Top News

ရုရှား-ယူကရိန်းစစ်ပွဲနှင့် သမိုင်းတစ်ပတ်ပြန်လည်လာခြင်း
24htopnews | November 29, 2024 2:12 AM CST

တောင်ပိုင်းခါဆန်ဒေသတွင် ယူကရိန်း၏ တန်ပြန်ထိုးစစ်များ ဆက်လက်ဖြစ်ပွားနေပြီး ရုရှားအာဏာပိုင်များက ယင်းနေရာမှနေ၍ ရွှေ့ပြောင်းရန် အမိန့်ပေးခဲ့ရ သည့်အချိန်တွင် ကိယက်ဗ်မြို့ရှိ အရပ်ဘက် အခြေခံအဆောက်အအုံများအား ဒုံးကျည် များ၊ ဒရုန်းများအစုလိုက်အပြုံလိုက်ဖြင့် ရုရှား၏ မကြာသေးမီက တိုက်ခိုက်မှုများနှင့် အတူ ရုရှား-ယူကရိန်းစစ်ပွဲသည် တစ်ဖန် ပြန်၍ အရှိန်မြင့်လာခဲ့သည်။

သို့သော် ယခုနွေရာသီနှောင်းပိုင်းတွင် ခါကိဗ်အော့ဘလက်စ်ဒေသကို ယူကရိန်းက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းက အဓိက အလှည့်အပြောင်းတစ်ရပ် ဖြစ်ခဲ့ပုံရသည်။ ဒုတိယကမ္ဘာစစ်ကာလကို ကြည့်လျှင် ယင်းကို ဂျပန်တို့ ၁၉၄၂ ခုနှစ်၌ မစ်ဒ်ဝေးတိုက်ပွဲ တွင် မရှုမလှ ရှုံးနိမ့်ခဲ့မှုနှင့် နှိုင်းယှဉ်နိုင်သည်။

အမှန်စင်စစ်၊ ယူကရိန်းတွင် ဖြစ်ပွားနေသော ပဋိပက္ခ၏ ဆုံမှတ်တိုင်းတွင် သမိုင်း ၏ပဲ့တင်သံများက အထင်အရှား ရှိနေသည်သာဖြစ်၏။

ယခုမေလတွင် ဒါဗိုမြို့တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ အွန်လိုင်းမှ တစ်ဆင့် မိန့်ခွန်းပြောကြားရာတွင် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးဟောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာက “အကောင်းဆုံးက ပိုင်းခြားမျဉ်း (ယူကရိန်းနှင့် ရုရှားအကြား)ဟာ အရင်ကအတိုင်း ‘ပိုနေမြဲ ကျားနေမြဲ’ အနေအထား ကိုပြန်သွားသင့်တယ်”ဟု ဆိုသည်။

ကစ်ဆင်ဂျာ၏စကားများကို ယူကရိန်းအား သတိပေးချက်တစ်ခုအဖြစ် နားလည် နိုင်သည်- “ခရိုင်းမီးယားကျွန်းဆွယ်ကို ပြန်လည်ရယူရန် မစီစဉ်ပါနှင့်။”ဟူသော သတိ ပေးချက်ပင်ဖြစ်သည်။ ကစ်ဆင်ဂျာ၏ စကားများက ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးထံမှ ချက်ချင်းတုံ့ပြန်မှုကို ထွက်ပေါ်လာစေခဲ့သည်။ သူက ခပ်ရွဲ့ရွဲ့မှတ် ချက်ကို ပေးခဲ့သည်။ “ကစ်ဆင်ဂျာရဲ့ ပြက္ခဒိန်က ၂၀၂၂ ခုနှစ် မဟုတ်ဘဲ ၁၉၃၈ ခုနှစ် ဖြစ်နေပုံပါပဲ”ဟု ဆိုသည်။

