Top News

■ လက်မှတ်စျေးနှုန်းမြှင့်တင်မှုအတွက် အိုးလ်ထရက်ဖို့ဒ်ကွင်းနှင့် အန်ဖီးလ်ကွင်း၌ ပူးပေါင်းဆန္ဒပြရန် မန်ယူ၊ မန်စီးတီး၊ လီဗာပူးလ်၊ အဲဗာတန်ပရိသတ်များ စီစဉ်
24htopnews | November 29, 2024 8:12 PM CST

မန်ယူ၊ မန်စီးတီး၊ လီဗာပူးလ်နှင့် အဲဗာတန်အသင်းပရိသတ်များသည် လက်မှတ်စျေးနှုန်း မြှင့်တင်မှုအတွက် အိုးလ်ထရက်ဖို့ဒ်ကွင်းနှင့် အန်ဖီးလ်ကွင်း၌ ပူးပေါင်းဆန္ဒပြရန် စီစဉ်နေကြောင်း သိရသည်။

    

ယခုတစ်ပတ် ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ် (၁၃)တွင် အဆိုပါအသင်း(၄)သင်းမှာ ထိပ်တိုက်ဆုံတွေ့နေကြပြီး မန်ယူနှင့် အဲဗာတန်၊ လီဗာပူးလ်နှင့် မန်စီးတီးတို့ ယှဉ် ပြိုင်ကစားရမည်ဖြစ်သည်။ 

ပွဲစဉ်နှစ်ပွဲစလုံးကို တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သောကြောင့် အသင်း(၄)သင်း ၏ ပရိသတ်များ၏ အိုးလ်ထရက်ဖို့ဒ်ကွင်းနှင့် အန်ဖီးလ်ကွင်း၏အပြင်ဘက်တွင် ပူးပေါင်းဆန္ဒပြမှု ပြုလုပ်သွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။ 

မန်ယူအသင်းသည် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ကွင်းဝင်ကြေး လက်မှတ်ခနှုန်းထား ကို (၆၆)ပေါင် တိုးမြှင့်လိုက်ကြောင်း အတည်ပြုကြေညာခဲ့သလို၊ အခြားအသင်းများအနေဖြင့်လည်း လက်မှတ်စျေးနှုန်း မြှင့်တင်မှုများ ရှိခဲ့သည့်အတွက် ပရိသတ်များက ပူးပေါင်းဆန္ဒပြရန် စီစဉ်ခြင်းဖြစ်သည်။ 

လီဗာပူးလ်အသင်းသည် ယခုရာသီတွင် လက်မှတ်စျေးနှုန်းကို (၂%)မြှင့်တင်ခဲ့သလို၊ မန်စီးတီးအသင်းကလည်း (၅%) မြှင့်တင်ခဲ့သည်။ ထို့ကြောင့် ပြီးခဲ့သည့် နွေရာသီကတည်းက လီဗာပူးလ်ပရိသတ်အချို့က ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ 

အဲဗာတန်နှင့် ယှဉ်ပြိုင်ကစားမည့်ပွဲတွင် မန်ယူအသင်းပရိသတ်များက "Stop Exploting Loyalty" ဟူသည့် စာတန်းများ ကိုင်ဆောင်ကာ ဆန္ဒပြသွားမည်ဖြစ်ပြီး အဆိုပါစာတန်းမှာ ဘောလုံးအားပေးသူများအဖွဲ့အစည်း (FSA) ၏ လှုံ့ဆော်မှုဖြင့် အသုံးများလာသော စာတန်းဖြစ်ကြောင်းလည်း သိရသည်။ 

မန်ယူအသင်း၏ ပရိသတ်အဖွဲ့ FC58 မှ ပြော ရေးဆိုခွင့်ရှိသူတစ်ဦးက "ဒီကလပ်အသင်း(၄)သင်းက ပြိုင်ဘက်တွေပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အနာဂတ်မျိုးဆက်တွေအတွက် ကလပ်အသင်းတွေရဲ့ အမွေအနှစ်တွေကို ကာကွယ်ပေးနိုင်ဖို့ ကျွန်တော်တို့ အတူတူ လုပ်ဆောင်သွားကြမှာပါ"ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK