Top News

ပခုက္ကူခရိုင်အတွင်း ကန်ရေအားထားသုံးစွဲရသည့် ကျေးရွာများ ယခုနှစ်အတွင်း ရေရရှိမှု နည်းပါးခဲ့သည့် အတွက် ဆောင်းကာလမှာပင် ရေခန်းခြောက်မှု ကြုံတွေ့
24htopnews | November 29, 2024 9:12 PM CST

ပခုက္ကူခရိုင်အတွင်း ကန်ရေအားထား သုံးစွဲရသည့် ကျေးရွာများ ယခုနှစ် မိုးကာလအတွင်း မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် ကန်ရေရရှိမှု နည်းပါးခဲ့ပြီး ဆောင်းကာလမှာပင် ရေခန်းခြောက်မှု ကြုံတွေ့နေကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ် များထံမှ သိရသည်။

မြေအောက်ရေ ရေငန်သာ ထွက်ရှိသည့် အတွက် ကန်ရေအားထားသုံးစွဲရသည့် မြိုင် မြို့နယ်နှင့် ရေစကြိုမြို့နယ်တွင်း ကျေးရွာ များရှိ ရေကန်များတွင် ရေရရှိမှု ပိုမိုနည်းပါး ခဲ့ပြီး ယခုကာလမှာပင် ကန်ရေခန်းခြောက် နေပြီ ဖြစ်ကြောင်း သိရသည်။

မြိုင်မြို့နယ်အတွင်း သောက်သုံးရေအ ခက်အခဲ ကြုံတွေ့နိုင်သည့် ကျေးရွာများနှင့် ပတ်သက်၍ အလှူရှင်များ ၊ ဒေသခံများနှင့် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်မှု ပြု လုပ်နေပြီး စက်ရေတွင်း ရှိသော်လည်း ရေ မလုံလောက်မှု ကြုံတွေ့နိုင်သည့် ကျေးရွာ များရှိကြောင်း သိရသည်။

“ဒီနှစ်က မိုးရွာတာ အတော်နည်းပါ တယ်။ မိုးတွင်း တစ်ခုလုံး မိုးနည်းတာပါ။ မိုး နည်းတဲ့အတွက် ကန်တွေ ရေမရပါဘူး။ ကန် ရေတစ်ခုတည်းကိုပဲ မှီခိုရတဲ့ ရွာတွေအတွက် သောက်သုံးရေတော့ အခက်အခဲဖြစ်ကြ တယ်။ မိုးကုန်စဖြစ်တာရော အေးတဲ့အတွက် ရေသုံးနည်းသေးတာရော လှောင်ရေရှိတာ ရောကြောင့် လူအတွက် မပူရသေးဘူး။ ဆိတ် ကျောင်း နွားကျောင်းတွေ ကတော့ ရေတိုက် စရာ မြေသားကန်ရယ်လို့ မရှိတော့ဘူး။ စက် ရေတွင်းရှိတဲ့ရွာတွေလည်း အရင်ထက် နာရီ ပိုမောင်းရတယ်။ အရင်နှစ်တွေကတော့ ကန် ရေရှိတော့ ကန်ရေနဲ့ စက်တွင်းရေ မျှသုံးရ တာ။ ဒီနှစ်ကတော့ စက်တွင်းရှိတဲ့ရွာလည်း စက်တစ်ခုတည်း အားကိုးရရင် ရေရှည်မှာ စက်ပျက်တာ တွင်းပျက်တာတွေ အခက်အခဲ ရှိနိုင်တယ်” ဟု မြိုင်မြိုနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေးက ပြောကြားသည်။

ယခင်နှစ်များက နိုဝင်ဘာ၊ ဒီဇင်ဘာလ များတွင် စက်ရေတွင်းမှာ နေ့စဉ် ခြောက်နာရီခန့်သာ မောင်းနှင်ရကြောင်း၊ ယခုနှစ်တွင် ကန်ရေမရရှိသည့်အတွက် နေ့စဉ် ၁၂ နာရီ ခန့်ထိ မောင်းနှင်ပေးနေကြောင်း၊ လာမည့် ပွင့်လင်းရာသီ ကာလတွင် ယခုထက် စက်ရေတွင်း ပိုမိုမောင်းနှင်ရနိုင်ကြောင်း မြိုင်မြို့နယ် အိုရင်းရွာမှ ကိုဗညားက ပြောကြားသည်။

မြေအောက်ပေ အနက် ၁၀၀၀ ထိ တူးဖော်သော်လည်း ရေငန်သာထွက်ရှိခြင်းကြောင့် ကန်ရေကိုသာ အားထားသုံးစွဲရသည့် ရေစကြိုမြို့နယ် ရှင်မတောင်ဒေသတစ်ဝိုက် ကျေးရွာများမှ သောက်ရေကန်များမှာလည်း မိုးခေါင်မှုကြောင့် ကန်ရေမရရှိကြောင်း ဒေသခံများထံမှ သိရသည်။

“အရင်တုန်းကတော့ ကဆုန်နဲ့ နယုန် ဆိုရင် မိုးရွာပြီ။ ကန်ရေ စရပြီ။ အဲဒီနောက် မိုးက တစ်လကျော်လောက် ခြားသွားပြီး ၀ါ ခေါင်လောက်မှာ ပြန်ရွာတယ်။ သီတင်းကျွတ် လကုန်လောက် ရောက်ပြီဆိုရင် ကန်ရေ အနည်း ဆုံး တစ်ဝက်လောက်ရသည်ထိ မိုး ရွာတယ်။ အဲဒီရေက တပေါင်းလလောက်ထိ သုံးရတယ်။ ဒီနှစ်တော့ တစ်နှစ်လုံးကို မိုး နည်းတာ။ ရွာလည်း နည်းနည်းပဲ တစ်နာရီ လောက်ရွာပြီရင် ပြန်တိတ်သွားတာ။ ခု အိမ် မှာ လှောင်ထားတဲ့ မိုးရေနဲ့ စက်တွင်းရေကို မျှသုံးနေရတယ်” ဟု ရေစကြိုမြို့နယ် မြစ်လှချောင်ကျေးရွာမှ ကိုလူချောက ပြောကြားသည်။

ပခုက္ကူဒေသတစ်ဝိုက် ၂၀၂၀ ပြည့်နှစ် မိုးကာလတွင် မိုးရွာသွန်းမှု အလွန်အမင်း လျော့နည်းခဲ့သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ စိုက်ခင်းပျက်ခြင်း၊ အထွက်နှုန်း လျော့ကျခြင်းများ ကြုံတွေ့ခဲ့ပြီး ရေကန်အများစုမှာ ရေမရရှိခဲ့ကြောင်း သိရသည်။

Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ ရေရှားပါးဒေသများအား ရေလှူဒါန်းမှု ပြုလုပ်ပေးနေပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် နွေကာလထိ ရေသယ်ယာဉ် နှစ်စီးဖြင့် ရေဂါလန် ခြောက်သန်းကျော် လှူဒါန်း ပေးထားသည်။

 


READ NEXT
Cancel OK