Top News

ဟင်္သာတမြို့နယ်၌ COVID-19 ရောဂါ ဒေသတွင်း ကူးစက်မှု သိသိသာသာများလာ
24htopnews | November 29, 2024 9:12 PM CST

ဟင်္သာတမြို့နယ်၌ COVID-19 ရောဂါ ဒေသတွင်းကူးစက်မှု သိသိသာသာ များလာကြောင်း COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ၏ အတည်ပြုချက်အရ သိရသည်။

“အခုရက်ပိုင်းထွက်တဲ့ Positive လူနာတွေကိုကြည့်ရင် ခရီးသွားရာဇဝင်မရှိ၊ Contact မရှိဘဲ Positive လူနာတွေ တွေ့ရှိလာရတယ်။ အရင်တုန်းကဆိုရင် Q Centre တွေက ထွက်တာပဲများတယ်။ အခုနောက်ပိုင်းကျတော့ အဲဒီလိုလူနာတွေ ရှိလာတဲ့အတွက် ဒေသတွင်း ကူးစက်မှုတွေ တွေ့လာရတယ်။ Q Centre မှာလည်း ရန်ကုန်ပြန်တွေကို Q ထားတဲ့နေရာရှိတယ်။ နောက်ပြီးတော့ Local မှာ ရောဂါလက္ခဏာရှိလို့ Q မှာ ရှိနေတဲ့သူရှိတယ်။ Contact ရှိလို့ Q မှာရှိနေတဲ့သူရှိတယ်။ အဲဒီလူနာတွေ စစ်တာတွေမှာ ရန်ကုန်ပြန်တွေ မဟုတ်ဘဲ ခုနကလို Q ကလူတွေက တွေ့လာရတယ်။ ဆေးရုံမှာလည်း ခရီးသွားရာဇဝင်၊ Contact ရာဇဝင်မရှိဘဲ စစ်တဲ့အခါမှာ တွေ့ရှိလာရတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ဒေသတွင်း ကူးစက်မှုတွေ ရှိနေတယ်လို့ ဖော်ပြတာပါ။ သိသိသာသာ များလာတယ်လို့ ပြောလို့ရပါတယ်” ဟု ဟင်္သာတ ဆေးရုံအုပ်ကြီး ဒေါက်တာ ဌေးဌေးလှိုင်က ဖြေကြားသည်။

ဟင်္သာတမြို့နယ်၌ Positive လူနာများ တွေ့ရှိမှုအခြေအနေနှင့် ဆက်စပ်၍ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်က “မြို့ပေါ်မှာ တွေ့တာကတော့ အထူးသဖြင့်တော့ စျေးရောင်းစျေးဝယ်ပေ့ါ။ ဒီလုပ်ငန်းလေးတွေက တွေ့တာများတယ်။ စျေးဆိုင်က အလုပ်သမား လေးတွေကူးတယ်။ အဲဒီအလုပ်သမားလေးတွေက အိမ်ကို ပြန်သွားတယ်။ အိမ်မိသားစုတွေ ထပ်ကူးတယ်။ ဦးရေပိုများလာတယ်။ အခုဆို ထူးထူးခြားခြား ရတနာကုန်ဆိုင်တွေလည်း တွေ့လာတာပေ့ါ။ နှစ်ဆိုင်တောင် တွေ့လာတာပေ့ါ။ အရင်တုန်းက Q လို့ပြောလိုက်ရင် ရန်ကုန်ပြန်တွေကိုပဲ ပြောတာပေါ့။ အခုဟာက Q ထဲမှာ ဘာတွေရှိလဲဆိုတော့ ဒေသတွင်းမှာ ကူးစက်ပြီးမှ သံသယရှိလာတဲ့၊ ထိတွေ့မှုရှိတဲ့ သူတွေကိုလည်း Q ထဲမှာ ထည့်လာတယ်။ ထိတွေ့မှုရှိတဲ့ သူတွေကို ခွဲထားလိုက်တာပေ့ါ။ အနံ့ပျောက်တဲ့ သူတွေကိုလည်း ခွဲထားလိုက်တယ်။ ပြည်သူ့ကျန်းမာနဲ့ ကုသရေးဘက်က Test Kit နဲ့ စစ်တယ်။ အဲဒါမျိုးလေးတွေ တွေ့ရှိလာတာ တွေလည်းရှိတယ်။ အရင်တုန်းကတော့ အခြားဒေသပြန်တွေကို သီးခြားခွဲထားတာကို Q လို့ သတ်မှတ်လို့ရပါတယ်။ အခုကတော့ Q ထဲမှာ ဒေသတွင်းတွေလည်း ထားလာပါတယ်။ ဒေသတွင်း Q ထဲမှာ နေတဲ့သူတွေက မနေ့က တော်တော်များများ ၂၅ ရက်နေ့က တွေ့တာပေ့ါ” ဟု ၎င်းက သုံးသပ်ပြောကြားသည်။

ဟင်္သာတ၌ နိုဝင်ဘာ ၂၅ ရက် တစ်ရက်တည်း၌ Positive လူနာ ၅၀ ထွက်ခဲ့ကြောင်း သတင်းပျံ့နှံ့မှုများ ရှိနေသည့်အပေါ် မေးမြန်း ခဲ့ရာ “မနေ့ကတွေ့တာက ပြည်သူ့ကျန်းမာကနေ NHL ကိုပို့ပြီးတွေ့တာက ၂၆ ဦး၊ ဆေးရုံကြီးက မနေ့က သတင်းပို့တာကတော့ ဆေးရုံကြီးက ရှစ်ဦးတွေ့တယ်။ မနေ့က တရားဝင် ထွက်လာတဲ့ အဖြေအရ အားလုံး ၃၄ ဦးပဲရှိပါတယ်။ တချို့သတင်းတွေမှာကျတော့ နှစ်ရက်ပေါင်း ဆိုရင်တော့ သူတို့ပြောတဲ့ ကိန်းဂဏန်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ၅၀ ဆိုတာလေ” ဟု ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်က ပြန်လည်ဖြေကြားသည်။

ဟင်္သာတဆေးရုံကြီးနှင့် သူနာပြု သင်တန်းကျောင်း၌ လက်ရှိလက်ခံ ဆေးကုသပေးနေသည့် Positive လူနာဦးရေ ၇၃ ဦးရှိကြောင်း ဆေးရုံအုပ်ကြီးထံမှ နိုဝင်ဘာ ၂၆ ရက်တွင် သိရသည်။ 

 


READ NEXT
Cancel OK