လျှပ်စစ်မီတာ တင်ဒါကိစ္စနှင့် ပတ်သက်၍ လွှတ်တော်တွင် လျှပ်စစ်ဒုတိယဝန်ကြီး ပြောကြားသည့် စကားများကို တာဝန်ယူရမည်ဖြစ်ပြီး တင်ဒါကိစ္စအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပညာရှင်များရှေ့တွင် စကားဝိုင်း ဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း EVER METER ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးမျိုးအောင်က သြဂုတ် ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
သြဂုတ် ၂၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ လျှပ်စစ်မီတာ တင်ဒါကိစ္စနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၏ ပြောကြားချက်များကို နိုင်ငံတော်အစိုးရ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ လျှပ်စစ်ကို ကိုယ်တိုင်သုံးစွဲနေကြသည့် ပြည်သူများ အမှန်အတိုင်း သိစေရန်နှင့် လျှပ်စစ်ဆိုင်ရာ ကိစ္စများ မှန်မှန်ကန်ကန် ဖြစ်စေရန် သတင်းစာ ရှင်းလင်းရခြင်းဖြစ်ကြောင်း ဦးမျိုးအောင်က ပြောကြားသည်။
“ကျွန်တော်တို့ဟာ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ အစိုးရတိုင်းရဲ့ မူဝါဒလမ်းစဉ်နဲ့ ကိုက်ညီတဲ့ စီးပွားရေးမူဝါဒတွေ ချမှတ်ပြီး ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့နိုင်ငံသား စီးပွားရေး လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။ အခုအစိုးရသစ် လက်ထက်မှာလည်း သမ္မတကြီးရဲ့ မူဝါဒအတိုင်း ပွင့်လင်းမြင်သာမှုရှိအောင် တင်ဒါစနစ်နဲ့ အားလုံးဝင်ရောက်ယှဉ်ပြိုင်နိုင် အောင် ဆောင်ရွက်ခဲ့တဲ့အတွက် ကျွန်တော်တို့ကလည်း တင်ဒါသတ်မှတ်ချက်တွေအတိုင်း အများနည်းတူ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ဦးမျိုးအောင်က ပြောကြားသည်။
တင်ဒါယှဉ်ပြိုင်ရာတွင် တင်ဒါပြိုင်သူနှင့် တင်ဒါရွေးချယ်သည့် အဖွဲ့အစည်းများသည် အရည်အသွေးကောင်း ပစ္စည်းရရှိရန် နည်းပညာစံချိန်စံညွှန်း၊ ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ၊ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုရှိသည့် တင်ဒါစည်းမျဉ်းစည်းကမ်း စသည့်အချက်သုံးချက်ကို မဏ္ဍိုင်ပြု ရွေးချယ်ရမည် ဖြစ်သဖြင့် တစ်ချက်ချက်နှင့် မကိုက်ညီပါက အငြင်းပွားမှု ဖြစ်လာကြောင်း ဦးမျိုးအောင်က ပြောကြားသည်။
“အခုကျွန်တော်တို့က တင်ဒါစည်းကမ်းများအတိုင်း အတိအကျ လိုက်နာဆောင်ရွက်တာကို အများပြည်သူတွေ၊ နိုင်ငံတော်မှ တာဝန်ရှိသူတွေ လွှတ်တော်နာယကနဲ့ ပြည်သူ့ကိုယ်စားလှယ်များ ထင်ယောင်ထင်မှားဖြစ်အောင် ပြည်ထောင်စု လွှတ်တော်ထဲမှာ သြဂုတ် ၂၁ ရက်က ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် မီတာတင်ဒါကိစ္စနှင့် ပတ်သက်ပြီး ပြောကြားသွားတဲ့ စကားတွေကို တာဝန်ယူရပါလိမ့်မယ်” ဟု ဦးမျိုးအောင်က ဆိုသည်။
ထို့ပြင် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ပြောကြားချက်များသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ပြုလုပ်သည့် လွှတ်တော်၌ ပထမဖြေရှင်းထားသည့် အချက်များနှင့် လွဲမှားနေကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်များ၏ရှေ့တွင် ပြောဆိုငြင်းခုံနေမည့်အစား တင်ဒါဆိုင်ရာ အချက်အလက်များကို စစ်ဆေးပြီး တိုင်ကြားသူနှင့် တင်ဒါစိစစ်သူများအကြား အချိန်မရွေး ခေါ်ယူဖြေရှင်းနိုင်ကြောင်း ဦးမျိုးအောင်က ပြောကြားသည်။
“ဒါကြောင့် ဒုတိယဝန်ကြီးပြောသွားတဲ့ စကားတွေနဲ့ပတ်သက်ပြီး တာဝန်ယူရမှာ ဖြစ်တယ်လို့ ယူဆတဲ့အတွက် စားပွဲပေါ်မှာ ကိုယ့်စကားကို ကိုယ်မျက်နှာချင်းဆိုင် မီတာတင်ဒါ တစ်ခုချင်းစီရဲ့ အချက်အလက် အထောက်အထားတွေနဲ့ ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ပြောဆိုဖို့ အထောက်အထားတွေ အခိုင်အမာရှိတဲ့အတွက် လုံးဝတာဝန်ယူမှာ ဖြစ်ပါတယ်” ဟု ဦးမျိုးအောင်က ပြောကြားသည်။
