Top News

ဆီးရီးယားအရှေ့မြောက်ပိုင်းတွင် ဆီးရီးယားစစ်တပ်နှင့် တူရကီလိုလားသော တိုက်ခိုက်ရေးသမားများ တိုက်ပွဲဖြစ်ပွားမှုကြောင့် ၂၃ ဦးသေဆုံး
24htopnews | November 30, 2024 4:12 AM CST

တူရကီလိုလားသော သူပုန်များက ကာ့ဒ်ထိန်းချုပ်ခံ ဆီးရီးယားအရှေ့မြောက်ပိုင်းဒေသကို စိမ့်ဝင်ထိုးဖောက်ရန် ကြိုးပမ်းခဲ့ပြီးနောက် စက်တင်ဘာ ၃ ရက်က ဆီးရီးယားစစ်တပ်နှင့် တူရကီကျောထောက်နောက်ခံပြု လက်နက်ကိုင်များအကြား တိုက်ပွဲဖြစ်ပွားခဲ့သဖြင့်၂၃ ဦး သေဆုံးခဲ့သည်ဟု စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့၏ အဆိုအရ သိရသည်။

အမေရိကန်က ကျောထောက်နောက်ခံပြုထားပြီး ကာ့ဒ်ဦးဆောင်သည့် တိုက်ခိုက်ရေးသမားများက ဒေသန္တရ စစ်ဘက်အဖွဲ့အစည်းတစ်ခု၏ အကြီးအကဲဖြစ်သူကို ဖမ်းဆီးခဲ့ပြီးနောက် အိမ်နီးချင်း ဒီယာအက်ဇော ပြည် နယ်ရှိ ကာ့ဒ်တို့ထိန်းချုပ်ထားသော နေရာအချို့တွင် သီးခြားထိတွေ့ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယင်းအခြေအနေ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

တူရကီလိုလားသည့် လက်နက်ကိုင်အဖွဲ့များဘက်တွင် ၁၈ ဦးသေဆုံးပြီး ဆီးရီးယား အစိုးရစစ်တပ်ဘက်တွင်မူ ငါးဦးသေဆုံးခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ အကြီးအကဲ ရာမီအက်ဘ်ဒယ်ရာမန်က ပြောကြားခဲ့ပြီး ဒဏ်ရာရသူများလည်း ရှိကြောင်း ၎င်းကဆိုသည်။

ဒီယာအက်ဇောပြည်နယ် အနောက်မြောက်ပိုင်းရှိ တာတာမာဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဆီးရီးယားတွင် သတင်းရင်းမြစ်ကွန်ရက် ကျယ်ကျယ်ပြန့်ပြန့်ရှိသည့် ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့် အရေး စောင့်ကြည့်မှုအဖွဲ့က ဆိုသည်။

Syrian National Armyဟု လူသိများသော တူရကီကျောထောက်နောက်ခံပြု သူပုန် ညွန့်ပေါင်းအုပ်စုမှ လက်နက်ကိုင်အဖွဲ့များသည် စက်တင်ဘာ ၃ ရက် အစောပိုင်းက ၎င်းဒေသကို စိမ့်ဝင်ထိုးဖောက်ရန် ကြိုးပမ်းခဲ့ သည်ဟု သိရသည်။

ဆီးရီးယားစစ်တပ်နှင့် ကာ့ဒ်ဦးဆောင်သည့် ဆီးရီးယားဒီမိုကရက်တစ်တပ် (SDF)နှင့်ပူးပေါင်းထားသည့် ဒေသခံ တိုက်ခိုက်ရေးသများက တုံ့ပြန်တိုက်ခိုက်ခဲ့သဖြင့် လူအသေအပျောက်ရှိခဲ့သည်ဟု ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က ဆိုသည်။

တာတာမာဒေသသည် တူရကီနှင့် ၎င်း၏လက်အောက်ခံတပ်များ ထိန်းချုပ်ထားသော နယ်စပ်ဒေသအနီးတွင် တည်ရှိသည်။

၂၀၁၆ ခုနှစ်ကစတင်၍ တူရကီသည် ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်တပ်ဖွဲ့များကို နယ်ကျော်တိုက်ခိုက်မှုများ လုပ်ဆောင်ကာ နယ်စပ်တစ်လျှောက်ရှိ နယ်မြေများကို ထိန်းချုပ်ထားသည်။

၂၀၁၉ ခုနှစ်က ရုရှား၏ကြားဝင်စေ့စပ်မှုဖြင့် ရရှိခဲ့သည့် သဘောတူညီချက်အရ အချို့သော မြောက်ပိုင်းနယ်စပ် ဒေသတစ်လျှောက်တွင် ဆီးရီးယားစစ်တပ်ကို တပ်ဖြန့်ထားပြီး အပြန်အလှန်အနေဖြင့် တူရကီက ၎င်းတို့ထိုးစစ်ကို ရပ်ဆိုင်းခဲ့သည်။

ဆီးရီးယားအရှေ့ပိုင်းရှိ ဒေသဆိုင်ရာ ခေါင်းဆောင်များ၊ ကာ့ဒ်ဦးဆောင်သည့်တပ်များနှင့် အဆင့်မြင့်တာဝန်ရှိသူများ တွေ့ဆုံခဲ့ပြီး လူသေဆုံးမှုများ ဖြစ်ပေါ်စေသည့် အကြမ်းဖက်မှုများ ရက်အတန်ကြာ ဖြစ်ပွားပြီးနောက် တင်းမာမှုများကိုလျှော့ချရန် လိုအပ်နေခြင်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု ဆီးရီးယားရှိ အမေရိကန်သံရုံးက စက်တင်ဘာ ၃ ရက် အစောပိုင်းတွင် ပြောကြားသည်။

အမေရိကန် ကျောထောက်နောက်ခံပြု SDP တပ်ဖွဲ့က ဒီယာအက်ဇောပြည်နယ်စစ် ဘက်ကောင်စီ အကြီးအကဲ အာမက် အယ်- ခါဘီကို ဖမ်းဆီးခဲ့ပြီးနောက် ၎င်းပြည်နယ်ရှိ ကာ့ဒ်တို့ထိန်းချုပ်ထားသော ဒေသများတွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 တိုက်ပွဲများကြောင့် SDF တိုက်ခိုက်ရေးသမား ၂၃ ဦး၊ ဒေသခံတိုက်ခိုက်ရေးသမား ၃၉ ဦးနှင့် အရပ်သားကိုးဦး သေဆုံးခဲ့သည်ဟု ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က ဆိုသည်။ စက်တင်ဘာ ၂ ရက်က ၎င်းဒေသတွင် ညမထွက်ရအမိန့် စတင်အသက်ဝင်လာခဲ့သည်။

၂၀၁၁ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သည့် ဆီးရီးယားစစ်ပွဲကြောင့် လူငါးသိန်းကျော် သေဆုံးခဲ့သည်ဟု သိရသည်။

Ref: AFP


READ NEXT
Cancel OK