Top News

COVID-19 Negative အဖြေထွက်သည်ဟု ယူဆပြီး မြိတ်မြို့ရှိ Quarantine စင်တာမှ အိမ်ပြန်ခွင့် ပြုလိုက်သူ အချို့တွင် Positive အဖြေထွက်၍ ပြန်လည်ခေါ်ယူနေရ
24htopnews | November 29, 2024 9:12 PM CST

Negative အဖြေထွက်သည်ဟု ယူဆပြီး မြိတ်မြို့ရှိ Quarantine စင်တာမှ အိမ်ပြန်ခွင့်ပြုလိုက်သူ အချို့တွင် COVID-19 Positive အဖြေထွက်နေသည့်အတွက် နိုဝင်ဘာ ၂၇ ရက် ပရဟိတ အသင်းများက ပြန်လည် ခေါ်ယူပေးနေရကြောင်း သိရသည်။

COVID-19 Positive လူနာများနှင့် ထိတွေ့ခဲ့သူများကို မြိတ်မြို့ရှိ Quarantine စင်တာများတွင် စောင့်ကြည့်ထားရာမှ သတ်မှတ်ရက် ၁၄ ရက်ပြည့်သည်အထိ အဖြေမထွက်သောကြောင့် ပြန်လည် ဆင်းခွင့်ရပြီဟု ယူဆသည့်အတွက် နေအိမ်များသို့ ပြန်ခွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် Quarantine စင်တာတွင်ရှိနေသည့် စောင့်ကြည့်လူနာများတွင် ၁၅ ဦးမှာ Positive ဖြစ်နေခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းတွင် စင်တာမှ ပြန်ခွင့်ရသည်ဟု ယူဆရပြီးပြန်သွားသူ ငါးဦးမှာ နေအိမ်များသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ကျန်သည့် ၁၀ ဦးမှာ စောင့်ကြည့်စင်တာတွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်မှာ Result စောင့်ဆိုင်းရန် ကြာမြင့်ခြင်း၊ Swab များကို သင့်ရာစနစ်ဖြင့် ပို့နေခြင်းကြောင့် ဖြစ်ပွားရပြီး Contact များကို ပြန်လည်ပြီး ခေါ်ယူနေရကြောင်း သိရသည်။

“မော်လမြိုင်ပို့နေတာ အခက်အခဲရှိသလား၊ အခက်အခဲရှိနေရင် ကားကြုံနဲ့ ပို့နေတာမျိုးဖြစ်ဖြစ်၊ ကားအဆင်ပြေမှ ပို့မယ်ဆိုတဲ့ပုံစံမျိုး မဟုတ်ဘဲ တစ်ယောက်ပဲဖြစ်ပါစေ။ လူ ၃၀ မှ ၁၀၀ အထိ Swab ယူပြီးပို့ပေးပါ့မယ်။ နေ့ညမရွေးကူညီမယ်။ အခက်အခဲဖြစ်နေရင် ပြောပါ။ ပရဟိသမားတွေက အခမဲ့ ကူညီမယ် ဆိုတာကို ကျွန်တော်ဆွေးနွေးထားတာ ရှိတယ်။ ခရိုင်ပြည်သူ့ကျန်းမာက ပြောတာက မော်လမြိုင်မှာ ပိုးစစ်ဆေးတဲ့သူတွေများတော့ တနင်္သာရီတိုင်း ဒေသကြီး ဘက်ကလာတဲ့ Swab တွေကို စစ်ရာမှာ နောက်ကျလေ့ ရှိတယ်လို့ သိရတယ်။ ဖြစ်နိုင်မယ်ဆိုရင် ရန်ကုန်ကိုပို့ရမယ် ဆိုရင်လည်း ပို့ပေးမယ်ဆိုပြီး ဆွေးနွေးထားတာ ရှိပါတယ်။ ခရိုင်ပြည်သူ့ ကျန်းမာအနေနဲ့ကလည်း ဒါတွေကိုချိတ်ဆက်ပြီး ညှိနှိုင်းတိုင်ပင် သင့်ပါတယ်။ Quarantine စင်တာမှာရှိတဲ့သူတွေကို စစ်ဆေးရာမှာ မော်လမြိုင်ကို ပို့ပြီးမှ အတည်ပြုချက် ယူတာများပါတယ်။ အခုဖြစ်တဲ့ပုံစံမျိုးက အတည်ပြုချက် မရောက်လာခင် ပြန်ဆင်းခိုင်းလိုက်တဲ့ ပုံစံမျိုး ဖြစ်သွားတော့ ထွက်လာတဲ့အဖြေက Positive ဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာ အိမ်မှာ ပြန်လိုက် ခေါ်ကြရတော့ အတော်လေးကို ဂယက်ရိုက်သွားကြတယ်။ အိမ်ကိုရောက်သွားတဲ့အတွက် မိသားစုနှင့် Contact တွေက ပိုများလာတယ်” ဟု မြိတ်ခရိုင် COVID-19 ကာ/ထိန်း/ကု ကော်မတီအဖွဲ့ဝင် ဦးမြတ်ကိုကိုက ပြောကြားသည်။

ယခုကဲ့သို့ဖြစ်စဉ်များ ဖြစ်ပွားလာမည်ကို တွက်ဆထားသည့်အတွက် ထွေ/အုပ် အစည်းအဝေးတွင် Swab အမြန်ဆုံးပို့ရန်နှင့် အဖြေအမြန်ဆုံးရရှိရန် နည်းလမ်းများကို နှစ်ကြိမ်မက တင်ပြခဲ့ပြီးဖြစ်ကြောင်း မြိတ်ခရိုင် COVID-19 ကာ/ထိန်း/ကု ကော်မတီအဖွဲ့ဝင် ဦးမြတ်ကိုကိုက ဆက်လက် ပြောကြားသည်။

မြိတ်မြို့တွင် နိုဝင်ဘာ ၂၇ ရက်က ထပ်တိုးခဲ့သည့် Positive လူနာများမှာ တောရကျောင်းရပ် အထက်တန်းကျောင်း စင်တာမှ သုံးဦး၊ မြိတ်တက္ကသိုလ် ပုလဲမာန်စင်တာမှ ငါးဦး၊ ပုလဲရွှေရည်စင်တာမှ ခုနစ်ဦးတို့ဖြစ် ကြောင်းသိရသည်။

အိမ်ပြန်ခွင့်ရပြီဟု ယူဆရသည့် ငါးဦးမှာ နေအိမ်များသို့ ပြန်ခဲ့ပြီးနောက် Positive ထွက်နေခြင်းဖြစ်ရာ တစ်ဦးမှာ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်သို့ ထွက်ခွာသွားရာ ပရဟိတအသင်းများက လိုက်လံခေါ်ယူနေရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနနှင့် မြိတ်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရှိ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းရာ ဖုန်းပြန်လည် ဖြေကြားခြင်း မရှိခဲ့ကြောင်း သိရသည်။

 


READ NEXT
Cancel OK