Top News

ဘဏ္ဍာနှစ်တစ်နှစ် ကျပ်ထရီလျံ ၂၀ ခန့်သုံးစွဲနေသည့် မြန်မာနိုင်ငံတွင် ကျပ်တစ်ထရီလျံကျော် ပြန်အပ်နေမှုမှာ အလွန်များပြားကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပြောကြား
24htopnews | November 29, 2024 7:12 PM CST

ဘဏ္ဍာနှစ်တစ်နှစ် ကျပ်ထရီ လျံ ၂၀ ခန့်သုံးစွဲနေသည့် မြန်မာနိုင်ငံတွင် ကျပ်တစ်ထရီလျံကျော် ပြန်အပ်နေမှုမှာ အလွန်များပြားနေကြောင်း ကယားပြည်နယ် မဲဆန္ဒ နယ်အမှတ် (၉) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းက ပြောကြားသည်။

“ဘတ်ဂျက်တွေအများကြီး ပိုပိုလိုလိုတောင်း၊ ပြီးတော့ မသုံးနိုင်။ ပြန်အပ်ရင် ပြီးတာပဲဆိုတဲ့ အတွေးအခေါ်တွေ ပြင်ဆင်သင့်ပါတယ်။ ပြန်အပ်တဲ့ အကြောင်းအရာတွေကို ကြည့်ရင် စာပိုဒ် ၉၈၊ ၁၂၂ မှာ ငွေလုံးငွေရင်း ပြန်အပ်ငွေက ၁ ဒသမ ၁ ထရီလျံရှိတယ်။ ကျွန်တော်တို့သုံးတဲ့ ဘတ်ဂျက်က အကြမ်းအားဖြင့် ၂၀ ထရီလျံဖြစ်တယ်။ ပြန်အပ်တာ အလွန်များပါတယ်။ ထို့အတူပဲ ဖြည့်စွက်ခွင့်ပြုတော့ ပြန်တောင်းပြန်ရော။ လွှတ်တော်က ခွင့်ပြုပြန်ရော။ ဒီတော့ ၂ ဒသမ ၄ ထရီလျံ မှာ ၂၆၇ ဘီလျံ ပြန်အပ်ပြန်တယ်။ ဒီတော့ လွှတ်တော်ကချည်းပဲ သူတို့ခွင့်ပြုပေးတယ်။ ထိရောက်အောင် အသုံးမပြုဘူးဆိုတာ တွေ့ရပါတယ်” ဟု ဦးစိုးသိန်းက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးစဉ် ထည့်သွင်းပြောကြားသည်။

ပညာရေး ဝန်ကြီးဌာနအနေဖြင့် ဘတ်ဂျက်များ တောင်းခံပြီး ပို၍ပြန်အပ်သည်မှာ ဘီလျံ ၁၀၀ ကျော်ရှိပြီး ပို၍ ပြန်အပ်သည် ဆိုသည်နှင့် ခွင့်မလွှတ်သင့်ကြောင်းနှင့် ထိုသို့လုပ်ဆောင်မှုများမှာ National Planning နှင့် Economic Growth ကို ထိခိုက်ကာ အမှန်တကယ် ပြီးစီးအောင် လုပ်ဆောင်နိုင်မှုမရှိဘဲ စီမံကိန်းများ လျာထားသဖြင့် အမှန်တကယ် လိုအပ်နေသည့် ဝန်ကြီးဌာနများ၏ စီမံကိန်းများသုံးစွဲရန် တင်ပြတောင်းခံသည့် ဘတ်ဂျက်များမှာ ဖြတ်တောက်ခံနေရသဖြင့် ဌာနနှစ်ခုနစ်နာကာ ထိုသို့ဝန်ကြီးဌာန နစ်နာသည်မှာ နိုင်ငံတော်က နစ်နာခြင်းသာဖြစ်ကြောင်း ဦးစိုးသိန်းက ဆက်လက် ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အစိုးရနှင့် ဝန်ကြီးဌာနများအတွက် ဘတ်ဂျက်များ တောင်းခံခဲ့ရာ စုစုပေါင်း လိုငွေကျပ် ၆၄၀၁ ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့သော်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ယာယီ အမှန်စာရင်းအရ ကျပ် ၂၀၉၆ ဘီလျံကျော်သာ လိုငွေဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မူလခန့်မှန်းခြေတွင် ရငွေကျပ် ၁၆၆၀၅ ဘီလျံကျော်သာရှိပြီး သုံးငွေမှာ ကျပ် ၂၀၅၉၄ ဘီလျံအထိရှိခဲ့ကာ လိုငွေ ကျပ် ၃၉၈၉ ဘီလျံကျော်အထိ ရှိခဲ့သော်လည်း ပြုပြင်ပြီး ခန့်မှန်းခြေတွင် ရငွေကျပ် ၁၈၈၃၂ ဘီလျံသို့ မြင့်တက်ကာ သုံးငွေ ကျပ် ၂၂၇၆၀ ဘီလျံဖြစ်လာသဖြင့် လိုငွေကျပ် ၃၉၂၈ ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့ သည်။

