မော်လမြိုင်မြို့ ရခိုင်ကုန်းရပ် မော်လမြိုင်-မုဒုံကားလမ်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဘက်စုံမွေးမြူရေးတပ်ဝန်းအနီး ဇန်နဝါရီ ၃၁ ရက် နံနက် ဝဝး၃၀ နာရီခန့်က မိုးကောင်းကင် ခရီးသည်တင်မှန်လုံယာဉ်နှင့် MAZDA BONGO SK 82 T အမျိုးအစား ယာဉ်တို့ ယာဉ်တိုက်မှုဖြစ်ပွားရာမှ သုံးဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာမုဒုံမြို့ဘက်မှ မော်လမြိုင်မြို့ဘက်သို့ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် တောကြီးကျေးရွာနေ ယာဉ်မောင်း ကျော်စွာလင်း (၃၅ နှစ်) (ဘ) ဦးဖိုးစံမောင်းနှင်လာသည့် 9L/---SCANIA အမျိုးအစား အဖြူရောင် မိုးကောင်းကင်ခရီးသည်တင် မှန်လုံယာဉ်သည် ရှေ့မှ လားရာတူမောင်းနှင်နေသည့် ဆိုင်ကယ်အားကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး မော်လမြိုင်မြို့ဘက်မှ မုဒုံမြို့ဘက်သို့ မုဒုံမြို့၊ ကျောင်းသစ်ရပ်ကွက်၊ မြတ်လေးလမ်းနေ ယာဉ်မောင်း ဦးတင်ကို (၄၅ နှစ်) မောင်းနှင်ပြီး ယာဉ်နောက်တွင် မုဒုံမြို့နယ် နိုင်ပြိုင်ကျေးရွာနေ ဦးတင်ကိုကို (၃၂ နှစ်) (ဘ) ဦးကျော်ဝင်း၊ မုဒုံမြို့ ပိန္နဲတိုက်ရပ်ကွက်နေ ဦးညိုဝင်း (၅၂ နှစ်) (ဘ) ဦးထွန်းစိန်၊ မုဒုံမြို့စာစင်ရပ်ကွက်နေ ဦးဝင်းထွန်း (၃၃ နှစ်) (ဘ) ဦးမောင်ဟူ၊ မုဒုံမြို့နေ ဦးမျိုးဝင်းအောင် (၃၄ နှစ်)၊ မုဒုံမြို့ကွမ်က ဒေါင်ရပ်ကွက်နေဦးကိုလွင် (၄၀ နှစ်) တို့ လိုက်ပါစီးနင်းလာသည့် 4F/-- MAZDA BONGO SK 82 T အမျိုးအစား အဖြူရောင်ယာဉ်အား မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့ကြောင်း မုပွန်နယ်မြေရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။
ယင်းသို့ မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုကြောင့် 4F/-- MAZDA BONGO SK 82 T ယာဉ်မောင်းနှင်သူ ဦးတင်ကိုတွင် ဦးခေါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာ၊ ဘယ်လက်မောင်း ဖူးရောင်ဒဏ်ရာ၊ ဘယ်ခြေထောက် ဖူးရောင်ဒဏ်ရာ၊ ဦးမျိုးဝင်းအောင်တွင် ဦးခေါင်းဘယ်ဘက် ချိုစောင်းပေါက်ပြဲ ဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာ၊ နားနှင့် ပါးစပ်သွေးထွက်ဒဏ်ရာ၊ ဦးကိုလွင်တွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ ဘယ်ခြေထောက်နှင့် ဘယ်ဘက်လက်ဖူးရောင် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ ဦးညိုဝင်းတွင် နောက်စေ့ပေါက်ပြဲ ဒဏ်ရာ၊ ဦးဝင်းထွန်းတွင် နောက်စေ့ပေါက်ပြဲ ဒဏ်ရာ၊ ဦးတင်ကိုကိုတွင် ဘယ်ဘက်လက် မောင်းဖူးရောင်ဒဏ်ရာများရရှိခဲ့ပြီး မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ မော်လမြိုင်မြို့ရှိ လူမှုကူညီကယ်ဆယ်ရေးအသင်းများမှ လူနာတင်ကားများဖြင့် တင်ပို့ပေးကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။
“ညက ၁၂ နာရီကျော်ကျော်လောက်မှာ ရခိုင်ကုန်းရပ် Express နဲ့ မုဒုံ-မော်လမြိုင် ခရီးသည်တင်ကားတို့ မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်တယ်။ မုဒုံ-မော်လမြိုင်ခရီးသည် တင်ကားက ယာဉ်မောင်းရယ်၊ နောက်မှာပါလာတဲ့ ခရီးသည် နှစ်ဦးရယ် ပွဲချင်းပြီးသေဆုံးသွားပါတယ်။ အဲဒီယာဉ်ပေါ်ပါလာတဲ့ ကျန်သုံးယောက်က ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ ကျွန်တော်တို့ အခင်းဖြစ်တဲ့နေရာကို မော်လမြိုင်မြို့မှာရှိတဲ့ မော်လမြိုင်လူမှု ကယ်ဆယ်ရေးအဖွဲ့ရယ်၊ ရာမညလူမှုကူညီကယ်ဆယ်ရေး အဖွဲ့ရယ်၊ ကျွန်တော်တို့ ဘိုဘိုဝင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ရယ် အားလုံးသုံးဖွဲ့က လူနာတင်ယာဉ်ငါးစီးနဲ့ သွားရောက်ခဲ့ပါတယ်။ သေဆုံးသွားတဲ့လူတွေရော၊ ထိခိုက်ဒဏ်ရာရှိတဲ့လူတွေကိုပါ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။ ဒဏ်ရာရရှိခဲ့တဲ့လူသုံးဦးက ပြင်းထန်တဲ့ ဒဏ်ရာတွေတော့မရရှိခဲ့ဘူး။ မုဒုံ-မော်လမြိုင်ခရီးသည်တင် ကားကတော့ တစ်စီးလုံးကို ကြေမွသွားတယ်” ဟု မော်လမြိုင်မြို့ ဘိုဘိုဝင်းလူမှု ကူညီကယ်ဆယ်ရေး အဖွဲ့မှ ဦးဘိုဘိုဝင်းက ပြောကြားသည်။
“ဒီ သံဖြူဇရပ် - မုဒုံ - မော်လမြိုင်လမ်း ပိုင်းမှာဆိုရင် ညပိုင်းမှာ မြိတ်တို့၊ ထားဝယ်တို့က Express တွေဖြစ်ကြတယ်။ အဲဒီ Express တွေက ကီလို ၁၀၀ ဝန်းကျင်လောက်နဲ့ကို မောင်းကြတာကို ကျွန်တော်တို့တွေ့ရတယ်။ မြိတ်တို့၊ ထားဝယ်တို့က Express တွေက ကားတွေကလည်းကောင်းတယ်။ နောက်အချိန်မီ မောင်းကြရတဲ့အတွက် ကားတွေကို အရမ်းမောင်းတာတွေ မော်လမြိုင်ဘက်မှာ မကြာခဏတွေ့နေရတယ်။ Express ကားတွေအနေနဲ့က မြို့တွင်း၊ မြို့ပြင်မှာပေါ့နော် သတ်မှတ်မိုင်နှုန်းတွေထက် ပိုမမောင်းကြဖိို့ တိုက်တွန်းချင်ပါတယ်။ အခုလည်း Express က ရှေ့ကို ကျော်တက်ရင်းနဲ့ တစ်ဖက်ယာဉ်ကြောကို ရောက်ပြီးတော့ မျက်နှာချင်းဆိုင်လာနေတဲ့ ကားကိုတိုက်ချလိုက်တာ။ အဲဒါကြောင့် မြိတ်တို့ ထားဝယ်ဘက်တို့က သွားတဲ့၊ လာတဲ့ Express တွေကို ဖြည်းဖြည်းမောင်းကြပါလို့ ပြောချင်ပါတယ်။ သက်ဆိုင်ရာကလည်း သတိပေးတာတွေ၊ တားမြစ်တာ တွေလုပ်ဖို့ လိုအပ်ပါမယ်” ဟု ဦးဘိုဘိုဝင်းက ဆက်လက်ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်မှုကြောင့် တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး ယာဉ်တိုက်မှုဖြစ်ပွားကာ လူအများနာကျင်ဒဏ်ရာရ၊ သေဆုံးစေခဲ့သူမိုးကောင်းကင် ခရီးသည်တင် မှန်လုံယာဉ်မောင်း ကျော်စွာလင်းအပေါ် မုပွန်နယ်မြေရဲစခန်းမှ ယာဉ် (ပ) ၃/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၃၈/၃၀၄-က အရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