ယင်းသို့စကားဝိုင်း ပြုလုပ်ရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ လွှတ်တော်မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကော်မတီဝင်များ၊ အင်ဂျင်နီယာကောင်စီ၊ ကွန်ပျူတာပညာရှင်များ၊ နည်းပညာ စံချိန်စံညွှန်းဆိုင်ရာ ကော်မတီပညာရှင်များ၊ သက်ဆိုင်ရာ လျှပ်စစ်ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ နိုင်ငံတကာ ပစ္စည်းအရည်အသွေးနှင့် စံချိန်စံညွှန်း စစ်ဆေးရေးအဖွဲ့များနှင့် မီဒီယာများကိုဖိတ်ခေါ်ပြီး ၎င်းတို့ရှေ့တွင် တင်ဒါအချက် တစ်ခုချင်းအလိုက် ရှင်းလင်းပြောကြားမည် ဖြစ်ကြောင်း ဦးမျိုးအောင်က ပြောကြားသည်။
လျှပ်စစ်မီတာများအား တင်ဒါခေါ်ယူရာတွင် Technical အောင်မြင်သူများအနက် စျေးနှုန်းအနည်းဆုံး ပေးသွင်းသူကိုသာ ရွေးချယ်ခြင်းဖြစ်ပြီး မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်အား မရွေးချယ်ခြင်းနှင့် ပတ်သက်၍ လျှပ်စစ်ဒုတိယဝန်ကြီးက သြဂုတ် ၂၁ ရက်က ပြုလုပ်သည့်လွှတ်တော်၌ ရှင်းလင်းခဲ့သည်။
EVER METER ကုမ္ပဏီအနေဖြင့် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက် အမည်ဖြင့် ယှဉ်ပြိုင်ခဲ့ပါသလားဟု မီဒီယာများက မေးမြန်းရာ ဦးမျိုးအောင်က “YES၊ ကျွန်တော်တို့ စက်ရုံသည် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်ကိုလည်း ရောင်းလို့ရတယ်။ ကိုကာကိုလာကိုလည်း ရောင်းလို့ရတယ်။ ကြိုက်တဲ့နေရာကိုလည်း ရောင်းလို့ရတယ်။ ရောင်းချင်တဲ့သူကို ရောင်းတာက ကျွန်တော်တို့ Right။ ဒါကို ပြောတဲ့သူက သူ့ရဲ့ Right မဟုတ်ဘူး” ဟု ပြောကြားသည်။
လျှပ်စစ်ဒုတိယဝန်ကြီးက ၂၀၁၇ ခုနှစ်အတွင်း ခေါ်ယူခဲ့သည့် မီတာတင်ဒါတစ်ခုတွင် ယှဉ်ပြိုင်သူ ခြောက်ဦးအနက် ကုမ္ပဏီနှစ်ခုသာ နည်းပညာပိုင်းဆိုင်ရာ အောင်မြင်ခဲ့ပြီး ယင်းကုမ္ပဏီနှစ်ခု၏ စျေးနှုန်းကို ယှဉ်ပြိုင်သူ အားလုံးရှေ့၌ ဖွင့်ဖောက်ရာ Alpha Power အမည်ရှိ ကုမ္ပဏီမှ ကျပ် ၈ ဒသမ ၁ ဘီလျံခန့်ဖြစ်ပြီး မြန်မာ့စီးပွားရေးဦးပိုင်၏ စျေးနှုန်းသည် ကျပ် ၁၃ ဒသမ ၄ ဘီလျံခန့်ဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ အမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီမှာ ယှဉ်ပြိုင်ဘက်ထက် စျေးနှုန်း ၅၃၄၃ သန်း ပိုများနေ၍ တင်ဒါရှုံးသည်ကို သဘောပေါက်သွားပြီး ပြည်ထောင်စုဝန်ကြီးထံ ကုမ္ပဏီတစ်ခု၏ အမည်ဖြင့် ယင်းတင်ဒါကို ပြန်လည်စိစစ်ပေးရန် ကန့်ကွက်စာ ပေးပို့ခဲ့ကြောင်း၊ ယင်းသို့ ကန့်ကွက်စာ ပေးပို့မှုအပေါ် Alpha Power ကုမ္ပဏီက ပြည်ထောင်စုဝန်ကြီးအား ယှဉ်ပြိုင်မှုရလဒ်အတိုင်း အတည်ပြုပေးရန် ပေးပို့ခဲ့ကြောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်က ၎င်းတို့၏မီတာများကို ဦးစားပေးရွေးချယ်ပေးရန် ပြည်ထောင်စုဝန်ကြီးထံ ထပ်မံတင်ပြခဲ့ကြောင်း လွှတ်တော်တွင် ရှင်းလင်းခဲ့သည်။
ထို့ကြောင့် ဒုတိယဝန်ကြီး လွှတ်တော်အတွင်း ပြောကြားခဲ့သည့် မီတာခငါးဘီလျံ သက်သာသည်ဆိုသော ပြောကြားချက်၊၂၀၁၆ ခုနှစ်မတိုင်မီ တပ်ဆင်ခဲ့သည့် မီတာများထက် ပို၍အရည်အသွေး မြင့်မားသည့် မီတာများကို ယခင်က စျေးနှုန်းထက် ၅၀ ရာခိုင်နှုန်းခန့်သာ ရရှိသော စျေးနှုန်းများဖြင့် ဝယ်ယူနိုင်ခဲ့ကြောင်း ပြောကြားချက်၊ တင်ဒါဝယ်ယူခြင်းများက တင်ဒါစည်းမျဉ်း စည်းကမ်းများ၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီသည်ဆိုသော စသည့်ပြောကြားချက်များကို တစ်ဖက်နှင့်တစ်ဖက် မည်သူမှားသည် မှန်သည် ပြောမည့်အစား အဖွဲ့အစည်းပေါင်းစုံ အရှေ့တွင် မျက်နှာချင်းဆိုင် တွေ့ဆုံ၍ ဒီမိုကရေစီနည်းကျကျ ရှင်းလင်းရန် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်ကို ဖိတ်ခေါ်ကြောင်း ဦးမျိုးအောင်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
