Top News

ရုရှားတွင် မြောက်ကိုရီးယားစစ်သားများ ဖြန့်ကြက်ချထားမှုကို တုံ့ပြန်ရန် တောင်ကိုရီးယားနှင့် ယူကရိန်းက လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူညီမှုရရှိ
24htopnews | November 29, 2024 3:12 PM CST

ရုရှားတွင် မြောက်ကိုရီးယားစစ်သားများ ဖြန့်ကြက်ချထားမှုကို တုံ့ပြန်ရန် တောင်ကိုရီးယားနှင့် ယူကရိန်းက လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် နိုဝင်ဘာ ၂၇ ရက်က သဘောတူညီမှုရရှိခဲ့ကြောင်း တောင် ကိုရီးယားသမ္မတရုံးက ကြေညာခဲ့သည်။

ရုရှားနိုင်ငံအနောက်ဘက်တွင် ထောင်နှင့်ချီသည့် မြောက်ကိုရီးယားစစ်သားများ ဖြန့်ကြက်ချထားမှုနှင့် ပတ်သက်ပြီး တောင်ကိုရီးယားနှင့် ယူူကရိန်းတို့က စိုးရိမ်ကြောင်းဖော်ပြခဲ့ပြီးနောက် တောင်ကိုရီးယား သမ္မတ ယွန်းဆော့ယိုနှင့် ယူကရိန်းကာကွယ်ရေးဝန်ကြီးတို့ အစည်းအဝေးပြုလုပ်ခဲ့ကာ ထိုကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားသမ္မတ ယွန်းသည် ယူကရိန်းကာကွယ်ရေးဝန်ကြီး ရုစတမ်အူမာရော့ဗ်နှင့် တွေ့ဆုံချိန်က မြောက်ကိုရီးယားနှင့် ရုရှားအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုမှ ထွက်ပေါ်လာသည့် လုံခြုံရေးခြိမ်းခြောက် မှုများကိုဖြေရှင်းရန်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ရုရှားနှင့် မြောက်ကိုရီးယားအကြားလက်နက်နှင့် နည်းပညာများ ဖလှယ်မှု၊ မြောက်ကိုရီးယားစစ်သားများ ရုရှားတွင် တပ်ဖြန့်ထားမှုတို့နှင့်ပတ်သက်သည့် သတင်းများကို ဆက်လက်မျှဝေသွားရန် နှစ်နိုင်ငံစလုံးက သဘောတူခဲ့သည်ဟု တောင်ကိုရီးယားသမ္မတရုံးက ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးသည် ပြီးခဲ့သည့်လက တောင်ကိုရီးယားမီဒီယာတစ်ခုနှင့် အင်တာဗျူးပြုလုပ်ချိန်က ယူကရိန်းနိုင်ငံသည် စစ်ရေးအထောက်အပံ့လိုအပ်နေသည့် ပစ္စည်းစာရင်းကို တင်သွင်းသွားရန် ပြင်ဆင်နေကြောင်း ပြောကြားခဲ့သည်။

ထိုစာရင်းတွင် လက်နက်ကြီးထောက်ပံ့မှုနှင့် လေကြောင်းကာကွယ်ရေးစနစ်များပါဝင်ကြောင်း ဇယ်လန်စကီးက ပြောသည်။

ယခုလအစောပိုင်းကလည်း ယွန်းကယူကရိန်းကို စစ်ရေးအကူအညီပေးရန်စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လွိုက်အော်စတင်ကမူ မကြာမီအချိန်အတွင်း ထောင်နှင့်ချီသည့် မြောက်ကိုရီးယားစစ်သားများသည် ယူကရိန်းစစ်ပွဲအတွင်း ဝင်ရောက်လာလိမ့်မည်ဟု နိုဝင်ဘာ ၂၂ ရက်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားစစ်သား ၁၀၀၀၀ ခန့်သည် ရုရှား၏နယ်စပ် ကာ့စ်ဒေသတွင်တပ်စွဲထားသည်ဟုယူဆရပြီး ထိုစစ်သားများသည် ရုရှားတပ်ရင်း၊ တပ်ဖွဲ့များနှင့် ပေါင်းစပ်နေကြောင်း အော်စတင်က ပြောသည်။

“သူတို့ရဲ့ စစ်သင်တန်းလေ့ကျင့်မှုတွေအပေါ် အခြေခံပြီး သူတို့ဟာ ရုရှားတပ်ရင်း၊ တပ်ဖွဲ့တွေထဲကို ပူးပေါင်းဝင်ရောက်ခဲ့ပါတယ်။ မကြာခင်အချိန်အတွင်းမှာ သူတို့ဟာ တိုက်ပွဲထဲမှာဝင်ပါလာတော့မယ်လို့ ကျွန် တော်အခိုင်အမာ ယူဆထားပါတယ်”ဟု အော်စတင်က ပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ မြောက်ကိုရီးယားစစ်သားများ ယူကရိန်းနှင့်ဖြစ်ပွားသည့်တိုက်ပွဲများတွင် ပါဝင်နေသည့် သိသာထင်ရှားသည့် သတင်းများမတွေ့ရသေးကြောင်း အော်စတင်က ပြောသည်။

မြောက်ကိုရီးယား၏ စစ်ကူအတွက် ရုရှားက အပြန်အလှန်အနေဖြင့် မြောက်ကိုရီးယားကို ရေနံ၊ လေယာဉ်ပစ်ဒုံးကျည်းများနှင့် စီးပွားရေးအကူအညီများ ထောက်ပံ့ပေးခဲ့ကြောင်း တောင်ကိုရီးယားနှင့် အမေရိကန်က ပြောကြားခဲ့သည်။                        

Ref: AFP


READ NEXT
Cancel OK