ကယားပြည်နယ် မော်ချီးသတ္တုတွင်းဒေသရှိ အန္တရာယ်ဇုန်ဟု သတ်မှတ်ထားသော နေရာများတွင် သြဂုတ်၂၄ ရက် ည ၁၁ နာရီခွဲခန့်က မြေပြိုသဖြင့် ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်နှင့် နေအိမ်များပျက်စီးပြိုကျသဖြင့် စိုးရိမ်ရကြောင်း မော်ချီးသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီဝင်များနှင့် ပပွာက လူအမျိုးသမီးအဖွဲ့ထံမှ သိရသည်။
“ဇီးပင်ကွေ့က တစ်လုံးပါမယ်။ သပြေပင်ကွေ့က တစ်လုံးပါမယ်။ အရင်တုန်းက ချယ်ရီကွေ့ခေါ်မှာပေါ့ ဒေါ်ရီဝင်းအိမ်တစ်လုံး ပါမယ်။ ဘုန်းကြီးကျောင်း မြေကာနံရံကတော့ သိမ်ဆောက်ဖို့ လုပ်ထားတဲ့မြေကာနံရံကြီးကပြိုကျတော့ ဆွမ်းစားကျောင်းကြီးကို ပိနေတာ။ ယိုင်ယုံတင်မက ပြန်ဖျက်ပစ်ရမှာလေ။ တစ်ဖက်က အဆောက်အအုံတစ်ခုမှာ သွားမှီပြီးတော့ လဲသွားပြီလေ။ ကျွန်တော်တို့ကတော့ မြေပြိုနေတဲ့လမ်းတွေကို ကုမ္ပဏီက စက်ကြီးတွေနဲ့ လိုက်ရှင်းနေတယ်” ဟု မော်ချီးပရဟိတအဖွဲ့မှ ဦးဇော်လွင်ဦးက ဆိုသည်။
မိုးအဆက်မပြတ်ရွာသွန်းသောကြောင့် ဘူမိပညာရှင်များက အန္တရာယ်ဇုန်ဟု သတ်မှတ်ထားပြီးဖြစ်သော နေရာများဖြစ်သည့် ၁၃ ကုန်းအထွက်တွင် မြေပြိုကျသဖြင့် ဦးကျော်ဒို၏ နေအိမ်မှာ လုံးဝပျက်စီးသွားပြီး အိမ်ရှင်ဒဏ်ရာအနည်းငယ်ရရှိသွားကြောင်း၊ အောင်ချမ်းသာရပ်ကွက်၊ ဇီးပင်ကွေ့နှင့် သပြေကုန်းတို့ရှိ အိမ်တစ်လုံးစီမှာလည်း မြေပြိုကျသဖြင့် အိမ်များပျက်စီးသွားကြောင်း၊ စုစုပေါင်း အိမ်လေးလုံးနှင့် တောင်ပေါ်သာသနာ့ အလင်းရောင်ကျောင်း၏ ဆွမ်းစားကျောင်း စသည်တို့ ပျက်စီးသွားကြောင်း သိရသည်။
“၁၃ ကုန်းက လူတော့ထိခိုက်ဒဏ်ရာရတယ်။ ပြိုသွားတဲ့ အိမ်ရှင်ဦးကျော်ဒိုက နည်းနည်းထိတယ်ပြောတယ်။ အသေအပျောက်တော့ မရှိဘူးပေါ့။ နေရာက ရွာမြောက်ဘက် အထွက်တံတားပေါ့။ ဒီနေရာရဲ့ဟိုဘက်ကို ၂၀၁၅ ကတည်းက ဒေါက်တာမြင့်စိုးက အန္တရာယ်ဇုန်လို့ သတ်မှတ်ထားပြီးသား။ မိုးတအားရွာရင်မနေဖို့၊ ရွာထဲမှာလာနေဖို့ ပြောထားပြီးသားလေ။ မြေပြိုတဲ့နေရာ အောက်ဘက်က ချောင်းခဲလုပ်တယ်လေ။ ကျောက်ကြားလို့ခေါ်တယ်” ဟု ပပွာကလူအမျိုးသမီးအဖွဲ့မှ နော်မာဂရက်စိန်က ပြောကြားသည်။
ထို့ပြင် အန္တရာယ်ဇုန်သတ်မှတ်ထားသော KB1 ၁ ၁၃ ကုန်း အဝင်လမ်းရှိ အိမ်များအား သြဂုတ် ၂၃ ရက်တွင် မော်ချီးသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးကော်မတီဝင်များက မိုးရွာပါက နေအိမ်တွင် မနေကြရန်သွားရောက်ပြောဆိုခဲ့သည်ဟု သိရသည်။
“အဝင်လမ်းအိမ်တွေရဲ့ အောက်ခြေက အက်နေတယ် ။ မိုးများရင်ပြိုနိုင်တယ်။ စိုးရိမ်လို့ အိမ်မှာမနေကြဖို့ ကျွန်တော်သွားပြောသေးတယ်။ သူတို့ကတော့ အေးဆေးပဲ” ဟု မော်ချီးသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီဝင် စောစနေဒိုက ပြောကြားသည်။
သြဂုတ် ၁၁ ရက်ကလည်း KB 1 အထက်တွင် အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားသော နေရာတွင် မြေပြိုကျသည့် အသံကြားရသောကြောင့် တဲအတွင်းနေထိုင်သူများမှာ ထွက်ပြေးကြသဖြင့် ထိခိုက်အနာတရ အနည်းငယ်သာဖြစ်ပွားခဲ့ပြီး အိမ်မွေးတိရစ္ဆာန်အချို့ ထိခိုက်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
