ယခုသီတင်းပတ်အတွင်း အမေရိကန် သမ္မတဂျိုးဘိုင်ဒင်တက်ရောက်မည့် အရှေ့ တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)ခေါင်းဆောင်များ၏ အစည်းအဝေးတွင် အ မေရိကန်-တရုတ်အားပြိုင်မှုနှင့် မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်နိုင်ခြေရှိမှု အပေါ်စိုးရိမ်မှုများမြင့်တက်နေသည့် အခြေအနေများက လွှမ်းမိုးသွားဖွယ်ရှိသည်။
အာဆီယံခေါင်းဆောင်များသည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တော်တွင် အာဆီယံအစည်းအဝေးကို စတင်ကျင်းပနေပြီဖြစ်သည်။ ယင်းအာဆီယံအစည်းအဝေး သည် လာမည့်သီတင်းပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင်ကျင်းပမည့် ဂျီ ၂၀ အစည်းအဝေး၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ကျင်းပမည့် APEC ညီလာခံတို့ မတိုင်မီပြုလုပ်သည့် ဒေသတွင်း သံတမန်ရေးရာ အားထုတ်ကြိုးပမ်းမှုတစ်ခုဖြစ်သည်။
ဘိုင်ဒင်အစိုးရအဖွဲ့က တရုတ်ကို အမေရိကန်၏ တစ်ခုတည်းသော ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဘက်အဖြစ် သတ်မှတ်ခဲ့ပြီး တရုတ်သည် ၎င်း၏ အာဏာရှင်ဆန်သည့်ပုံစံဖြင့် ကမ္ဘာ့အခင်းအကျင်းကိုပုံသွင်းရန် ကြိုးပမ်းနေသည်ဟု ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း ဘိုင်ဒင်၏ ဒုတိယမြောက် အာရှခရီးစဉ်ဖြစ်သည့် ယင်းအာဆီ ယံအစည်းအဝေးတွင် ဘိုင်ဒင်သည် အာဆီယံခေါင်းဆောင်များကို အမေရိကန်ဘက်တွင် ရှိနေစေရန် ဆွယ်တရားဟောဖွယ်ရှိနေသည်။ အာဆီယံခေါင်းဆောင်အများစုမှာ ၎င်းတို့၏ အိမ်နီးချင်းဖြစ်ပြီး အဓိကကုန်သွယ်ဘက်ဖြစ်သည့် တရုတ်ကို ဆန့်ကျင်ပြီး အမေရိကန် ဘက်တွင်ရပ်တည်နေရသည့်အခြေအနေကို စိုးရိမ်နေကြသည်။
ဘိုင်ဒင်သည် ထိုင်ဝမ်အရေးအပါအဝင် ဒေသတွင်းငြိမ်းချမ်းရေး၏ အရေးကြီးမှုနှင့် စည်းမျဉ်းစည်းကမ်းများအပေါ် အခြေပြုသည့် နိုင်ငံတကာအခင်းအကျင်းကို လေး စားရန် တွန်းအားပေးပြောဆိုလိမ့်မည်ဟု အမေရိကန်ထိပ်သီးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
သြဂုတ်လအတွင်းက ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်း အဝေးတွင် အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပယ်လိုစီ၏ ထိုင်ဝမ်ခရီးစဉ်နှင့်
ထိုင်ဝမ်အား ၎င်း၏ နယ်မြေအဖြစ် ကြေညာထားသည့် တရုတ်၏ ဒေါသတကြီးတုံ့ပြန်ခဲ့ သည့်အကြောင်းအရာများက လွှမ်းမိုးခဲ့သည်။
ဘိုင်ဒင်၏ အာဆီယံအစည်းအဝေးခရီး စဉ်မတိုင်မီ သံတမန်ရေးအရ လက်ဦးမှုရယူ သည့်အနေဖြင့် တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်းသည် နိုဝင်ဘာ ၈ ရက်က ကမ္ဘောဒီး ယားနိုင်ငံ ဖနွမ်ပင်မြို့တော်သို့ ရောက်ရှိခဲ့ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
မေလက ၀ါရှင်တန်တွင် အာဆီယံခေါင်းဆောင်များနှင့်ပြုလုပ်ခဲ့သည့် အစည်းအဝေး တွင် ဘိုင်ဒင်က အရှေ့တောင်အာရှနိုင်ငံများ အတွက် ထောက်ပံ့ပေးရန် ဒေါ်လာသန်း ၁၅၀ ကတိပြုခဲ့သည်။ သို့သော် ယင်းပမာဏသည် ပြီးခဲ့သည့်နှစ်က တရုတ်၏ ဒေသတွင်း COVID-19 ကပ်ရောဂါဆိုင်ရာ ထောက်ပံ့မှုအဖြစ် ကတိပြုခဲ့သည့် ဒေါ်လာ ၁.၅ ဘီလျံ နှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးသည့် ပမာဏဖြစ်သည်။
ထိုအချိန်အတောအတွင်း ထိုင်ဝမ်အရေး၊ ရှင်ကျန်းဒေသတွင် လူ့အခွင့်အရေးချိုး ဖောက်မှုများအပါအဝင် အခြားအရေးကိစ္စများကြောင့် အမေရိကန်နှင့် တရုတ်ဆက်ဆံ ရေးမှာ ယိုယွင်းခဲ့ပြီး အနောက်နိုင်ငံများကလည်း ၎င်းတို့မြေပေါ်တွင် တရုတ်အစိုးရနှင့် သဘောထားကွဲလွဲသူများကို နှောင့်ယှက်မှု အပါအဝင် တရုတ်အစိုးရ၏ လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး စောဒကတက်ခဲ့ကြသည်။