၁၉၃၈ ခုနှစ်သည် ဗြိတိန်ဝန်ကြီးချုပ် နဗယ်ချိန်ဘာလိန်နှင့် ပြင်သစ်သမ္မတ အီဒ ဝက်ဒယ်လက်ဂျီတို့ မြူးနစ်မြို့တွင် အဒေါ့ဖ်ဟစ်တလာနှင့် တွေ့ဆုံခဲ့ပြီး နောက်ဆုံးတွင် ဆူဒီတန်လန်းကို ဂျာမနီက၎င်းတို့ပိုင်နက်ထဲ သွတ်သွင်းခြင်းအား သဘောတူညီခဲ့ရသည့် နှစ်ဖြစ်သည်။ ပူတင်၏ရုရှားနှင့်ပတ်သက်၍ ရွှေပြည်အေးတရားဟောသည့် မူဝါဒမှန်သမျှသည် နောက်ထပ် “မြူးနစ်အခိုက်အ တန့်”ဖြစ်လိမ့်မည်ဟု ဇယ်လန်းစကီးက ဆိုလိုခြင်းဖြစ်သည်။

ပူတင်က ယူကရိန်းစစ်ပွဲကို အထူးစစ်ဆင်ရေးတစ်ခုအဖြစ် ဖော်ပြခဲ့ပြီး ရုရှားနိုင်ငံ အတွင်း ပဋိပက္ခကို ဖော်ပြရာ၌ “စစ်ပွဲ”ဟူသော စကားလုံးကို အသုံးပြုခြင်းအား တား မြစ်ထားသည်။ ယင်းသည် ၁၉၃၇ ခုနှစ် “တရုတ်အရေးအခင်း” (ဒုတိယ တရုတ်-ဂျပန်စစ်ပွဲ)နှင့်ပတ်သက်သော ဘာသာစကားသုံးစွဲမှုကို ပဲ့တင်ထပ်သကဲ့သို့ဖြစ်နေ သည်။ ဂျပန်သည် တရားဝင် စစ်ကြေညာခြင်း မပြုဘဲ တရုတ်နိုင်ငံတွင် စစ်နွံအတွင်းသို့ မသိမသာ သက်ဆင်းသွားခြင်းဖြစ်သည်။

မန်ချူးအို (မန်ချူးရီးယား ရုပ်သေးနိုင်ငံတော်) တည်ထောင်လိုက်ခြင်းမှတစ်ဆင့် ၁၉၃၁ ခုနှစ် မက်ဒင်အရေးအခင်းမှနေ၍ ရယူခဲ့သော ဂျပန်နိုင်ငံ၏ လွယ်ကူသော အောင်ပွဲများက ဂျပန်ခေါင်းဆောင်များအား တရုတ်နိုင်ငံတွင် ဂျပန်၏အလားအလာကို အလွန်အမင်း အကောင်းမြင်သည့်ဘက်မှ အကဲဖြတ်ရန် လှုံ့ဆော်ပေးခဲ့သည်။ ခရိုင်း မီးယားကျွန်းဆွယ်ကို ရုရှားက ၎င်းတို့ပိုင်နက် အတွင်းသို့ လွယ်လွယ်ကူကူ သွတ်သွင်းနိုင်ခြင်းသည်လည်း ယူကရိန်းကို အပြည့်အဝ ကျူးကျော်မှုတွင် ရုရှားတို့ လျင်မြန်စွာ အောင်ပွဲခံနိုင်သည်ဟူ‌သော အလားတူ အကောင်းမြင်ယူဆချက်ကို လှုံ့ဆော်ပေးခဲ့ပုံရသည်။

