Top News

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများ အပါအဝင် ရှမ်း၊ ကချင်ဒေသရှိ ဒုက္ခသည်စခန်းများ ပိတ်သိမ်းရေးအတွက် National Strategy Plan ရေးဆွဲ ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
24htopnews | November 29, 2024 8:12 PM CST

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများ အပါအဝင် ရှမ်း၊ ကချင် စသည့် ပြည်နယ်များရှိ ဒုက္ခသည်စခန်းများ ပိတ်သိမ်းရေးအတွက် National Strategy Plan ရေးဆွဲ ဆောင်ရွက်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက  ပြောကြားသည်။

နိုဝင်ဘာ ၁၉ ရက်က နေပြည်တော်ရှိ မြတ်မင်္ဂလာဟိုတယ်တွင် ပြုလုပ်သည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အခမ်းအနားအပြီးတွင် စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများတွင် လွတ်လပ်စွာ သွားလာခွင့်နှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီးက အထက်ပါကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အကြံပြုချက်တွေကို ကျွန်တော်တို့ အရမ်းပဲ အလေးထားတယ်။ အလေးထားတယ်ဆိုတာ ဒီအကြံပြုချက်တွေကို အမြဲတမ်း ခဏခဏပြောနေသလိုပဲ ဒီပြည်နယ် တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ရှေ့အတွက်ကို ပိုကောင်းတဲ့ နည်းလမ်းတွေကို အကြံပေးထားတာတွေ ရှိတယ်။ အဲဒီထဲမှာမှ လုပ်ဆောင်နိုင်တာတွေ ကျွန်တော်တို့ လုပ်ဆောင်မယ်။ တချို့ မြေပြင်အခြေအနေနဲ့ လုပ်ဆောင်လို့ မရသေးတာတွေ ကျွန်တော်တို့ လုပ်လို့မရသေးတာတွေလည်း ရှိသေးတယ်။ အဲဒီတော့ ဘာပဲဖြစ် ဖြစ် ဒီ Camp တွေကို ပြန်ပိတ်ဖို့ဆိုတာ လုပ်ဆောင်လို့ရတဲ့ အခြေအနေမှာ ရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ ကြိုးစားနေတယ်။ ကျွန်တော်တို့ အရှိန်မြှင့်နေပြီးတော့ ဆောင်ရွက်နေတယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ သတ်မှတ်တဲ့ စံချိန်စံညွှန်း၊ ဒီစခန်းတွေကို ပြန်ပိတ်သိမ်းတဲ့ စံချိန်စံညွှန်းနဲ့ ကိုက်ညီအောင်ဆိုပြီးတော့ National Strategy Plan ဆိုတာ ဆွဲနေတယ်”ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ဒုက္ခသည်စခန်းများနှင့် ပတ်သက်၍ National Strategy Plan ရေးဆွဲမှုသည် ရခိုင်ပြည်နယ် တစ်ခုတည်းအတွက် မဟုတ်ဘဲ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် အပါအဝင် မည်သည့် ဒုက္ခသည်စခန်းမဆို ပိတ်သိမ်းရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက “ National Strategy Plan ဆိုတာ ရခိုင်တစ်ခုတည်း မကဘူး၊ ကချင်မှာလည်း ဒီပုံစံပဲ၊ ရှမ်းမှာလည်း ဒီပုံစံပဲ။ ဘယ်ဒုက္ခသည်စခန်းမှာမဆို ပုံစံကျ ကျွန်တော်တို့က ပြန်လည် ပိတ်သိမ်းဖို့ဆိုတာကို ဆောင်ရွက်နေတာပါ” ဟု ပြောကြားသည်။

ဆက်လက်၍ “ဒီ ရခိုင်မှာရှိနေတဲ့ ဒီ Camp တွေ အခု ၁၈ ခု ရှိတယ်ပေါ့။ ဒါတွေဟာလည်း အကုန်လုံး သူ့ဘာသူ ပုံစံကျ ပြန်ဖြစ်သွားဖို့ ကျွန်တော်တို့ ဆောင်ရွက်နေတယ်။ ခုနကပြောတဲ့ အဲဒီအထဲမှာမှ ဦးစားပေးပြီးတော့ ရခိုင်၊ ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေထဲမှာမှ ကျွန်တော်တို့ Citizenship တို့ Freedom of Movement တို့ ဒါတွေလည်း ကျွန်တော်တို့ ဆောင်ရွက်နေတယ်။ Citizenship ဆိုတာလည်း ဒီ National Verification Process ဆိုတဲ့ ဒီ Process ကို မြန်အောင် လုပ်နေတယ်။ စနစ်ကျအောင် လုပ်နေတယ်။ အရင်ထက်စာရင် အရမ်းမြန်လာမယ်။ အခုဆက်ပြီးတော့လည်း တိုးတက်အောင် ဆောင်ရွက်နေတယ်။ တချို့ရသင့်ရထိုက်တဲ့သူ ရမယ်။ ဒီဥပဒေအရ မရသင့် မရထိုက်ရင် မရဘူး။ ဒါ အဲဒီအတိုင်းပဲ သွားနေတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။  


READ NEXT
Cancel OK