Top News

စပါးအသင်း၏ ကွင်းသစ်အမည်မူပိုင်ခွင့်ကို ကိုကာကိုလာကုမ္ပဏီရရှိ
24htopnews | November 29, 2024 10:12 AM CST

အမေရိကန်နိုင်ငံမှ ကမ္ဘာကျော်အဖျော်ရည်ကုမ္ပဏီ ကိုကာကိုလာသည် စပါးအသင်း၏ ကွင်းသစ်အမည်မူပိုင်ခွင့် ကို ရရှိသွားခဲ့ကြောင်း သိရှိရသည်။    

စပါးအသင်းသည် ပေါင်(၁)ဘီလီယံ အကုန်အကျခံ တည်ဆောက်ထားသည့် ကွင်းသစ်ကို ယခုကြားရက်တွင် ယှဉ်ပြိုင်ကစား မည့် ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲ၌ စတင်ဖွင့်လှစ်မည်ဖြစ်သည်။ 

စပါးအသင်းသည် ကွင်းသစ်၏ အမည်မူပိုင်ခွင့်ကို ပြန်လည်ရောင်းချပြီး ငွေရှာသွားလိမ့်မည်ဟု အစောပိုင်းကတည်းက သတင်းများထွက်ပေါ်ခဲ့ပြီး Nike ကုမ္ပဏီနှင့် လက်တွဲလိမ့်မည်ဟု သတင်းများထွက်ပေါ်ခဲ့ သော်လည်း ယခုအခါ ကိုကာကိုလာကုမ္ပဏီနှင့် လက်တွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ကိုကာကိုလာသည် အားကစားလောကတွင် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ဝင်ရောက်လှုပ်ရှားနေခဲ့သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ကို ပံ့ပိုးကူညီမှုပြုလုပ်နေသည့် ကုမ္ပဏီလည်းဖြစ်သည်။ 

စပါးအသင်းနှင့် ကိုကာကိုလာကုမ္ပဏီတို့၏ ပူးပေါင်းမှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို နှစ်ဖက်စ လုံးမှ ထုတ်ပြန်ခြင်းမပြုသေးသော်လည်း ကွင်းသစ်၏အမည်ကို Coca-Cola Arena ဟု မှည့်ခေါ်သွားမည်ဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် ကွင်းသစ်အမည်ကို အတည်ပြုသွားဖွယ်ရှိကြောင်းလည်း သိရှိရသည်။ 

စပါးအသင်းသည် အဆိုပါကွင်းသစ်ကြီးကို နောက်ဆုံးပေါ်နည်းပညာများအသုံးပြုကာ တည်ဆောက်ထားပြီး ပရိသတ်(၆၂၀၀၀)ကျော် ဝင်ဆံ့မည်ဖြစ်သည်။  

လက်ရှိဘောလုံးလောကတွင် ကွင်းအမည် မူပိုင်ခွင့်ရောင်းချထားသည့်အသင်းများစွာရှိနေပြီး စပါးအသင်း၏ ကွင်းသစ်ကိုလည်း မူပိုင်ခွင့်ရရှိရန် ကြိုးပမ်းခဲ့သည့် ကုမ္ပဏီများစွာရှိခဲ့သည့်အနက် ကိုကာကိုလာကုမ္ပဏီက အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်။ 

ကိုကာကိုလာကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ''စပါးအသင်းနဲ့ လက်တွဲခွင့်ရရှိခဲ့တဲ့အကြောင်း ဂုဏ်ယူစွာကြေညာလိုပါတယ်။ ကျွန်တော်တို့က ကမ္ဘာပေါ်မှာ အကျော်ကြားဆုံးအဖျော်ရည် ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အခုလက်တွဲမှုက နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးရှိစေပါလိမ့်မယ်''ဟု ပြောကြားခဲ့သည်။

စပါးအသင်းသည် ကိုကာကိုလာကုမ္ပဏီနှင့် လက်တွဲခဲ့သည့်အတွက် အသင်း၏  Mascot ရုပ်ကို ပုလင်းပုံစံပြောင်း လဲသွားမည်ဖြစ်သလို၊ လာမည့်ရာသီ၌ ကလပ်အသင်း၏ လေ့ကျင့်ရေးဝတ်စုံများတွင်လည်း ကိုကာကိုလာအမည်ကို အသုံးပြုသွားရမည်ဟု သိရှိရသည်။


READ NEXT
Cancel OK