ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာတွင် နိုင်ငံများအနေဖြင့် ပူပေါင်းဆောင်ရွက်ကြရမည် သို့မဟုတ် အားလုံးကိုယ့်သေတွင်း ကိုယ်တူးသလိုဖြစ်မည်ဟု နိုဝင်ဘာ ၇ ရက်တွင် ကုလသမဂ္ဂအကြီးအကဲက သတိပေးသည်။ UN COP27 ထိပ်သီးတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အထက်ပါအတိုင်း သတိပေးလိုက်ခြင်းဖြစ်သည်။
တစ်ကမ္ဘာလုံးပူနွေးမှုကို ခံစားနေကြရသော ဖွံ့ဖြိုးဆဲနိုင်ငံများကမူ လေထုညစ်ညမ်းစေသည့်အရာများကို ပိုမိုထုတ်လွှတ်သော ချမ်းသာသည့် နိုင်ငံများက ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးအတွက် ပိုမိုဆောင်ရွက်ပေးရန်လည်း အဆိုပါထိပ်သီးဆွေးနွေးပွဲတွင် တောင်းဆိုနေကြသည်။
နိုင်ငံတော်အကြီးအကဲနှင့် အစိုးရအဖွဲ့အကြီးအကဲ ၁၀၀ နီးပါးသည် အီဂျစ်၏ပင်လယ်နီအပန်းဖြေမြို့ ရှမ်အယ်လ်ရှိတ်တွင် အစည်းအဝေးပြုလုပ်နေကြသည်မှာ နှစ်ရက်ရှိပြီဖြစ်သည်။
အဆိုပါအစည်းအဝေးသည် နိုဝင်ဘာ ၆ ရက်တွင်စတင်ခြင်းဖြစ်ပြီးနိုဝင်ဘာ ၁၈ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကို လျှော့ချရန်နှင့် မြင့်တက်လာသော အပူချိန်များ၏ အကျိုးဆက်များကို ဆိုးဆိုးရွားရွားခံစားနေရသော ဖွံ့ဖြိုးဆဲနိုင်ငံများအား ဘဏ္ဍာရေးအားဖြင့် ပံ့ပိုးမှုများပေးရန်အစည်းအဝေးတွင် ဆော်သြမှုများ ရှိနေသည်။
“လူသားဟာ ပူးပေါင်းဆောင်ရွက်မှု ဒါမှမဟုတ် သေဆုံးမှုဆိုတဲ့ ရွေးချယ်မှုတစ်ခု ရှိပါတယ်” ဟု ဂူတာရက်စ်က UN COP27 အစည်းအဝေးတွင် ပြောကြားခဲ့သည်။
“ဒါဟာ ရာသီဥတုစည်းလုံးညီညွတ်မှုသဘောတူညီချက် ဒါမှမဟုတ် အားလုံးကိုယ့်သေတွင်း ကိုယ်တူးမှု သဘောတူညီချက်ဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကမ္ဘာသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) သို့ ကူးပြောင်းရေးကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ရန် ဂူတာရက်စ်က တိုက်တွန်းလိုက်ပြီး လေထုထဲ၌ အပူဓာတ်ကို ပိတ်မိစေသော ထုတ်လွှတ်မှုများအတွက် အနည်းဆုံးတာဝန်ရှိသော ပို၍ဆင်းရဲသည့်နိုင်ငံများကို လေထုကိုပိုမိုညစ်ညမ်းစေသော ချမ်းသာသည့်နိုင်ငံများက အကူအညီပေးရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
အားလုံးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် စျေးသက်သာသော စွမ်းအင်တို့ကိုရရှိစေရန် ရည်မှန်းချက် ရှိထားသင့်သည်ဟု ၎င်းက ပြောကြားခဲ့ပြီး အဆိုပါရည်မှန်းချက်ကို အမေရိကန်ပြည်ထောင်စုနှင့် တရုတ်တို့က ဦးဆောင်၍ အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည်။
အမေရိကန်-တရုတ် တင်းမာမှုများကြောင့် တရုတ်က အမေရိကန်နှင့်အတူ ရာသီဥတုပူးပေါင်းဆောင်ရွက်မှုကို ချက်ချင်း ရပ်ဆိုင်းခဲ့သည်။ သမ္မတရှီကျင်းပင်က ရာသီဥတုထိပ်သီးအစည်းအဝေးကို တက်ရောက်ခြင်းမရှိပေ။
သမ္မတဂျိုးဘိုင်ဒင်ကမူ အမေရိကန်သက်တမ်းဝက်ရွေးကောက်ပွဲအပြီး ယခုသီတင်းပတ်နှောင်းပိုင်းတွင် ယင်းထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မည်ဖြစ်သည်။
မယုံကြည်မှု ဆက်လက်ရှိနေခြင်း
ကမ္ဘာတစ်ဝန်းက နိုင်ငံများမှာ ယခုနှစ်တွင် လူ့အသက်ထောင်ချီဆုံးရှုံးခဲ့ရပြီး ဒေါ်လာဘီလျံချီ ဆုံးရှုံးခဲ့ရသည့် ပြင်းထန်မှုတိုးလာသော သဘာဝဘေးအန္တရာယ်များကို ဖြေရှင်းနေကြရသည်။
အဆိုပါသဘာဝဘေးအန္တရာယ်များမှာ နိုင်ဂျီးရီးယားနှင့် ပါကစ္စတန်တို့တွင် ဆိုးဆိုးရွားရွားရေကြီးမှုများမှသည် အမေရိကန်ပြည်ထောင်စုနှင့် အာဖရိကနိုင်ငံအချို့၌ မိုးခေါင်မှုများအထိသာမက တိုက်ကြီးသုံးခုတွင် မကြုံစဖူးအပူလှိုင်းကျရောက်မှုများ ဖြစ်ကြသည်။
“ကျွန်တော်တို့ဟာ ကပ်ဘေးတစ်ခုပြီး တစ်ခုကြုံနေကြရပါတယ်။ ဒီဒုက္ခအားလုံးကို အဆုံးသတ်ဖို့ အချိန်မကျသေးဘူး” ဟု အီဂျစ်သမ္မတ အဗ္ဗဒယ်ဖတာ့အယ်စီစီက ပြောကြားခဲ့သည်။
ချမ်းသာသော နိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံများ၏စီးပွားရေးများကိုစိမ်းလန်းအောင် လုပ်ဆောင်ပေးရန် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ ပံ့ပိုးပေးမည်ဆိုသည့် ကတိကို ဖြည့်ဆည်းပေးရန် ပျက်ကွက်နေခြင်းအတွက် ဝေဖန်ခံနေရခြင်းနှင့်အတူ ငွေကြေးသည် UN COP27 ထိပ်သီးဆွေးနွေးပွဲတွင် အဓိကကိစ္စအဖြစ် ပေါ်ထွက်လာခဲ့သည်။
“ဒါဟာ မယုံကြည်မှု ဆက်လက်ရှိနေရခြင်းအတွက် အဓိကအကြောင်းရင်းဖြစ်ပါတယ်။ ဆက်တိုက်ဖြစ်နေတဲ့ (လေထု) ညစ်ညမ်းမှုအတွက် ကောင်းမွန်တဲ့အကြောင်း ပြချက်လည်း မရှိပါဘူး” ဟု ၂၀၂၃ ခုနှစ်အတွက် အာဖရိကရာသီဥတုထိပ်သီးဆွေးနွေးပွဲကို ကြေညာခဲ့သော ကင်ညာသမ္မတ ဝီလျံရူတိုက ပြောကြားခဲ့သည်။
