Top News

မလေးရှားတွင် အသွားအလာကန့်သတ်မှုအား ဧပြီ ၂၈ အထိ သက်တမ်းတိုးမည်ဟု ဝန်ကြီးချုပ်ပြောကြား
24htopnews | November 29, 2024 10:12 PM CST

မလေးရှားတွင် အသွားအလာကန့်သတ်ထိန်းချုပ်ထားမှု ညွှန်ကြားချက်အား ဧပြီ ၂၈ အထိ နောက်ထပ် ၁၄ ရက် သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ကြောင်း ဝန်ကြီးချုပ် မူယက်ဒင်ယက်ဆင်က ဧပြီ ၁၀ တွင် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

ယင်းကဲ့သို့ သက်တမ်းတိုးမှုသည် COVID-19 ပျံ့နှံ့မှုအား တိုက်ဖျက်ရန်နှင့် ကူးစက်မှု တစ်ကျော့ပြန်ဖြစ်လာမှုမှ ကြိုတင်ကာကွယ်ရန်အတွက် လုံးပန်းနေကြသည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအတွက် အသက်ရှူချောင်စေမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ အကြံပြုချက်ကို အခြေခံ၍ဆုံးဖြတ်ခဲ့ကြောင်း မူယက်ဒင်က ပြောကြားခဲ့သည်။

ထိုကန့်သတ်မှုများသည် ကပ်ရောဂါပျံ့နှံ့မှုအား လျှော့ချရာတွင် ကူညီပေးခဲ့ပြီး ရောဂါကူးစက်ခံရမှု မြင့်တက်လာသည့် အနေအထားအား ၇ ရာခိုင်နှုန်း၌ ထိန်းထားနိုင်ခဲ့ကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စံဖြစ်သော ၁၀ ရာခိုင်နှုန်းအောက် နည်းပါးနေကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

မလေးရှားတွင် COVID-19 ကြောင့် သေဆုံးသူအရေအတွက်သည် ၁.၆ ရာခိုင်နှုန်းရှိမှုကြောင့် WHO က သတ်မှတ်ထားသည့် ပျမ်းမျှ ၅.၈ ရာခိုင်နှုန်းထက် နည်းပါးနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

မလေးရှားတွင် ဧပြီ ၁၀ ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူသစ် ၁၁၈ ဦးရှိသောကြောင့် နိုင်ငံတစ်ဝန်း ကူးစက်သူ စုစုပေါင်း ၄၃၄၆ ဦးအထိ ရှိလာခဲ့သည်။ လူ ၃ ဦးထပ်မံသေဆုံးခဲ့သောကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ စုစုပေါင်း ၇၀ အထိ ရှိလာခဲ့သည်။ သက်သာပျောက်ကင်းသွားသူ ၂၂၂ ဦးရှိသောကြောင့် နိုင်ငံတစ်ဝန်းဆေးရုံမှ ဆင်းသွားသူဦးရေ ၁၈၃၀ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။


READ NEXT
Cancel OK