ထို့နောက် ၂၀၁၇ နှစ် နိုဝင်ဘာ လအတွင်း ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းများက ဘတ်ဂျက် ကျပ် ၂၅၄၄ ဘီလျံကျော်အထိ ထပ်မံတောင်းခံလာပြီး ကျပ် ၇၀ ဒသမ ၆၃ ဘီလျံ စိစစ်ဖြတ်တောက်ခဲ့သဖြင့် ဖြည့်စွက်ခွင့်ပြုငွေ ၂၄၇၄ ဘီလျံအထိ ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ ဖြစ်ပေါ်ခဲ့သော်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ယာယီအမှန်စာရင်းတွင် ဘတ်ဂျက်လိုငွေ ကျပ် ၂၀၉၆ ဘီလျံကျော်သာ ဖြစ်ပေါ်ခဲ့ပြီး လိုငွေနှင့် ဂျီဒီပီအချိုးမှာလည်း ၂ ဒသမ ၃၂ ရာခိုင်နှုန်းသို့ လျော့ကျခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၏  ပြည်ထောင်စု လွှတ်တော်သို့ ရှင်းလင်းတင်ပြသည့် အစီရင်ခံစာ ဖော်ပြထားမှုအရ သိရသည်။

ဘတ်ဂျက်များကို အမှန်တကယ်သုံးစွဲနိုင်မှု မရှိဘဲ ဝန်ကြီးဌာနများက များပြားစွာ တောင်းခံနေမှုနှင့် လွှတ်တော်ကိုယ်စားလှယ်များက ထိရောက်စွာ ဖြတ်တောက်နိုင်မှု အားနည်းချက်ကြောင့် ပြည်သူများ၏ လူနေမှုဘဝကို ထိခိုက်စေသည့် ငွေဖောင်းပွမှု၊ ကုန်စျေးနှုန်း မြင့်တက်မှုများစွာ ဖြစ်ပေါ်နေရကြောင်း ဝေဖန်မှုများ ရှိနေသည်။

ပြီးခဲ့သည့် အစိုးရလက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာ နှစ်အထိ ယခင်ဘဏ္ဍာ နှစ် ခုနစ်ခုတွင် ဖြည့်စွက်ခွင့်ပြုငွေ ကျပ်ဘီလျံ ၁၃၀၀၀ ကျော် တောင်းခံ ၍ ဘီလျံ ၁၁၀၀၀ ကျော် ပြန်လည်အပ်နှံမှု ဖြစ်ပေါ်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်အထိ နှစ်အလိုက် နောက်ဆက်တွဲ ဘတ်ဂျက်ခွင့်ပြုငွေ စုစုပေါင်းမှာ ကျပ် ၁၃၀၇၃ ဘီလျံဖြစ်ပြီး ဘတ်ဂျက်ပိုလျှံငွေများ ပြန်လည်အပ်နှံငွေမှာ ကျပ် ၁၄၆၂၃ ဘီလျံဖြစ်ကာ အပ်နှံငွေမှ လွှဲပြောင်းသုံးငွေမှာ ကျပ် ၃၀၂၂ ဘီလျံဖြစ်သည့်အတွက် အသားတင် အပ်နှံငွေမှာ ကျပ် ၁၁၆၀၁ ဘီလျံ ဖြစ်ကြောင်း ကော်မတီ အစီရင်ခံစာအရ သိရသည်။ 


READ NEXT
Cancel OK