Top News

ထိုင်ဝမ်သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တယ်ရီဂူးက Foxconn ကုမ္ပဏီ၏ ဘုတ်အဖွဲ့မှနုတ်ထွက်
24htopnews | November 30, 2024 4:12 AM CST

Apple ကုမ္ပဏီအား လျှပ်စစ်ပစ္စည်းများ အဓိကထောက်ပံ့ပေးနေသည့် ထိုင်ဝမ်၏ Foxconn ကုမ္ပဏီကို တည်ထောင်သူဖြစ်သည့် တယ်ရီဂူးသည် ကုမ္ပဏီ၏ ဘုတ်အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ကြောင်း စက်တင်ဘာ ၂ ရက်က ပြောကြားခဲ့သည်။

ဂူးသည် လာမည့်နှစ်တွင်ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာခဲ့ပြီးနောက် သီတင်းတစ်ပတ် မပြည့်မီတွင် ကုမ္ပဏီဘုတ်အဖွဲ့မှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်က Foxconn ကုမ္ပဏီ၏ ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခဲ့သည့် ဂူးက သူသည် လာမည့်နှစ် ဇန်နဝါရီလတွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်သွားမည်ဟု သြဂုတ် ၂၈ ရက်က ပြောကြားခဲ့သည်။

စက်တင်ဘာ ၂ ရက်က ထုတ်ပြန်သည့် Foxconn ကုမ္ပဏီ၏ ကြေညာချက်တွင် ဂူးသည် ပုဂ္ဂိုလ်ရေးအကြောင်းပြချက်များဖြင့် နုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး သူသည် ဘုတ်အဖွဲ့၏ ခေါင်းဆောင်နေရာကို ၀ါရင့်မန်နေဂျာ တစ်ဦးအား တရားဝင် လွှဲပြောင်းပေးခဲ့သည်ဟု ဖော်ပြခဲ့သည်။

ဂူး၏ မဲဆွယ်စည်းရုံရေးအဖွဲ့ကမူ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

Foxconn တွင် ရှယ်ယာအများပြား ပိုင်ဆိုင်ထားပြီး တရုတ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည့် ဂူးအနေဖြင့် ကိုယ်ကျိုးစီးပွားဆိုင်ရာ ထိပ်တိုက်တွေ့မှုအခြေအနေနှင့် ပတ်သက်ပြီး စက်တင်ဘာ ၂ ရက်က မေးမြန်းခံရချိန်တွင် ဂူးက တရုတ်၏ တိုက်ခိုက်မှု ဖြစ်ပွားလာမည့် အခြေအနေမျိုးတွင် တရုတ်ရှိ ၎င်း၏ ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှုများကို စွန့်လွှတ်အနစ်နာခံရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်ဟာ တရုတ်ပြည်သူသမ္မတနိုင်ငံရဲ့ ထိန်းချုပ်မှုအောက်ကို ဘယ်တော့မှ ရောက်ရှိမှာမဟုတ်ပါဘူး။ သူတို့ရဲ့ ညွှန်ကြားချက်တွေကိုလည်း ကျွန်တော် မလိုက်နာပါဘူး”ဟု ဂူးက ပြောကြားခဲ့သည်။

ဂူးသည် သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာခဲ့သည့် စတုတ္ထမြောက် ပုဂ္ဂိုလ်ဖြစ်သော်လည်း စစ်တမ်းကောက်ယူမှုများတွင် လက်ရှိ ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသည့် အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) မှ ဝီလျံလိုင် အနိုင်ရရှိရန် ရေပန်းစားနေသည်။

တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှုများကို မကြာခဏ တိုးမြှင့်လုပ်ဆောင်နေမှုနှင့်အတူ တရုတ်နှင့်ထိုင်ဝမ်အကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် ထိုင်ဝမ်ရွေးကောက်ပွဲ ပြုလုပ်မည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

DPP ပါတီသည် ထိုင်ဝမ်ကို ၎င်း၏နယ်နိမိတ်အဖြစ် ကြေညာထားသည့် တရုတ်နှင့် စစ်ပွဲဖြစ်ပွားမည့်အခြေအနေကို ဖိတ်ခေါ်နေသည်ဟု ဂူးက မကြာခဏ စွပ်စွဲခဲ့သည်။

DPP ဦးဆောင်သည့် အစိုးရအဖွဲ့နှင့် လိုင်တို့က တရုတ်နှင့် ဆွေးနွေးမှုများပြုလုပ်ရန် ကမ်းလှမ်းခဲ့သော်လည်း တရုတ်က ၎င်းတို့ကို ခွဲထွက်ရေးဝါဒီများအဖြစ် ရှုမြင်ထားသဖြင့် ကမ်းလှမ်းမှုများ ငြင်းပယ်ခံခဲ့ရသည်။

နိုင်ငံတကာတွင် လူသိများထင်ရှားသည့် ထိုင်ဝမ်၏ နာမည်အကြီးဆုံး စီးပွားရေးလုပ်ငန်းရှင်များထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ယခုသီတင်းပတ်အတွင်းက DPP ကို ဆန့်ကျင်သည့် အတိုက်အခံနှင့်ပူးပေါင်းရန် ကြိုးပမ်းခဲ့သော်လည်း မည်သည့်သဘောတူညီချက်မျှ ရရှိခဲ့ခြင်း မရှိပေ။

သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အခြား ကိုယ်စားလှယ်လောင်းနှစ်ဦးမှာ တိုင်ပေမြို့တော်ဝန် ကိုဝန်ကျီနှင့် ထိုင်ဝမ်၏ အဓိကအတိုက်အခံပါတီဖြစ်သည့် ကူမင်တန်၏ ကိုယ်စားလှယ်လောင်း ဟိုယူအင်တို့ဖြစ်သည်။


READ NEXT
Cancel OK