Top News

ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဆိုင်ကလုန်း မုန်တိုင်းအဖြစ်ရောက်ရှိမည်ဖြစ်ပြီး ယင်းအရှိန်ကြောင့် တိုင်းခုနစ်ခုနှင့် ပြည်နယ်လေးခုတွင် မိုးရွာသွန်းမည်
24htopnews | November 30, 2024 3:12 AM CST

ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိ မည်ဖြစ်ပြီး ယင်းအရှိန်ကြောင့် တိုင်းခုနစ်ခုနှင့် ပြည်နယ်လေးခုတွင် မိုးရွာသွန်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာ ၂၉ ရက် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ကိုကိုးကျွန်းမြို့၏ အနောက်-အနောက် တောင်ဘက် ရေမိုင် ၆၇၀ မိုင်ခန့်၊ အိန္ဒိယ နိုင်ငံချင်းနိုင်မြို့၏ အရှေ့တောင်ဘက်ရေမိုင် ၂၀၀ မိုင်ခန့်နှင့် ပူဒူချယ်ရီမြို့၏ အရှေ့- အရှေ့တောင်ဘက် ရေမိုင် ၁၈၅ မိုင်ခန့်အ ကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် ၁၂နာရီအတွင်း ဆိုင်ကလုန်းမုန် တိုင်းအဖြစ်သို့ ရောက်ရှိလာမည်ဖြစ်ကာ နိုဝင်ဘာ ၃၀ ရက်တွင် အိန္ဒိယနိုင်ငံ၊ တမီးလ် နာဒူး မြောက်ပိုင်း- ပူဒူချယ်ရီကမ်းခြေတို့ကို ဖြတ်ကျော်နိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။

အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားသော် လည်း ယင်းအရှိန်ကြောင့် နိုဝင်ဘာ ၃၀ ရက် အထိ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်ပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။

နိုဝင်ဘာ ၂၈ ရက်က မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေ ရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက် ပိုင်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာအနှံ့အပြား မိုးရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့သည်ဟု မိုးဇလက ထုတ်ပြန်သည်။


READ NEXT
Cancel OK