Top News

ရုရှားစစ်တပ်က ယူကရိန်း၏ စွမ်းအင်ကဏ္ဍကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သောကြောင့် နိုင်ငံတစ်ဝန်း အပူချိန်များ ရေခဲမှတ်သို့ကျဆင်းနေစဉ် အရေးပေါ်ဓာတ်အားဖြတ်တောက်မှုများ လုပ်ဆောင်ခဲ့ရ
24htopnews | November 29, 2024 7:12 PM CST

နိုဝင်ဘာ ၂၈ ရက်တွင် ရုရှားစစ်တပ်က ယူကရိန်း၏စွမ်းအင်ကဏ္ဍကို ပြင်းပြင်း ထန်ထန် တိုက်ခိုက်ခဲ့သောကြောင့် ယူကရိန်း နိုင်ငံတစ်ဝန်းအပူချိန်များ ရေခဲမှတ်သို့ ကျဆင်းလျက်ရှိစဉ် အရေးပေါ်ဓာတ်အား ဖြတ်တောက်မှုများလုပ်ဆောင်ခဲ့ရသည်။

ရုရှားက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလထဲတွင် ကျူးကျော်ပြီးကတည်းက ယူကရိန်း၏ ဓာတ်အားလိုင်းတို့ကို ပြင်းထန်စွာပစ်မှတ်ထားခဲ့သည်။ ယင်းသို့ လျှပ်စစ်ဓာတ်အားလိုင်းများကို ပစ်မှတ်ထားခြင်းသည် ရုရှား၏ မကောင်းသော နည်းဗျူဟာဖြစ်သည်ဟု ယူကရိန်းက ပြောကြားခဲ့သည်။ ယူကရိန်းမြို့ကြီးများကို မှောင်အတိကျသွားအောင်လုပ်ရန်နှင့် ဆောင်းတွင်း၌ အရပ်သားပြည်သူများ အပူပေးစက် သုံးမရအောင်လုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဇန်နဝါရီလထဲတွင် အမေရိကန်သမ္မတရာထူးကို ဒေါ်နယ်ထရန့် လွှဲပြောင်းမယူမီ နှစ်ဘက်စလုံးက အသာစီးရရေးအတွက် လက်နက်သစ်များကို ပစ်ခတ်သည်ကို မြင်ရသည့် သိသာထင်ရှားသော ပဋိပက္ခအရှိန် မြင့်တက်မှု သီတင်းနှစ်ပတ်ကြာဖြစ်ပွာခဲ့ပြီးနောက် ရုရှားစစ်တပ်၏ညပိုင်းတိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဝင်လာသော ဒုံးကျည်များအတွက် လေကြောင်းသတိပေးချက်ကို နိုင်ငံတစ်ဝန်းထုတ်ပြန်ခဲ့ပြီးနောက် လျှပ်စစ်ဓာတ်အားပေးစက်ရုံများသည် ကြီးမားသော ရန်သူတိုက်ခိုက်မှုကို ခံခဲ့ရသည်ဟု ယူကရိန်းစွမ်းအင်ဝန်ကြီး ဂျာမန်ဂါလူရှက်ချင်ကိုက ပြောကြားခဲ့သည်။

မြို့တော်ကိယက်ဗ်၊ အရှေ့မြောက်ပိုင်းရှိ ခါကိဗ်၊ ပင်လယ်နက်ဆိပ်ကမ်းမြို့အိုဒက်ဆာတို့အပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့များထံ ဦးတည်လာသော ရုရှားခရုစ်ဒုံးကျည်များနှင့် တိုက်ခိုက်ရေးဒရုန်းများ တစ်သီတစ်တန်းကြီးဝင်လာခဲ့ကြောင်း ယူကရိန်းလေတပ်ကသတင်းထုတ် ပြန်ခဲ့သည်။

“စွမ်းအင်ကဏ္ဍဟာ ထူးထူးကဲကဲ ရန်သူတိုက်ခိုက်တာကို ထပ်မံခံခဲ့ရပါတယ်။ ဓာတ်အားပေးစက်ရုံတွေကို တိုက်ခိုက်တာတွေဟာ ယူကရိန်းနိုင်ငံတစ်ဝန်းမှာ ဖြစ်ပျက်နေတာပါ”ဟု ဂါလူရှက်ချင်ကိုက ပြောကြားခဲ့သည်။

မဟာဓာတ်အားလိုင်း လုပ်ငန်းကိုလုပ်ကိုင်သော ယူကရီနာဂိုသည် အရေးပေါ်ဓာတ်အားဖြတ်တောက်မှုများကို လုပ်ဆောင်ခဲ့ရသည်ဟု ၎င်းက ဖြည့်စွက်ပြော ကြားခဲ့သည်။ အပူချိန်သည် သုညဒီဂရီ ဆဲလ်စီယပ်(၃၂ ဒီဂရီ ဖာရင်ဟိုက်)အထိကျ ဆင်းနေချိန်တွင် အရေးပေါ်ဓာတ်အားဖြတ်တောက်ခဲ့ရသည်ဟု ဆိုသည်။

ယူကရီနာဂိုသည် ကိယက်ဗ်၊ အိုဒက်ဆာ၊ နီပရို၊ ဒိုးနက်တို့တွင် အရေးပေါ်ဓာတ် အားဖြတ်တောက်မှုများကို စတင်လုပ်ဆောင်နေသည်ဟု စွမ်းအင်လုပ်ငန်း DTEK က ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝန်းတိုက်ခိုက်မှုသည် နိုဝင်ဘာ ၂၈ ရက် နံနက် ၈ နာရီတွင် ဖြစ်ပွားခြင်းဖြစ်သည်ဟု ယူကရိန်းလေတပ်၏ထုတ်ပြန်ချက်အရ သိရသည်။

“လုံခြုံရေးအခြေအနေက ခွင့်ပြုမယ်ဆိုတာနဲ့တစ်ပြိုင်တည်း (တိုက်ခိုက်မှုတွေရဲ့) နောက်ဆက်တွဲတွေကို ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်”ဟု ယူကရိန်းစွမ်းအင်ဝန်ကြီးက ပြောကြားခဲ့သည်။ရုရှားသည် မကောင်းသည့် နည်းများ ဆက်လက်အသုံးပြုနေသည်ကို တိုက်ခိုက်မှုများကသက်သေခံနေသည်ဟု ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။                                 

Ref: Reuters


READ NEXT
Cancel OK