Top News

မိမိတို့ယုံကြည်ရာ ဘာသာတရားများက သွန်သင်ဆုံးမသည့်အတိုင်း ကျင့်ကြံနေထိုင်ပါက ကောင်းကျိုးချမ်းသာများ တိုးပွားဖြစ်ထွန်းစေမည်ဖြစ်ပြီး ဘာသာတရားတိုင်းသည် လူသားတို့၏ စိတ်နှလုံးကို ယဉ်ကျေးသိမ်မွေ့စေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
24htopnews | November 29, 2024 7:12 PM CST

မိမိတို့ယုံကြည်ရာ ဘာသာတရားများက သွန်သင်ဆုံးမသည့်အတိုင်း ကျင့်ကြံနေထိုင်ပါက ကောင်းကျိုးချမ်းသာများ တိုးပွားဖြစ်ထွန်းစေမည်ကို ဘာသာအသီးသီးက ယုံကြည်ထားပြီး ဖြစ်ကြောင်းနှင့် ဘာသာတရားတိုင်းသည် လူသားတို့၏ စိတ်နှလုံးကို ယဉ်ကျေးသိမ်မွေ့စေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

သြဂုတ် ၂၅ ရက်က နေပြည်တော်ရှိ သတ္တသတ္တာဟ မဟာဗောဓိဘုရား အနီးတွင် ဆစ်(ခ်)ဘာသာ တည်ထောင်ခဲ့သော ဂုရုကြီး Sir Guru Nanak Dev Ji ၏ ၅၅၀ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သစ်ပင်ပေါင်း ၅၅၀ စိုက်ပျိုးခြင်း အခမ်းအနား အဖွင့်အမှာစကား ပြောကြားရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“မိမိတို့ယုံကြည်ရာ ဘာသာတရားများက သွန်သင်ဆုံးမတဲ့အတိုင်း ကျင့်ကြံနေထိုင်ကြပါလျှင် ကောင်းကျိုးချမ်းသာများ တိုးပွားဖြစ်ထွန်းစေမှာကိုလည်းပဲ ဘာသာဝင် အသီးသီးတို့က ယုံကြည်ထားပြီး ဖြစ်ပါတယ်။ ဘာသာတရားတိုင်းဟာ လူသားတို့ရဲ့ စိတ်နှလုံးကို ယဉ်ကျေးသိမ်မွေ့စေပြီး ဖြစ်ကြပါတယ်။ ဘာသာတရားတိုင်းဟာ လူသားတို့ရဲ့ စိတ်နှလုံးကို ယဉ်ကျေးသိမ်မွေ့စေပြီးတော့မှ မိမိတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့်အညီ လူသားအချင်းချင်း နိုင်ငံသားအချင်းချင်း ဗြဟ္မစိုရ်တရားများ ပွားများစေကာ လူသားတို့ရဲ့ ကိုယ်စီကျင့်ဝတ်တစ်ရပ် လက်ခံထားကြပြီးတော့မှ ကျင့်ကြံနေထိုင်ခြင်းအားဖြင့် ငြိမ်းချမ်းတဲ့ ကမ္ဘာလောကကြီးထဲမှာ အတူတကွ ပျော်ရွှင်ကြည်နူးစွာ နေထိုင်သွားကြရမှာ ဖြစ်ပါတယ်။ ဘာသာတရားတိုင်းဟာ လူသားအပေါင်းတို့ရဲ့ ကိုယ်ကျင့်သိက္ခာနဲ့ လူ့ဘဝတန်ဖိုး မြင့်တက်စေဖို့ ကျင့်သုံးနေထိုင်ကြဖို့ သွန်သင်ညွှန်ပြ ပေးကြတာချည်းပဲ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