ယူကရိန်းကို ရုရှားကကျူးကျော်မှု သည် ၁၉၃၉ ခုနှစ် နိုဝင်ဘာတွင် ကြားနေ ဖင်လန်နိုင်ငံကို ဆိုဗီယက်ယူနီယံက ကျူးကျော်တိုက်ခိုက်ခြင်းအား အမှတ်ရစရာဖြစ် စေသည်။ ယင်းတွင် ဖင်လန်သည် ဆိုဗီယက်တပ်များကို သူရဲကောင်းဆန်စွာ ခုခံကာ နောက်ဆုံးတွင် ငြိမ်းချမ်းရေးစာချုပ်ဖြင့် စစ်ပွဲ ပြီးဆုံးသွားခဲ့သည်။ ဖင်လန်က ဤဇာတ် လမ်းကို “ဆောင်းရာသီစစ်ပွဲ”ဟု ရည်ညွှန်းသည်။ ယူကရိန်းစစ်ပွဲသည် ယခုအချိန်တွင် ထိုကဲ့သို့သော “ဆောင်းရာသီစစ်ပွဲ” အခိုက်အတန့်ထဲသို့ ဝင်ရောက်လာခြင်းမျိုးဖြစ်နိုင်သည်။

အမှန်တကယ်၌ ၁၉၀၄- ၁၉၀၅ ရုရှား-ဂျပန်စစ်ပွဲကို ပြန်လည်အမှတ်ရစေသည့် “အခိုက်အတန့်”တစ်ရပ်က ပိုမိုကြီးမားသော အလားအလာတစ်ရပ်ကိုပင် ရုရှားအနေဖြင့် ရင်ဆိုင်ရရန်ဖြစ်နိုင်သည်။ ရုရှား၏ပင်လယ်နက်ရေယာဉ်စုတွင် အထင်ကရ ဖြစ်သော Moskva သင်္ဘောသည် လွန်ခဲ့သည့် ဧပြီလက ယူကရိန်းဒုံးကျည်များကြောင့် နစ်မြုပ်ခဲ့ခြင်းသည် ရုရှား-ဂျပန်စစ်ပွဲအတွင်း ရုရှားအင်ပါယာ၏ ဘောလ်တစ်ရေယာဉ်စုပျက်စီးသွားခြင်းကို အမှတ်ရစရာဖြစ်သည်။ ဂျပန်၏ အောင်ပွဲကြောင့် ရုရှားတွင် ဧကရာဇ်အစိုးရ ပြိုလဲသွားခဲ့သည်။

သို့သော် ရုရှားအနေဖြင့် ပို၍ချောင် ပိတ်မိလေလေ၊ ၎င်းအနေဖြင့် နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များ အသုံးပြုရန် တွန်းပို့ခံရမှုကို မလွန်ဆန်နိုင်ခြေ ပို၍များလေလေဖြစ်သည်။ အကယ်၍ ရုရှားသည် နျူကလီးယားရွေးချယ်ခွင့်ကို ထည့် သွင်းစဉ်းစားသည်အထိ စစ်ပွဲကြီးထွားလာပါက ကိုးကားရမည့် သမိုင်းဝင်အချိန်သည် ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည်အကျပ်အတည်း ဖြစ်သည်။ အမှန်တကယ်လည်း နိုင်ငံ တကာဆက်ဆံရေးပညာရှင် ချားကပ်ချန်းက ယူကရိန်းစစ်ပွဲသည် “ကျူးဘားဒုံးကျည် အကျပ်အတည်းနောက်ပိုင်း အန္တရာယ်အရှိဆုံး ပထဝီနိုင်ငံရေးဆိုင်ရာ အခိုက်အတန့်”ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် စစ်ပွဲသည် တရုတ်-ရုရှားဆိုင်ရာ အမေရိကန်ဆန့်ကျင်ရေး အုပ်စုတစ်စုကို လှုံ့ဆော်ပေးခဲ့သည်။ ဥဇဘတ်ကစ္စတန်ရှိ ဆမာကန့်မြို့တွင် ကျင်းပသည့် စက်တင်ဘာ ထိပ်သီးအစည်းအဝေး၌ တရုတ်သမ္မတ ရှီကျင်ပင်းအား ပြောကြားခဲ့သော ပူတင်၏ ပထမဆုံးစကားတို့မှာ ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ “တရုတ်၏ မေးခွန်းထုတ်မှုများ နှင့် စိုးရိမ်ပူပန်မှုများကို နားလည်ကြောင်း” နှိမ့်ချစွာ အာမခံမှုများဖြစ်သည်။

