Eleven Media Group ၏ မုံရွာမြို့ အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ် ခံခဲ့ရသည်မှာ လေးနှစ်ပြည့်မြောက်တော့မည် ဖြစ်သော်လည်း ကျူးလွန်သူများကို ဖော်ထုတ်နိုင်ခြင်း မရှိသေးသဖြင့် အမှုမှန် အမြန်ဆုံး ဖော်ထုတ်ပေးရန် မိသားစုဝင်များက ထပ်မံတောင်းဆိုထားကြောင်း သိရသည်။
သတင်းထောက် ကိုစိုးမိုးထွန်းမှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က မုံရွာမြို့ပေါ်တွင် လုပ်ကြံသတ်ဖြတ် ခံခဲ့ရခြင်းဖြစ်ပြီး ယခု ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၃ ရက်တွင် လုပ်ကြံသတ်ဖြတ်ခံရမှုမှာ လေးနှစ်ပြည့်မည် ဖြစ်သော်လည်း လက်ရှိအချိန်အထိ ကျူးလွန်သူများ အပါအဝင် အမှုမှန်ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးသဖြင့် ကိုစိုးမိုးထွန်း၏ မိသားစုဝင်များက အမှုအား အမြန်ဆုံး ဖော်ထုတ်ပေးရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကို ထပ်မံတောင်းဆိုထားကြောင်း သိရသည်။
“ကိုစိုးမိုးထွန်းအမှုက မကြာခင်မှာ လေးနှစ်ပြည့်တော့မှာပါ။ အခုချိန်အထိ အမှုမှန် ဖော်ထုတ်နိုင်ခြင်း မရှိသေးဘူး။ ဒါကြောင့် အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးကြဖို့ တောင်းဆိုချင်ပါတယ်။ အမှုစပြီးဖြစ်တဲ့ အချိန်တုန်းက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးဖို့ အဲဒီတုန်းက ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့ပါတယ်။ အခု အဲဒီတုန်းက ရဲတပ်ဖွဲ့ဝင်တွေလည်း မရှိတော့သလို အမှုကလည်း ဘာမှထူးခြားမလာပါဘူး။ နောက်ထပ် အသစ်ရောက်လာတဲ့ သူတွေကလည်း ဒီအမှုကို ဆက်လုပ်နေတာလား မလုပ်တော့ဘူးလားဆိုတာ မသိရဘူး။ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဆီကိုလည်း သွားပြီးတော့ ထပ်ပြီးတော့ တင်ပြသွားမှာပါ။ သူ့ရဲ့အမှုကို ကိုင်တွယ်စစ်ဆေးခဲ့တဲ့ သူတွေကလည်း မကြာခဏ ဆိုသလို ပြောင်းသွားကြတာများတယ်။ ဒါကြောင့် အမှုမှန် အမြန်ဆုံး ဖော်ထုတ်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်” ဟု ကိုစိုးမိုးထွန်း၏ ဇနီးဖြစ်သူ မခင်ချိုလတ်က ပြောကြားသည်။
ထိုသို့ လေးနှစ်ပြည့်ချိန်အထိ အမှုမှန်ဖော်ထုတ်နိုင်ခြင်း မရှိသေးသဖြင့် သတင်းထောက် ကိုစိုးမိုးထွန်း၏ မိသားစုဝင်များက အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးရန်အတွက် ဆက်လက်တောင်းဆိုနေကြဆဲဖြစ်ပြီး ကိုစိုးမိုးထွန်း၏ မိခင်သတင်းဌာနဖြစ်သည့် Eleven Media Group အပါအဝင် လုပ်ဖော်ကိုင်ဖက် သတင်းထောက်များ မုံရွာမြို့ခံများကလည်း အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးရန်အတွက် ဆက်လက်တောင်းဆို ထားဆဲဖြစ်ကြောင်း သိရသည်။
Eleven Media Group ၏ မုံရွာမြို့ အခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရခြင်း သုံးနှစ်ပြည့်ခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးရေး တောင်းဆို ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်ခဲ့ကြပြီး မိသားစုဝင်များ၊ မုံရွာမြို့အခြေစိုက် သတင်းထောက်များ၊ မြို့ခံများက သတင်းထောက်ကိုစိုးမိုး ထွန်းရုပ်ပုံပါ ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မုံရွာမြို့တော်ခန်းမမှ ရွှေစည်းခုံဘုရားအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ထို့နောက် မုံရွာမြို့ ရွှေစည်းခုံဘုရားတွင် အမှုမှန်အမြန်ဆုံး ပေါ်ပေါက်စေရေး ဖယောင်းတိုင်ထွန်းညှိ ဆုတောင်းခဲ့ကြပြီးနောက် ဆန္ဒထုတ်ဖော်မှု ဆက်လက်ပြုလုပ်ခဲ့ ရာ မုံရွာမြို့မရဲစခန်းရှေ့မှ ဆက်လက် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
Eleven Media Group ၏ မုံရွာမြို့အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် (ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရပြီး တစ်ပတ်ခန့်အကြာ) ကိုစိုးမိုးထွန်း၏ နေအိမ်သို့ ရောက်ရှိလာခဲ့ပြီး အားပေးစကား ပြောကြားခြင်း၊ နာရေးကူညီငွေ ထည့်ခြင်းများ ပြုလုပ်ခဲ့သည်။
