Top News

အိန္ဒိယ၏ အကြီးဆုံး ဆင်းရဲသားရပ်ကွက်တွင် COVID-19 ဖြစ်ပွားသူနှင့် သေဆုံးသူအရေအတွက် မြင့်တက်
24htopnews | November 29, 2024 10:12 PM CST

အာရှ၏ အကြီးဆုံးဆင်းရဲသားရပ်ကွက်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ လူဦးရေအလွန်အမင်း သိပ်သည်းသော ဒါရာဝီဆင်းရဲသားရပ်ကွက်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူနှင့် သေဆုံးသူအရေအတွက် မြင့်တက်လာခဲ့ကြောင်း တာဝန်ရှိသူများက ဧပြီ ၁၂ တွင် ပြောကြားခဲ့ကြသည်။

ယခုလဆန်းပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံးလူ သေဆုံးမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လူဦးရေ ၁ သန်းခန့် နေထိုင်သော ဒါရာဝီရပ်ကွက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားခဲ့သည့် ဧရိယာများအား ပိတ်ထားရန် အရေးယူဆောင်ရွက်မှုများကို အိန္ဒိယအာဏာပိုင်များက အရှိန်မြှင့်တင်ခဲ့သည်။

သို့သော် ၂၀၀၈ ခုနှစ်တွင် Slumdog Millionaire ဇာတ်ကားဖြင့် အော်စကာဆုရရှိမှုကြောင့် ထင်ရှားခဲ့သည့် ထိုခရိုင်၌ ဧပြီ ၁၁ တွင် ကူးစက်သူသစ် ၁၅ ဦး နှင့် သေဆုံးသူတစ်ဦး တိုးလာခဲ့ကြောင်း မွမ်ဘိုင်းကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗီဂျေးခါဘေးပတေးက ဧပြီ ၁၂ တွင် ပြောကြားခဲ့သည်။ ယင်းအတွက်ကြောင့် ထိုဆင်းရဲသားရပ်ကွက်တွင် ကူးစက်သူ ၄၃ ဦးနှင့် သေဆုံးသူ ၄ ဦးရှိလာခဲ့သည်။

ရောဂါလက္ခဏာများမပြသည့် ဗိုင်းရပ်စ်သယ်ဆောင်သူများအား ရှာဖွေနိုင်ရန်အတွက် ရောဂါရှာဖွေသည့် နေရာများအား မကြာသေးမီ ရက်များအတွင်း ထူထောင်ခဲ့ပြီး ယင်းတို့ကြောင့် ကူးစက်ခံရသူအရေအတွက် ပိုမိုထွက်ပေါ်လာခြင်းဖြစ်ကြောင်း ခါဘေးပတေးက ပြောကြားခဲ့သည်။

အများပြည်သူဆိုင်ရာနေရာများတွင် လူအရေအတွက် ကန့်သတ်ရန် ဒါရာဝီ၌ ထိန်းချုပ်ရေးဇုန်များဟုခေါ်သည့် နေရာများအနီး ဆေးဆိုင်များမှလွဲ၍ ကျန်ဆိုင်အားလုံးကို ဒေသဆိုင်ရာတာဝန်ရှိသူများက ပိတ်ပင်ခဲ့သည်။

အိန္ဒိယတွင် မတ် ၂၅ နောက်ပိုင်း နိုင်ငံတစ်ဝန်း lockdown ပြုလုပ်ခဲ့သည်။ သို့သော် မွမ်ဘိုင်းမြို့တည်ရှိသော မဟာရက်ရှ်ထရာအပါအဝင် ပြည်နယ်အချို့၌ ဧပြီ ၁၅ တွင် ရုပ်သိမ်းရန် စီစဉ်ထားသော တင်းကျပ်သည့် ဆောင်ရွက်မှုများကို ယခုလကုန်အထိ သက်တမ်းတိုးမည်ဖြစ်သည်။

အိန္ဒိယတွင် ဧပြီ ၁၂ ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၈၃၅၆ ဦးနှင့် သေဆုံးသူ ၂၇၃ ဦးရှိသည်။


READ NEXT
Cancel OK