Top News

မန်စီးတီးတိုက်စစ်မှူးဟောင်း ခါဗယ်လာရှဗီလီ ဂျော်ဂျီယာသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခံရ
24htopnews | November 29, 2024 8:12 PM CST

မန်စီးတီးအသင်း တိုက်စစ်မှူးဟောင်း ခါဗယ်လာရှဗီလီသည် ဂျော်ဂျီယာနိုင်ငံ၏ သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခံထားရကြောင်း သိရသည်။

အသက် ၅၃ နှစ်ရှိပြီဖြစ်သူ ခါဗယ်လာရှဗီလီသည် မန်စီးတီးအသင်း၌ ၁၉၉၆ ခုနှစ် မတ်လမှ ၁၉၉၇ ခုနှစ် နွေရာသီ ပါဝင်ကစားခဲ့ဖူးပြီး ၂၈ ပွဲကစား၊ သုံးဂိုးသွင်းယူပေးနိုင်ခဲ့သည်။

၎င်းသည် မန်စီးတီးအသင်းအတွက် ပထမဆုံး ပွဲထွက်ကစားခွင့်ရသည့် မန်ချက်စတာဒါဘီပွဲစဉ်တွင် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။

ခါဗယ်လာရှဗီလီသည် ကစားသမားဘဝမှ အနားယူပြီးနောက် ၂၀၁၆ ခုနှစ်တွင် နိုင်ငံရေးလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး Gerogian Dram ပါတီကိုယ်စားပြု၍ ရွေးကောက်ပွဲယှဉ်ပြိုင်ရာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

ထို့နောက် ခါဗယ်လာရှဗီလီသည် ၂၀၂၂ ခုနှစ်တွင် Gerogian Dram ပါတီနှင့်လမ်းခွဲ၍ People's Power ပါတီကို ပူးတွဲတည်ထောင်ခဲ့သည်။

အာဏာရပါတီဖြစ်သည့်  Gerogian Dram က ဒီဇင်ဘာ ၁၄ ရက်ကျင်းပမည့် သမ္မတရွေးကောက်ပွဲအတွက် ခါဗယ်လာရှဗီလီကို သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းကြောင်း နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သမ္မတရွေးချယ်မှုကို လွှတ်တော်တွင်း ကော်မတီက ပြုလုပ်မည်ဖြစ်ပြီး ယင်းကော်မတီတွင်  Gerogian Dram ပါတီက နေရာအများစုပါဝင်နေရာ ခါဗယ်လာရှဗီလီအနေဖြင့် သမ္မတသစ်ဖြစ်လာရန် အလွန်နီးစပ်နေကာ ဒီဇင်ဘာ ၂၉ ရက်တွင် တာဝန်စတင်ထမ်းဆောင်ရနိုင်ကြောင်း သိရသည်။

 


READ NEXT
Cancel OK