ထိုကဲ့သို့ လာရောက်ရာတွင် သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှုအား အမှုမှန် အမြန်ဆုံး ပေါ်ပေါက်ရန်အတွက် ညွှန်ကြားမှုများ ပြုလုပ်ထားကြောင်း ယခုကဲ့သို့ မင်းမဲ့စရိုက်ဆန်မှုများကို လုံးဝလက်ခံသွားမည် မဟုတ်ကြောင်း၊ ယခု သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှုအား အမှုမှန်ကို မဖော်ထုတ်နိုင်ပါက သိက္ခာကျစရာ ဖြစ်ကြောင်း၊ သတင်းထောက် ကိုစိုးမိုးထွန်းမှာ တာဝန်ကျေပွန်ခဲ့သည့် သတင်းထောက်ကောင်းတစ်ဦး ဖြစ်ကြောင်း မိသားစုဝင်များကို အားပေးစကားများ ပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါအချိန်က တာဝန်ထမ်းဆောင်လျက်ရှိသည့် မုံ့ရွာမြို့မရဲစခန်း မှဒုရဲမှူးအား အမှုနှင့်ပတ်သက်၍ အမှုမှန် အမြန်ဆုံး ပေါ်ပေါက်စေလိုကြောင်း၊ လူသတ်မှုတွင် နောက်ကွယ်မှ ကြိုးကိုင်စေခိုင်း ခဲ့သူများကိုပါ ရဲတပ်ဖွဲ့အနေဖြင့် ရဲရဲဝံ့ဝံ့ဖော်ထုတ် ဖမ်းဆီးပေးရန်လိုအပ်ပြီး ဥပဒေ စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ဆောင်ပါက လိုအပ်လျှင် မိမိကပါ ရပ်တည်ပေးသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ထိုသို့ ပြောကြားထားသော်လည်း လက်ရှိ လေးနှစ်ပြည့်မြောက်သည့် အချိန်အထိ အမှုမှန် ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
သတင်းထောက် ကိုစိုးမိုးထွန်း၏ လက်ရှိ အမှုအခြေအနေများနှင့် ပတ်သက်၍ The Daily Eleven သတင်းစာမှ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာတွင် “အဲဒီအမှုနဲ့ ပတ်သက်ပြီးလည်း ခိုင်းနေပါတယ်။ အဲဒါတွေ အကုန်လုံးလည်း (အမှုတွဲ အခြေအနေ) ငါထပ်တောင်း ကြည့်လိုက်ဦးမယ်။ လူသတ်မှုကလည်း သက်သေခံပစ္စည်းက အရေးကြီးတယ်။ သက်သေမရှိဘဲနဲ့လုပ်ရင် ငြင်းမှာပဲ။ သက်ဆိုင်ရာကိုလည်း ပြောလိုက်ဦးမယ်” ဟု ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားသည်။
Eleven Media Group သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရပြီးနောက် မုံရွာခရိုင်ရဲတပ်ဖွဲ့က အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်း၍ အမှုမှန်အမြန်ဆုံး ပေါ်ပေါက်စေရန်အတွက် သတင်းစုံစမ်း ထောက်လှမ်းခြင်း၊ စစ်ကြောရေး အဖွဲ့များနှင့် စစ်ဆေးခြင်း အစရှိသည့် ဆောင်ရွက်ချက်များ ဆောင်ရွက်ခဲ့သော်လည်း အဆိုပါ အထူးအမှုစစ်အဖွဲ့မှ ရဲတပ်ဖွဲ့ဝင်အချို့ ရာထူးအပြောင်းအရွှေ့ဖြင့် ပြောင်းရွှေ့သွားပြီးနောက်တွင် အမှုမှာ ထူးခြားမှု မရှိတော့သဖြင့် မိသားစုဝင်များနှင့် လုပ်ဖော်ကိုင်ဖက် သတင်းထောက်များ၊ မြို့ခံများက ဝေဖန်လျက်ရှိနေကြသည်။ ထို့ပြင် သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ် ခံခဲ့ရပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က အမှုနှင့်ပတ်သက် ဆက်စပ်မှုရှိနိုင်သည့် မုံရွာမြို့ပေါ်ရှိ KTV ဆိုင်ရှင်အချို့နှင့် ဆိုင်ဝန်ထမ်းများ၊ သစ်လုပ်ငန်းမှ လုပ်ငန်းရှင် အချို့နှင့် ဝန်ထမ်းအချို့တို့ကို ခေါ်ယူစစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ခေါ်ယူစစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်အထိ အဓိကကျုးလွန်ခဲ့သည့် တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။
Eleven Media Group ၏ မုံရွာမြို့ အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်းမှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက် နံနက် ၁၂ နာရီ မိနစ် ၂၀ အချိန်တွင် မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်၊ ပြည်ထောင်စုလမ်းဘေးတွင် သတင်းထောက် ကိုစိုးမိုးထွန်းကို ဦးခေါင်းထိပ် ကွဲပြဲဒဏ်ရာနှစ်ချက်၊ ဝဲမျက်ခုံးကွဲပြဲဒဏ်ရာတစ်ချက်၊ မျက်နှာဖူးရောင် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် မှောက်လျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ထိုဖြစ်စဉ်ကို အမှုကြီး (လူသတ်မှု) အမှတ်စဉ် ၁၀/၂၀၁၆ (ပ)၁၅၆၄/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် မုံရွာမြို့မ ရဲစခန်းတွင် အမှုဖွင့်၍ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