တရုတ်သမ္မတ ရှီကျင်းပင်ကမူ အမေရိကန်နှင့် တရုတ်သည် အတူတကွပူးပေါင်း အဖြေရှာရမည်ဟု ပြောကြားခဲ့သော်လည်း တစ်ချိန်တည်းမှာပင် အမေရိကန်ကို အ လျှော့မပေးသည့် ၎င်း၏ အင်အားပြလိုသည့် နိုင်ငံခြားရေးမူဝါဒကိုလည်း ချပြခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ပြုလုပ်မည့် ဂျီ ၂၀ အစည်းအဝေးတွင် တ ရုတ်သမ္မတ ရှီ တက်ရောက်ဖွယ်ရှိပြီး ယင်း အစည်းအဝေးတွင် သူသည် အမေရိကန် သမ္မတဘိုင်ဒင်နှင့် ဘေးဆွယ်အစည်းအဝေး တစ်ခု၌ပထမဆုံးအကြိမ် မျက်နှာစုံညီ တွေ့ဆုံဖွယ်ရှိသည်။
“တရုတ်ကတော့ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ပိုပြီး ခိုင်မာစေဖို့ ကြိုးပမ်းပါလိမ့်မယ်။ အဲဒီလို ဒေသတွင်း ထောက်ခံမှုတွေကို တိုးမြှင့်ပြီး အမေရိကန် ထိပ်တိုက်တွေ့ချိန်မှာ အာဆီယံနိုင်ငံတွေက သူ့ (တရုတ်)ကို ဆန့်ကျင်ပြီး အမေရိကန် ဘက်မှာ မရပ်တည်အောင် သေချာလုပ်ဆောင်ပါလိမ့်မယ်“ဟု စင်ကာပူနိုင်ငံ၏ လီ ကွန်ယူး ပြည်သူ့မူဝါဒကျောင်းမှ ကျွမ်းကျင် သူတစ်ဦးဖြစ်သူ ယောင်ဝွတ်ရူက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
ယူကရိန်းစစ်ပွဲသည်လည်း အာဆီယံအစည်းအဝေးတွင် လွှမ်းမိုးဖွယ်ရှိနေသည့် အကြောင်းအရာတစ်ခုဖြစ်သည်။ အာဆီယံအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ကမ္ဘောဒီးယားနိုင်ငံကမူ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးကို ဗီဒီယိုဆက်သွယ်မှုမှတစ်ဆင့် အစည်းအဝေးသို့ ဖိတ်ကြားရန် စဉ်းစားနေသည်။
တရုတ်သည် ရုရှား၏ ယူကရိန်းကို ကျူးကျော်မှုအတွက် ရုရှားအပေါ် နိုင်ငံတကာ၏ ပိတ်ဆို့မှုများတွင် ပူးပေါင်းပါဝင်ခြင်းမရှိခဲ့ဘဲ ရုရှားကို ရှုတ်ချရန် ငြင်းဆိုခဲ့သည်။
ရုရှားနိုင်ငံသည်လည်း ယင်းအာဆီယံ အစည်းအဝေးသို့တက်ရောက်ရန် ဖိတ်ကြား ခံခဲ့ရသော်လည်း မည်သူ့ကို ကိုယ်စားလှယ်အဖြစ် စေလွှတ်မည်ဆိုခြင်းကို ရှင်းလင်းစွာ မသိရသေးပေ။
မြောက်ကိုရီးယား ဒုံးကျည်အရေး
အာဆီယံအစည်းအဝေးတွင် ကိုရီးယားကျွန်းဆွယ်ပေါ်၌ မြင့်တက်နေသည့် တင်းမာ မှုအခြေအနေကိုလည်း ဆွေးနွေးဖွယ်ရှိနေသည်။ မြောက်ကိုရီးယားသည် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းအပါအဝင် လက်နက်စမ်းသပ်မှုများကို စံချိန်တင်ပြုလုပ်ခဲ့သည်။
ယင်းလက်နက်စမ်းသပ်မှုများသည် နျူကလီးယားစမ်းသပ်မှုဖြင့် အဆုံးသတ်သွား နိုင်သည်ဟု အမေရိကန်နှင့် တောင်ကိုရီးယားတို့က သတိပေးခဲ့ကြသည်။
တရုတ်နှင့် အနီးစပ်ဆုံးမဟာမိတ်ဖြစ်သည့် မြောက်ကိုရီးယားကမူ ၎င်း၏ လက် နက်စမ်းသပ်မှုများသည် ပြီးခဲ့သည့်သီတင်း ပတ်ကုန်က အဆုံးသတ်ခဲ့သည့် အမေရိကန်နှင့် တောင်ကိုရီးယားလေတပ်တို့၏ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုများကို တုံ့ပြန်ခြင်းသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဘိုင်ဒင်သည် အာဆီယံအစည်းအဝေး သို့မဟုတ် ဂျီ ၂၀ အစည်းအဝေးတွင် တောင်ကို ရီးယားသမ္မတ ယွန်းဆက်ယို၊ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါတို့နှင့်လည်း သီးခြားစီတွေ့ ဆုံဆွေးနွေးဖွယ်ရှိနေသည်ဟု ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။
ကမ္ဘောဒီးယားတွင်ပြုလုပ်မည့် အာဆီယံအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ နိုင်ငံ ရေးအကျပ်အတည်းကိုလည်း ဆွေးနွေးသုံးသပ်အဖြေရှာဖွယ်ရှိသည်။ အမေရိကန်သမ္မ တ ဘိုင်ဒင်ကလည်း ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး အာဆီယံအပေါ် ဖိအားပေးဖွယ်ရှိနေသည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
