Top News

Stay at Home သတ်မှတ်ထားသော မြို့နယ်များမှ နေပြည်တော်သို့ လာရောက်သူများကို Quarantine ၁၄ ရက်ထားပြီး Swab နှစ်ကြိမ် စစ်ဆေးခံရမည်
24htopnews | November 29, 2024 9:12 PM CST

Stay at Home သတ်မှတ်ထားသော မြို့နယ်များမှ နေပြည်တော်သို့ လာရောက်သူများကို Quarantine ၁၄ ရက်ထားပြီး Swab နှစ်ကြိမ် စစ်ဆေးခံရမည်ဖြစ်ကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောကြားသည်။

နေပြည်တော်ကောင်စီ အနေဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁ ရက်မှစ၍ အမိန့်အမှတ် ၉၄/၂၀၂၀ နှင့် ၉၅ /၂၀၂၀ ကို ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းအမိန့်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်သို့ လာရောက်သူများ နှင့် နေပြည်တော်မှ တိုင်းဒေသကြီး ပြည်နယ်များသို့ သွားရောက်ပြီး နေပြည်တော်သို့ ပြန်လည် ဝင်ရောက်လာသူများ လိုက်နာရမည့် အချက်များကို ထုတ်ပြန်ကြေညာ ထားခြင်းဖြစ်သည်။