ရုရှား၏ ယူကရိန်းကို ကျူးကျော်မှုမှသည် ငွေကြေးဖောင်းပွမှုမြင့်တက်ခြင်းနှင့် ကိုဗစ်ကူးစက်ရောဂါ၏ တာရှည်အကျိုးဆက်များအထိ အကျပ်အတည်းများ တစ်ပြိုင်တည်းဖြစ်ပေါ်ခြင်းကြောင့် ရာသီဥတုပြောင်းလဲမှုကိစ္စ ကိုင်တွယ်ဆောင်ရွက်မှုမှာ အစိုးရများ၏ ဦးစားပေးစာရင်းမှ ကျဆင်းသွားမည်ဟူသော စိုးရိမ်မှုများကို ပေါ်ပေါက်စေသည်။
ရာသီဥတုငရဲသို့ သွားရာလမ်း
ယူကရိန်းတွင် သမ္မတပူတင်ဆင်နွှဲနေသော ရွံရှာဖွယ်စစ်ပွဲနှင့် ကမ္ဘာတစ်ဝန်း စွမ်းအင်စျေးနှုန်းများ မြင့်တက်ခြင်းတို့က ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဆောင်ရွက်ရာတွင် အရှိန်နှေးကွေးသွားစေသည့် အကြောင်းပြချက်မဟုတ်ဟု ဗြိတိန်ဝန်ကြီးချုပ် ရီရှိဆူနက်က ပြောကြားသည်။
နိုင်ငံ၏ ဓာတ်ငွေ့ကို မှီခိုနေရသော စီးပွားရေးမှာ ရုရှား၏ ဓာတ်ငွေ့ဖြတ်တောက်မှုများကြောင့် အခက်အခဲများ ကြုံတွေ့နေရသည့် ဂျာမနီဝန်ကြီးချုပ် အိုလော့ဖ်ရှိုးလ်ကလည်း ကမ္ဘာတစ်ဝန်းရုပ်ကြွင်းလောင်စာများ ပြန်လည်ဆန်းသစ်လာမှုကို သတိပေးခဲ့သည်။
ပိုမိုရည်မှန်းချက်ကြီးသော ပါရီသဘောတူညီချက်ပါ သတ်မှတ်ချက်ဖြစ်သည့် စက်မှုခေတ်ဦးအပူချိန်အထက် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီယက်အထိ၌ အပူချိန်မြင့်တက်မှုကို ထိန်းထားရေးအတွက် ကာဗွန်ထုတ်လွှတ်မှု နှစ်ဆလျှော့ချသော နိုင်ငံများနှင့်အတူ ချမ်းသာသော ဓာတ်ငွေ့ထုတ်လွှတ်နိုင်ငံများနှင့် ထွန်းသစ်စစီးပွားရေးနိုင်ငံများအကြား သမိုင်းဝင်သဘောတူညီချက်တစ်ရပ်ကို ဂူတာရက်စ်က ဆော်သြခဲ့သည်။
လက်ရှိလမ်းကြောင်းများက ဆယ်စုနှစ်အကုန်လောက်၌ ကာဗွန်ညစ်ညမ်းမှု ၁၀ ရာခိုင်နှုန်း မြင့်တက်လာသည်ကို မြင်ရစေလိမ့်မည်ဖြစ်ပြီး ကမ္ဘာကို ၂ ဒသမ ၈ ဒီဂရီဆဲလ်စီယက်အထိ ပူပြင်းစေမည့်လမ်းကြောင်း ပေါ်ရောက်သွားစေလိမ့်မည်ဖြစ်သည်။
“ကျွန်တော်တို့ဟာ လီဗာပေါ်ခြေထောက်တင်ထားဆဲအနေအထားမှာ ရာသီဥတုငရဲဆီသွားတဲ့ အဝေးပြေးလမ်းမပေါ်ကို ရောက်နေကြပါတယ်” ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။
ပို၍ဆင်းရဲသောနိုင်ငံများသည် “ဆုံးရှုံးမှုနှင့် ထိခိုက်မှုပြဿနာ” ကို ဖြေရှင်းရန် အောင်မြင်စွာ တိုက်ပွဲဝင်ခဲ့ကြသည်။
