Top News

ရုရှားနှင့် ဘီလာရုစ်ကစားသမားများအား ဝင်ဘယ်လ်ဒန်ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခြင်းမှာ ခွဲခြားဆက်ဆံခြင်းဖြစ်ကြောင်း ရုရှားတင်းနစ်သမား ရူဘလက်ဗ် ဝေဖန်
24htopnews | November 29, 2024 6:12 PM CST

 

ကမ္ဘာ့အဆင့် ၈ ရုရှားတင်းနစ်သမား အန်ဒရေရူဘလက်ဗ်က ရုရှားနှင့် ဘီလာရုစ်ကစားသမားများအား ဝင်ဘယ်လ်ဒန်ပြိုင် ပွဲဝင်ခွင့် ပိတ်ပင်ခြင်းမှာ ခွဲခြားဆက်ဆံခြင်းဖြစ်ကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်။

ရုရှားနိုင်ငံက ယူကရိန်းအပေါ် စစ်ရေးအရ ကျူးကျော်တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဇွန်လကုန်ပိုင်းတွင် ကျင်းပမည့် ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ် ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ၌ ရုရှားနှင့် ဘီလာရုစ်ကစားသမားများအား ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမည်မဟုတ် ကြောင်း ဗြိတိန်တင်းနစ်အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့သည်။ 

ထို့ပြင် ယင်းကစားသမားများအနေဖြင့် ဗြိတိန်၌ ကျင်းပမည့် မြက်ခင်းကွင်း တင်းနစ်ပြိုင်ပွဲအားလုံးတွင် ယှဉ်ပြိုင်ခွင့်ရမည်မဟုတ်ကြောင်း သိရသည်။ သို့ဖြစ်ရာ ကမ္ဘာ့အဆင့် ၂ ရုရှား ကစားသမား မက်ဗီဒက်ဗ်၊ အဆင့် ၈ ရုရှား ကစားသမား ရူဘလက်ဗ်နှင့် အဆင့် ၄ ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာတို့အပါအဝင် အခြားကစားသမားများမှာ ဗြိတိန်၌ ကျင်းပမည့် တင်းနစ်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခွင့်ရတော့မည်မဟုတ်ကြောင်း သိရသည်။

ယင်းဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ရူဘလက်ဗ်က "သူတို့ပေးတဲ့ အကြောင်းပြချက်တွေက အဓိပ္ပာယ်မရှိပါဘူး။ ယုတ္တိလည်းမရှိပါဘူး။ အခုဖြစ်နေတာတွေက ကျွန်တော်တို့ အပေါ် လုံးဝခွဲခြားဆက်ဆံနေတာပါ" ဟု ဝေဖန်ပြောကြားခဲ့သည်။ ထို့ပြင် ဘီလာရုစ်တင်းနစ်အဖွဲ့ချုပ်ကလည်း ဗြိတိန်တင်းနစ်အဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်ကို ရင်ဆိုင်တုံ့ပြန်ရန် ဥပဒေကြောင်းအရ အကြံပေးမှုရယူနေကြောင်း ထုတ်ပြန်ခဲ့သည်။ 

"ဒီလုပ်ရပ်တွေက ပဋိပက္ခဖြေရှင်းဖို့အတွက် အထောက်အကူမဖြစ်စေပါဘူး။ ဒါတွေက အမျိုးသားရေးအပေါ်အခြေခံပြီး အမုန်းတရားနဲ့ သည်းမခံနိုင်မှုတွေကိုပဲ လှုံ့ဆော်ပေးပါတယ်" ဟု ဘီလာရုစ်တင်းနစ်အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အမျိုးသားတင်းနစ်အဖွဲ့ချုပ် (ATP) နှင့် အမျိုးသမီးတင်းနစ်အဖွဲ့ချုပ် (WTA) တို့ကလည်း ယခုဆုံးဖြတ်ချက်မှာ မျှတမှုမရှိကြောင်း ထုတ်ပြန်ထားသည်။ 

ကမ္ဘာ့အဆင့် ၁ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ကလည်း တင်းနစ်အပါအဝင် အားကစားသမားများမှာ စစ်ပွဲနှင့် သက်ဆိုင်မှုမရှိကြောင်း၊ အားကစားအပေါ် နိုင်ငံရေးအရ စွက်ဖက်ခြင်းမှာ ရလဒ်ကောင်းရရှိမည်မဟုတ်သဖြင့် ယင်းဆုံးဖြတ်ချက်ကို မထောက်ခံကြောင်း သုံးသပ်ပြောကြားခဲ့သည်။ 

ကမ္ဘာ့သက်တမ်း အရင့်ဆုံး တင်းနစ်ပြိုင်ပွဲဖြစ်သည့် ယခုနှစ် ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ် ဂရင်းစလင်းပြိုင်ပွဲ ကို ဇွန် ၂၇ ရက်မှ ဇူလိုင် ၁၀ ရက်အထိ ကျင်းပမည်ဖြစ်သည်။


READ NEXT
Cancel OK