“နေပြည်တော်ကို ပြန်လည်ဝင်ရောက်မယ့် မည်သူမဆို Facility Quarantine ကို အတိုင်းအတာတစ်ခု ဝင်ရမယ်။ ပြီးရင် ဆေးစစ်ဆေးမှုခံယူပြီး ရောဂါကင်းရှင်းကြောင်း ရရှိမှသာ နေပြည်တော်ထဲကို ဝင်ခွင့်ပြုမှာ ဖြစ်ပါတယ်။ အဲဒီမှာလည်း ကျွန်တော်တို့က ဘယ်လိုစိစစ်ထားသလဲဆိုတော့ လာရောက်တဲ့ဒေသ။ ဘယ်ဒေသက လာသလဲ။ ရောဂါဖြစ်ပွားခြင်း မရှိတဲ့ မြို့နယ်တွေက လာတယ်ဆိုရင် ကျွန်တော်တို့ဆီမှာ Facility Quarantine ဝင်တယ်။ တစ်ရက်အကြာမှာ Swab ယူပြီး စစ်ဆေးတယ်။ စစ်ဆေးပြီး သုံးရက်အကြာမှာ ရောဂါပိုး မရှိဘူးဆိုရင် နေပြည်တော်ထဲကို ဝင်ရောက်ခွင့်ပြုပါတယ်။ Stay at Home မြို့ နယ်တွေက လာမယ် ဆိုရင်တော့ ပြည်သူတွေအနေနဲ့ Facility Quarantine ကို ၁၄ ရက်ထားပြီး Swab နှစ်ကြိမ်စစ်ရပါမယ်။ နိုင်ငံ့ဝန်ထမ်းတွေ အနေနဲ့ နေပြည်တော်မှာရှိတဲ့ ဝန်ကြီးဌာနတွေမှာ လုပ်ငန်းဆောင်ရွက်ဖို့ ခေါ်ယူခြင်းခံရတဲ့ ဝန်ထမ်းတွေဆိုရင် ခုနစ်ရက်နဲ့ Swab နှစ်ကြိမ်စစ်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ပါမောက္ခ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောကြားသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ Stay at Home အစီအစဉ်တွင် မပါဝင်သော မြို့ နယ်အားလုံး၌ COVID-19 ဓာတ်ခွဲစစ်ဆေးခြင်းဆိုင်ရာ လိုက်နာရမည့် အချက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ Stay at Home အစီအစဉ်တွင် မပါဝင်သော မြို့နယ်အားလုံး၌ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးခြင်းနှင့် ပတ်သက်၍ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ ဆက်စပ်ခဲ့သူများအား သတ်မှတ်ထားသောနေရာတွင် အသွားအလာ ကန့်သတ်ထားရှိခြင်း ဆောင်ရွက်ရာ၌ ဓာတ်ခွဲအတည်ပြုလူနာနှင့် နောက်ဆုံးအကြိမ် ထိတွေ့သည့်ရက်မှ သုံးရက်မြောက်နေ့တွင် ပထမအကြိမ် ဓာတ်ခွဲနမူနာယူ၍ COVID-19 Antigen Test (Rapid test kit) ဖြင့် ဓာတ်ခွဲစစ်ဆေးရန်၊ ပထမအကြိမ် စစ်ဆေးခြင်းသည် Negative ဖြစ်ပါက ဓာတ်ခွဲအတည်ပြုလူနာနှင့် နောက်ဆုံးအကြိမ် ထိတွေ့သည့်ရက်မှ ၁၁ ရက်မြောက်နေ့တွင် ဒုတိယအကြိမ် ဓာတ်ခွဲနမူနာ ထပ်မံရယူပြီး RT-PCR နည်းပညာဖြင့် ဓာတ်ခွဲစစ်ဆေးရန်၊ ဓာတ်ခွဲစစ်ဆေးခြင်း နှစ်ကြိမ်စလုံးတွင် Negative ဖြစ်သော်လည်း သံသယရောဂါ လက္ခဏာများ စတင်တွေ့ရှိပါက ကုသခြင်း လုပ်ငန်းအား ချက်ချင်းဆောင်ရွက်နိုင်ရန်နှင့် ပိုမိုစိတ်ချစေရန်အတွက် အနီးကပ်ထိတွေ့ ဆက်စပ်ခဲ့သူဟု စတင်သတ်မှတ်သည့် ရက်မှ ၁၄ ရက် တိတိမဖြစ်မနေ သတ်မှတ်ထားသော နေရာတွင် အသွားအလာ ကန့်သတ်ထားရှိခြင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ပြည်ပနိုင်ငံများမှ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းတို့နှင့် ပြန်လည် ရောက်ရှိလာသူများနှင့် Stay at Home မြို့နယ်များမှ Non-Stay at Home မြို့နယ်များသို့ ရောက်ရှိလာသူများအား သတ်မှတ်ထားသော နေရာများတွင် အသွားအလာ ကန့်သတ်ထားရှိခြင်း ဆောင်ရွက်ရာတွင် ပြန်လည်ရောက်ရှိပြီး အသွားအလာ ကန့်သတ်ထားရှိမှု စတင်သည့်ရက်မှ သုံးရက်မြောက်နေ့တွင် ပထမကြိမ် ဓာတ်ခွဲနမူနာယူ၍ COVID-19 Antigen Test (Rapid test kit) ဖြင့် ဓာတ်ခွဲစစ်ဆေး ရန်၊ ပထမအကြိမ်စစ်ဆေးခြင်းသည် Negative ဖြစ်ပါက ပြန်လည်ရောက်ရှိပြီး အသွားအလာ ကန့်သတ်ထားရှိမှု စတင်သည့်ရက်မှ ၁၁ မြောက်နေ့တွင် ဒုတိယအကြိမ် ဓာတ်ခွဲ နမူနာထပ်မံရယူပြီး RT-PCR နည်းပညာဖြင့် ဓာတ်ခွဲစစ်ဆေးရန်၊ ဓာတ်ခွဲစစ်ဆေးခြင်း နှစ်ကြိမ်စလုံးတွင် Negative ဖြစ်သော်လည်း သံသယရောဂါ လက္ခဏာများ စတင်တွေ့ရှိပါက ကုသခြင်းလုပ်ငန်းကို ချက်ချင်း ဆောင်ရွက်နိုင်ရန်နှင့် ပိုမိုစိတ်ချစေရန်အတွက် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိသည့် ရက်မှစ၍ ၁၄ ရက်တိတိ မဖြစ်မနေ သတ်မှတ်ထားသော နေရာတွင် အသွားအလာ ကန့်သတ်ထားရှိခြင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ဓာတ်ခွဲနမူနာ စစ်ဆေးရာ၌ COVID-19 Antigen Test (Rapid test kit) Positive ဖြစ်လျှင်သော် လည်းကောင်း၊ RT-PCR နည်းပညာဖြင့် ဓာတ်ခွဲစစ်ဆေးရာတွင် SARS-CoV-2 ရောဂါပိုး တွေ့ရှိပါက လည်းကောင်း သတ်မှတ်ထားသောဆေးရုံ (သို့မဟုတ်) COVID-19 ရောဂါ ကုသရေးဌာနများသို့ စနစ်တကျ လွှဲပြောင်းကုသရန် သတ်မှတ်ထားသည်။

 


READ NEXT
Cancel OK