Top News

မြန်မာရွှေ့ပြောင်းလုပ်သား သေဆုံးမှုအား ပြန်လည် စုံစမ်းစစ်ဆေးရန် တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူများနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက တောင်းဆို
24htopnews | November 29, 2024 8:12 PM CST

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားတစ်ဦး သေဆုံးမှုကို စေ့စပ်သေချာသော စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန်အတွက် တောင်ကိုရီးယား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် တက်ကြွလှုပ်ရှားသူများက နိုဝင်ဘာ ၁၉ ရက်က တောင်းဆိုခဲ့ကြောင်း သိရသည်။ ၎င်းတို့က အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများအား ရှာဖွေရန်အတွက် စီးနင်း ဝင်ရောက်မှုများကို ရပ်စဲရန်လည်း တောင်ကိုရီးယားအစိုးရကို တောင်းဆိုခဲ့သည်။ 

တောင်ကိုရီးယား၏ အကြီးဆုံး ဗုဒ္ဓဘာသာအဖွဲ့ဖြစ်သည့် Jogye Order of Kirean Buddhism နှင့် ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးဆိုင်ရာ အကြံပေးများက နိုဝင်ဘာ ၁၉ ရက်တွင် တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်ရှိ သမ္မတရုံးသို့ တစ်မိုင်ကျော်ခရီးကို ချီတက်ဆန္ဒပြခဲ့ကြသည်။ 

၎င်းတို့သည် ဖြည်းညှဉ်းစွာ ချီတက်ပွဲတစ်ရပ်ကို ဆင်နွှဲကြရင်း မြေပြင်ပေါ်တွင် တစ်ကိုယ်လုံး လဲလျောင်းဆန့်တန်းလျက် နဖူး၊ ဖဝါးများ၊ ဒူးများနှင့် ခြေချောင်းများကို မြေပြင်၌ထိကာ ဗုဒ္ဓဘာသာဝင်တို့၏ ဦးညွတ်မှုပုံစံကို သရုပ်ဖော်ခဲ့ကြသည်။ 

သြဂုတ်လအတွင်းက အသက် ၂၅ နှစ်အရွယ်ရှိ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး သေဆုံးမှုကို ပြန်လည် စစ်ဆေးသင့်ကြောင်း ၎င်းတို့က တောင်ကိုရီးယားအစိုးရကို တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ လူဝင်မှုကြီးကြပ်ရေးအရာရှိများက တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများကို ရှာဖွေရန်အတွက် ဆောက်လုပ်ရေးနေရာ တစ်ခုအား ဝင်ရောက်စီးနင်းစဉ်  အဆိုပါ အလုပ်သမားသည် ထွက်ပြေးရန် ကြိုးစားခဲ့ရာမှ အဆောက်အအုံ တစ်ခုပေါ်မှ ပြုတ်ကျကာ သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။ 

အဆိုပါ မြန်မာအလုပ်သမားသည် ၂၀၁၃ ခုနှစ်ကတည်းက အလုပ်အကိုင်ဗီဇာဖြင့် တောင်ကိုရီးယားနိုင်ငံတွင် အလုပ် လုပ်နေခဲ့ခြင်း ဖြစ်သော်လည်း သူ၏ ဗီဇာသည် ယခုနှစ် အစောပိုင်းက သက်တမ်းကုန်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

အခင်းဖြစ်ပွားပြီးနောက် သူ့အား ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သော်လည်း မကြာမီ ဦးနှောက်သေသွားပြီ ဖြစ်ကြောင်း ကြေညာခဲ့ရသည်။ သူက သူ၏ ကိုယ်တွင်းအင်္ဂါများကို တောင်ကိုရီးယားနိုင်ငံသား လေးဦးထံသို့ လှူဒါန်းခဲ့ပြီး စက်တင်ဘာလအတွင်း သေဆုံးခဲ့သည်။ 

လူဝင်မှုကြီးကြပ်ရေးအရာရှိ တစ်ဦးက အဆိုပါ မြန်မာအလုပ်သမား၏ ခြေထောက်ကို လှမ်းဆွဲခဲ့ပြီးနောက် အလုပ်သမားမှာ ပြုတ်ကျသွားခြင်း ဖြစ်သည်ဟု သူ၏ လုပ်ဖော်ကိုင်ဖက်များက သက်သေခံ ထွက်ဆိုခဲ့ကြသည်။ သို့သော် အဆိုပါ အလုပ်သမား သေဆုံးမှုအတွက် လူဝင်မှုကြီးကြပ်ရေးအရာရှိများ၌ တာဝန်မရှိဟု ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုက ကောက်ချက်ချခဲ့ပြီး အမှုကို ပိတ်ခဲ့သည်ဟု Kyunghyaung Shinmun သတင်းဌာနက ဖော်ပြခဲ့သည်။ နိုင်ငံတော် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက စီးနင်းရှာဖွေမှု၌ ၎င်းတို့သည် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လိုက်နာခဲ့သည်ဟု ပြောကြားခဲ့သည်။ 

“ဒီသေဆုံးမှုအတွက် တာဝန်ရှိတဲ့ အရာရှိကို အစိုးရအနေနဲ့ ခြေရာခံလိုက်သင့်ပြီး နိုင်ငံတော်ရဲ့ စီးနင်းရှာဖွေမှုအတွင်း ရွှေ့ပြောင်းလုပ်သားတွေ သေဆုံးရမှုကို ကာကွယ်ဖို့ အပြစ်ပေးသင့်ပါတယ်”ဟု ရွှေ့ပြောင်းလုပ်သားများ ကုန်သွယ်ရေးသမဂ္ဂ၏ အကြီးအကဲ အူဒါယာရေးက ပြောကြားခဲ့သည်။ ယင်းသမဂ္ဂသည် တောင်ကိုရီးယား၏ ပထမဆုံး ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂ ဖြစ်သည်။ 

သမဂ္ဂ၏ ပြောကြားချက်အရ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း လူဝင်မှုကြီးကြပ်ရေး အရာရှိများ၏ အလားတူ စီးနင်းရှာဖွေမှုများအတွင်း ရွှေ့ပြောင်းလုပ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။                    

 


READ NEXT
Cancel OK