“ဆုံးရှုံးမှုနှင့် ထိခိုက်မှုပြဿနာ”ဆိုသည်မှာ UN COP27 အစည်းအဝေးတွင် တရားဝင်ဆွေးနွေးခဲ့သော အကြောင်းအရာဖြစ်၍ ရာသီဥတုဆိုင်ရာ သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်သည့် ထိခိုက်မှုအတွက် လျော်ကြေးဖြစ်သည်။
“ခင်ဗျားတို့လုပ်ဆောင်မှုတွေရဲ့ပြင်းထန်တဲ့အကျိုးသက်ရောက်မှုတွေကို ခံစားနေရတဲ့ သမုဒ္ဒရာနိုင်ငံတွေဖြစ်တဲ့ ကျွန်တော်တို့ကို ခင်ဗျားတို့ကြောင့် ဖြစ်လာတဲ့ထိခိုက်မှုတွေ ပြန်လည်ပြင်ဆင်ရာမှာ အထောက်အကူပေးရမှာဖြစ်ပါတယ်” ဟု ဆေရှယ်လီသမ္မတ ၀ါဗယ်ရမ်ခါလာဝမ်က ပြောကြားခဲ့ပြီး ၎င်း၏ ကျွန်းနိုင်ငံသည် မြင့်တက်လာသော ရေမျက်နှာပြင်များ၏ ခြိမ်းခြောက်မှုကို ခံနေရသည်။
ဆုံးရှုံးထိခိုက်မှု ရန်ပုံငွေအတွက် ရေနံကုမ္ပဏီများ၏ အမြတ်ငွေများအပေါ် အခွန်အများအပြားကောက်ခံရန် ဘာဘေးဒိုးဝန်ကြီးချုပ် မီယာမော့တလေက တောင်းဆိုခဲ့သည်။
ရှင်သန်နေသော အိပ်မက်ဆိုး
အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ (အီးယူ)တို့က ရာသီဥတုသက်ရောက်မှုများအတွက် လျော်ကြေးကိစ္စကို နှစ်ပေါင်းများစွာ အချိန်ဆွဲထားကြပြီး ပွင့်လင်းမြင်သာသော လျော်ကြေးပေးရေး မူဘောင်တစ်ရပ်ဖန်တီးမည်ကို စိုးရိမ်လျက်ရှိကြသည်။
“ဆုံးရှုံးမှုနဲ့ထိခိုက်မှုဟာ အဆုံးမဲ့ဆွေးနွေးမှုနဲ့သက်ဆိုင်တဲ့ စိတ်ကူးယဉ်သက်သက်အကြောင်းအရာ မဟုတ်ပါဘူး” ဟု ရူတိုက ပြောကြားခဲ့သည်။ “ဒါဟာ အာဖရိက ပြည်သူသန်းပေါင်းများစွာအတွက် နေ့စဉ်အတွေ့အကြုံနဲ့ ရှင်သန်နေတဲ့ အိပ်မက်ဆိုးဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဆုံးရှုံးမှုနှင့် ထိခိုက်မှုတို့နှင့်ပတ်သက်၍ ခိုင်မာသော ရလဒ်များထွက်ပေါ်ရေးမှာ UN COP27 အောင်မြင်ရေးအတွက် အစိုးရများ၏ဆောင်ရွက်ချက်ကို မှတ်ကျောက်တင်စမ်းသပ်ချက်ဖြစ်သည်ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။
ကျောက်မီးသွေးအသုံးပြုခြင်းမှ ကင်းကွာစေရေးအတွက် ချေးငွေများနှင့် ထောက်ပံ့ကြေးများပုံစံဖြင့် အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ ဘီလျံကို တောင်အမေရိကနိုင်ငံက လက်ခံရရှိစေရန် လမ်းပွင့်သွားစေမည့် အစီအမံတစ်ရပ်ကို ချမ်းသာသော နိုင်ငံများအုပ်စုက အတည်ပြုခဲ့သည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
