Top News

ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင် ဆေးရုံကဆင်း
24htopnews | November 29, 2024 10:12 PM CST

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် အထူးကြပ်မတ်ကုသဆောင်သို့ပင် ရောက်ရှိခဲ့သော ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ဧပြီ ၁၂ တွင် ဆေးရုံမှဆင်းနိုင်ခဲ့ပြီး ဗြိတိန်သည်လည်း ထိုနေ့၌ပင် ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀,၀၀၀ ကျော်သွားခဲ့သော စတုတ္ထမြောက် ဥရောပနိုင်ငံဖြစ်လာခဲ့သည်။

ဂျွန်ဆင်သည် လန်ဒန်အလယ်ပိုင်းရှိ စိန့်တောမတ်ဆေးရုံမှဆင်းခဲ့ပြီး ဝန်ကြီးချုပ်၏ကျေးလက်စံအိမ် Chequers တွင် ပြန်လည်နာလန်ထူရန် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဂျွန်ဆင်၏ရုံးက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်၏ ဆေးဘက်အဖွဲ့၏ အကြံပေးချက်အရ ဂျွန်ဆင်သည် လုပ်ငန်းခွင်သို့ ချက်ချင်းပြန်ဝင်မည် မဟုတ်ကြောင်း၊ သူ့ကို အလွန်ကောင်းမွန်စွာ စောင့်ရှောက်ခဲ့မှုအတွက် စိန့်တောမတ်စ်ဆေးရုံမှ အားလုံးကို ကျေးဇူးတင်ကြောင်း ယင်းကြေညာချက်က ထုတ်ပြန်ခဲ့သည်။

ဘောရစ်ဂျွန်ဆင်သည် စိန့်တောမတ်ဆေးရုံ၌ တက်ရောက်ခဲ့သည်မှာ သီတင်းပတ်တစ်ပတ်ကြာခဲ့ပြီး အထူးကြပ်မတ်ကုသဆောင်၌ သုံးရက် တက်ရောက်ခဲ့ရသည်။

ဂျွန်ဆင် ၅၅ နှစ်သည် ကိုရိုနာကြောင့် နာမကျန်းဖြစ်ခဲ့သော ကမ္ဘာ့ပထမဆုံးခေါင်းဆောင် ဖြစ်ခဲ့သည်။ ကနဦးတွင် ဂျွန်ဆင်၏ဖျားနာမှုသည် ချောင်းဆိုးအပါအဝင် အပျော့စားလက္ခဏာများ ဖြစ်ခဲ့ပြီး နေအိမ်မှ အလုပ်လုပ်ကိုင်ခဲ့သည်။

ထို့နောက် အ‌ခြေအနေပိုဆိုးလာခဲ့ပြီး ဧပြီ ၅ တွင် စိန့်တောမတ်စ်ဆေးရုံသို့ တက်ရောက်ခဲ့ရသည်။ ထို့နောက် နောက်တစ်ရက်တွင် အထူးကြပ်မတ်ကုသဆောင်သို့ ပြောင်းရွှေ့ခဲ့ရသည်။

စကော့တလန်၊ ဝေလ၊ မြောက်အိုင်ယာလန်တို့ မပါဘဲ အင်္ဂလန်တွင် ဧပြီ ၁၂ ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆၅၇ ဦး ရှိခဲ့၍ ဗြိတိန်တွင် သေဆုံးသူ ၁၀,၀၀၀ ကျော်ခဲ့ပြီဖြစ်ကြောင်း အမျိုးသားကျန်းမာရေးဌာနက ပြောကြားခဲ့သည်။

ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ရောက်ခဲ့သူ ကျဆင်းလာနေသော်လည်း သေဆုံးသူမြင့်မားနေဆဲ ဖြစ်သည်။

စပိန်နှင့် အီတလီတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူကျဆင်းလာနေသောကြောင့် ဗြိတိန်သည် ဥရောပတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အများဆုံးနိုင်ငံဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

ဥရောပတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၄,၀၀၀ ကျော်ပြီဖြစ်သည်။


READ NEXT
Cancel OK