ရှီသည် ရုရှားအပေါ် သူ၏အပြုသဘောဆောင်သော ရပ်တည်ချက်နှင့် ပတ်သက်၍ ပြည်တွင်းမှ စိုးရိမ်မှုများနှင့် ဝေဖန်မှုများကို တားဆီးနိုင်ခဲ့ပြီး တရုတ်သည် ရုရှား ၏စစ်ပွဲနှင့် ခပ်ခွာခွာနေကြောင်း ပြင်ပကမ္ဘာအား အထင်ကြီးစေခဲ့သည်။ အမေရိကန်နှင့် တရုတ်တို့အကြား ပြင်းထန်သည့် ထိပ်တိုက်တွေ့မှုများကြားတွင် ရှီကပူတင်ကို စွန့်လွှတ်မည်မဟုတ်ပေ။ တရုတ်နိုင်ငံအပေါ် ရုရှား၏ စီးပွားရေးနှင့်ပတ်သက်၍ မှီခိုနေရမှုက နက်ရှိုင်းလာကာ တရုတ်က ရုရှား၏အနောက် နိုင်ငံများဘက် ဦးလှည့်မှုကို ပိတ်ဆို့ထားချိန်တွင် တရုတ်-ရုရှားဆိုင်ရာ အုပ်စုပေါ်ထွက် လာလိမ့်မည်ဖြစ်သည်။

သို့သော် ယူကရိန်းမှနေ၍ ရုရှားတပ်များ အပြည့်အဝ ပြန်လည်ဆုတ်ခွာသွားပါက ကွဲပြားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပေလိမ့်မည်။ ယင်းသည် ပူတင်၏ ကျဆုံးမှုနှင့် ရုရှားမတည်မငြိမ်ဖြစ်မှုဆီ ဦးတည်သွားစေနိုင်သည်။ လက်ရှိအချိန်တွင် မဖြစ်နိုင်ဟု ထင်ရသော်လည်း ရုရှားတွင် အနောက်တိုင်းအား ပိုမိုလိုလားသည့် အခင်းအကျင်းသစ် တစ်ရပ်ထွက်ပေါ်လာနိုင်သည်မှာလည်းဖြစ်နိုင်၏။ ထိုသို့သာဖြစ်လာပါက ၁၉၇၂ ခုနှစ် အခိုက်အတန့်တစ်ရပ် ပြန်ဖြစ်လာစေနိုင်သည်။

နစ်ဆင်၏ ၁၉၇၂ ခုနှစ်က တရုတ်ခရီးစဉ်သည် အနာဂတ်အခင်းအကျင်းတစ် ရပ်အတွင်း ဆိုဗီယက်ယူနီယံကိုထိန်းကျောင်းရန်အတွက် အမေရိကန်နှင့် တရုတ်အကြား နွေးထွေးသောဆက်ဆံရေးကို အစပြုခဲ့ခြင်းဖြစ်သော်လည်း တရုတ်ကို ထိန်းချုပ်ရန်အတွက် ရုရှားနှင့် အမေရိကန်တို့၏  ပိုမိုနီးကပ်သောဆက်ဆံရေးကိုသာ ထူထောင်နိုင် ခဲ့ပုံရသည်။ စစ်ပွဲစတင်ချိန်မှစ၍ အမေရိကန်နှင့်အတူ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည့် အခြားနိုင်ငံများသည် တရုတ်နိုင်ငံက တစ်ပိုင်းလျှပ်ကူး ပစ္စည်း၊ ဒရုန်းများ သို့မဟုတ် အခြားမဟာဗျူဟာဆိုင်ရာ ထုတ်ကုန်များ၊ အစိတ်အပိုင်းများနှင့် ကုန်ကြမ်းများအား ရုရှားနိုင်ငံသို့ တင်ပို့ခြင်းမပြုကြောင်း သေချာစေရန် တရုတ်နိုင်ငံကို စောင့်ကြည့်ခဲ့ကြသည်။

