ ငတ်မွတ်ခေါင်းပါးမှုများ ဖြစ်လာနိုင်သည်ဟုလည်း ပါမောက္ခ အမာနီအယ့်လဘိတ်ကထောက်ပြထားသည်။
(၅)
လေ့လာတွေ့ချက်များအရ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ၊ ကာဗွန်ထုတ်လွှတ်မှုများအခြေအအေပေါ် သိသာသော ဆိုးကျိုးများလည်းရှိလာနိုင်သည်ကိုတွေ့ရသည်။ သီးနှံများစိုက်ပျိုးရေးအတွက် မြေယာသစ်ဖော်ထုတ် အသုံးပြုမှုဧရိယာသည် တစ်ကမ္ဘာလုံးအတိုင်းအတာအရ ၁၆ ဒသမ ၃ သန်း ဧကမှ ၄၅ သန်းဧကအထိ ရှိလာနိုင်သည်။ ထိုအခြေအနေသည် ပျမ်းမျှအားဖြင့် ကာဗွန်ထုတ်လွှတ်မှုပမာဏ ၅၂၇ သန်း မက်ထရစ်တန် နှင့် ၁ ဒသမ ၆ ဘီလျံ မက်ထရစ်တန်ကြား ပမာဏနှင့် ညီမျှသည့် အခြေအနေအထိမြင့်တက်လာစေမည်ဟုလည်းဟု ဖော်ပြထားသည်။
(၆)
ထို့ပြင် အစိုးရ၏အခန်းကဏ္ဍကိုလည်းထောက်ပြထားသည်။ ချမ်းသာသောနိုင်ငံများတွင် ဝင်ငွေနည်းသော အိမ်ထောင်စုများအတွက် အစိုးရ၏တိုးမြှင့် ထောက်ပံ့မှုများသည် ရိက္ခာစျေးနှုန်းမြင့်တက်မှုများကို တုံ့ပြန်ရာ၌ အထောက်အကူဖြစ်စေသော်လည်း ဆင်းရဲ သောနိုင်ငံများတွင် ထိထိရောက်ရောက်မဖြစ်နိုင်ပေ။ ကုန်သွယ်မှုကန့်သတ်ချက်များကို ဖယ်ရှားပေးခြင်းနှင့် ဇီဝလောင်စာထုတ်လုပ်မှုသတ်မှတ်ချက်များကို ယာယီလျှော့ချပေးခြင်းကဲ့သို့ လက်တွေ့ကျသည့် မူဝါဒများကို အကောင်အထည်ဖော်ပေးခြင်းတို့သည် ကမ္ဘာတစ်ဝန်းသီးနှံ ဈေးနှုန်းများကျဆင်းစေရန်နှင့် ကာဗွန်ထုတ်လွှတ်မှုကို တွန်းအားပေးသည့် မြေယာတိုးချဲ့ အသုံးပြုမှုများများကိုလျှော့ချစေရန် အထောက်အကူဖြစ်စေလိမ့်မည်ဟုဖော်ထုတ်ထားသည်။
(၇)
လက်ရှိဖြစ်ပေါ်နေသော ရုရှား-ယူကရိန်းစစ်ပွဲသည် အဆိုပါနှစ်နိုင်ငံစလုံး၏ အခြေအနေအရပ်ရပ်အပေါ်တိုက်ရိုက်သက်ရောက်လျက်ရှိသည်။ စစ်ပွဲစတင်ဖြစ်ပွားကတည်းက ကမ္ဘာ့စားနပ်ရိက္ခာ မလုံခြုံမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများစွာရှိခဲ့သည့်တိုင် အခြားတိုင်းပြည်များကလည်း ဈေးနှုန်းမက်လုံးများအပေါ်မူတည်၍ တိုးချဲ့ထုတ်လုပ်ကြမည်ဟုခန့်မှန်းခဲ့ကြသည်။
ယခုအချိန်တွင် ကာယကံရှင်နှစ်နိုင်ငံသာမက ဆက်စပ်နေသော နယ်မြေဒေသများ၊ နိုင်ငံများတွင်ပါ သက်ရောက်မှုများ ဆက်လက်ရှိနေသည်။
ပြောင်း၊ ဂျုံ၊ ဘာလီ၊ စပါး၊ ပဲပိစပ်၊ နေကြာ၊ ဂျုံစသည့် သီးနှံဈေးနှုန်းများလည်း ဆက်လက်မြင့်တက်လာပေလိမ့်မည်။ ကမ္ဘာ့စီးပွားရေး၊ ငွေရေးကြေးရေးအခြေအနေမတည်ငြိမ်သည့်ကာလနှင့်တိုက်ဆိုင်စွာ သီးနှံဈေးနှုန်း၊ ရိက္ခာပြတ်လတ်မှု၊ ငတ်မွတ်ခေါင်းပါးမှု၊ ကာဗွန်ထုတ်လွှတ်မှု၊ ရာသီဥတုပြောင်းလဲမှုများစသဖြင့် ကာလတို ၊ကာလရှည် သက်ရောက်မှု ပြဿနာများမှာ တန်းစီလျက်ရှိနေလေတော့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