လူသားအချင်းချင်း တစ်ဦးနှင့်တစ်ဦး မေတ္တာသက်ဝင် ချစ်ခင်ခြင်း၊ တစ်ဦး၏ အကျိုးဖြစ်ထွန်းမှုကို ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း၊ တစ်ဦး၏ အကျိုးယုတ်လျော့မှုကို တွေ့ပါက ကိုယ်ချင်းစာနာခြင်းနှင့် တစ်ဦးအပေါ် တစ်ဦးက သည်းခံခွင့်လွှတ်ခြင်းဆိုသည့် ဗြဟ္မစိုရ်တရား လေးပါးကို ဦးတည်ကြခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက “ကျွန်တော်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသူနိုင်ငံသား အားလုံးဟာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိကြပါတယ်။ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်းပဲ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို ပြဋ္ဌာန်းထားသလို နိုင်ငံတော်အစိုးရ အနေနဲ့လည်း မည်သည့်ဘာသာဝင်တိုင်းကိုမဆို မိမိတို့ ဘာသာတရား အစဉ်အလာများနဲ့အညီ ဘာသာရေး ကိစ္စများ လွတ်လပ်စွာ ဆောင်ရွက်နိုင်ကြစေဖို့ အားပေးကူညီလျက် ရှိပါတယ်” ဟု ပြောကြားသည်။

ယနေ့ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် မှီတင်းနေထိုင်ကြသည့် ဆစ်(ခ်)လူမျိုးများသည် ရိုးသားစွာ နေထိုင်ကြရင်း လူအများ၏ ချစ်ခင်လေးစားမှုနှင့် ဂုရုုကြီး Nanak Dev Ji တရားတော်များကို မြတ်နိုးတန်ဖိုးထား ကိုးကွယ်ယုံကြည်မှုအတွက် ဂုဏ်ယူဝမ်းသာ ဖြစ်ရပါကြောင်းနှင့် မိမိတို့မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ဆစ်(ခ်)လူမျိုးများသာမက အိန္ဒိယနိုင်ငံတွင်ရှိသည့် ဆစ်ခ်လူမျိုးများ၊ အခြားလူမျိုးများ အပါအဝင် ကမ္ဘာသူ ကမ္ဘာသား အားလုံးသည် ထာဝရ ငြိမ်းချမ်းသာယာ၍ ပျော်ရွှင်ပါစေကြောင်း၊ မြန်မာ-အိန္ဒိယ ချစ်ကြည်မှု ခိုင်မြဲပါစေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆုတောင်းမေတ္တာ ပို့ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက “ကျွန်တော်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အတွင်းမှာ ကိုးကွယ်မှု ဘာသာပေါင်းစုံရှိရာမှာ ဆစ်(ခ်) ဘာသာဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဟိန္ဒူဘာသာမှ တစ်မူထူးခြား ပေါ်ထွန်းလာတဲ့ ဆစ်ခ်ဘာဘာခေါင်းဆောင်ကြီး ဂုရုကြီးများအနက်က ဂုရုကြီး Nanak Dev Ji  သည် ဆစ်(ခ်)ဘာသာကို စတင်တည်ထောင်ခဲ့တဲ့ ဂုရုကြီးဖြစ်ကြောင်းလည်း လေ့လာမှတ်သား ရပါတယ်။ ဆစ်(ခ်)ဘာသာ ဟောပြောချက်များကို လေ့လာကြည့်လိုက်တဲ့အခါမှာ လောကလူသား အားလုံးတို့ အနေနဲ့ မိမိတို့ရဲ့ ကိုယ်အတွင်းမှ မကောင်းမှုများကို မိမိတို့ဘာသာ ထိန်းချုပ်နိုင်ရမည်ဖြစ်ပြီးတော့မှ စင်ကြယ်မှုများ ဖြည့်ဆည်းနိုင်အောင် ကြိုးစားရမည်ဖြစ်ကြောင်း၊ ဆစ်ခ်တို့အနေနဲ့ မတရားသဖြင့် ဖိနှိပ်ခံရသူတို့ကို ဘာသာမရွေး၊ အသားအရောင်မရွေး၊ ဇာတ်နိမ့်ဇာတ်မြင့်မရွေး ယုံကြည်သက်ဝင်မှုမရွေး မည်သူ့ကိုဖြစ်စေ အကာအကွယ် ပေးနိုင်ရန် ဖြစ်ပြီးတော့မှ ကမ္ဘာကြီးရဲ့ ကောင်းကျိုးများ ဆောင်ရွက်ရာမှာ တာဝန်ကျေပွန် ရမယ်လို့ ဆုံးမလမ်းညွှန်မှုပေးကြောင်း လေ့လာတွေ့ရှိရပါတယ်” ဟု ပြောကြားသည်။

 


READ NEXT
Cancel OK