ထို့အတွက် တရုတ်နိုင်ငံ၏ Global Time သတင်းစာက “ရုရှားရဲ့ စစ်တပ်နဲ့ ကာကွယ်ရေး စက်မှုလုပ်ငန်းတွေကိုထောက်ပံ့တဲ့ တရုတ်ကုမ္ပဏီတွေကို အမေရိကန်က နာမည်ပျက်စာရင်းသွင်းလိုက်တာဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ကျော်က ရှစ်နိုင်ငံမဟာ မိတ်အဖွဲ့ကို အမှတ်ရစေတယ်။ ဒါပေမဲ့ ဒီနေ့ တရုတ်နိုင်ငံဟာ ပြည်ပအင်အားကြီး နိုင်ငံတွေ အနိုင်ကျင့်တာကိုခံရနိုင်တဲ့  ချင်မင်းဆက် (၁၆၄၄- ၁၉၁၁) မဟုတ်ဘူး”ဟု သဘောထားထင်မြင်ချက်ရေးသားကာ အနောက်နိုင်ငံများကို ဝေဖန်ခဲ့သည်။ ဤ သည်မှာ ပေကျင်းရှိ နိုင်ငံခြားသံရုံးများကိုဝိုင်းထားမှုကို အဆုံးသတ်ရန် ဘောက်ဆာ သူပုန်ထမှုအတွင်း ကမ္ဘာ့အင်အားကြီး ရှစ်နိုင်ငံက တပ်ဖွဲ့ဝင်အင်အား ၁၈,၀၀၀ ခန့်စေ လွှတ်ခဲ့သည့် ၁၉၀၀ ပြည့်နှစ်က အဖြစ်အပျက်များကို ရည်ညွှန်းဖော်ပြခြင်းဖြစ်သည်။

ရုရှား-ယူကရိန်းစစ်ပွဲကြောင့် တရုတ်ကုမ္ပဏီများအပေါ် အညှာအတာမဲ့‌သည့် ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်လာခြင်းနှင့် ပတ်သက်၍ တရုတ်က စိုးရိမ်မှုကြီးထွားလာ နေသည်။ နိုင်ငံတကာဆက်ဆံရေးပညာရှင် ဒေးကိုပယ်လန်းက “အမေရိကန်ရဲ့ ရေနံ ရောင်းချမှု ပိတ်ပင်ခြင်းနဲ့အတူ ထိုင်ဝမ်က တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေကို တရုတ် ရနိုင်ခွင့်ကို ဖြတ်တောက်ပစ်ဖို့ အမေရိကန်က ခြေလှမ်းတွေ လှမ်းလာနိုင်တယ်လို့ တ ရုတ်အရာရှိတွေက သံသယရှိခဲ့ကြတဲ့ ၁၉၄၁ ခုနှစ်ကလိုပါပဲဟု ရေးသားခဲ့သည်။

ပစ်မှတ်က ပို၍အရေးကြီးလေလေ၊ ပိတ် ဆို့အရေးယူမှုများက စစ်ပွဲဆီသို့ ဦးတည် သွားနိုင်ခြေ ပိုများလာလေလေဖြစ်သည်။ မည်သို့ပင်ဆိုစေ၊ စီးပွားရေးပိတ်ဆို့မှုများ ကျရှုံးသွားသောအခါ ဖြစ်ပျက်ခဲ့မှုများမှာ “၁၉၄၁ ခုနှစ် အခိုက်အတန့်”၏ ကြေကွဲဖွယ် ဥပမာတစ်ရပ်ဖြစ်ကြောင်း သတိရသင့်သည်။                      

Ref:The Japan Times


READ NEXT
Cancel OK