Top News

ထားဝယ်ကမ်းရိုးတန်းရှိ ပင်လယ်ပြင်တွင် ကမ်းဝေးဝါးလတ် ငါးဖမ်းလှေ တစ်စင်းပေါ်၌ လှေသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံး
24htopnews | November 30, 2024 9:12 AM CST

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ကမ်းရိုးတန်းရှိ ပင်လယ်ပြင်တွင် ဖေဖော်ဝါရီ ၉ ရက်ညက ကမ်းဝေးဝါးလတ် ငါးဖမ်းလှေ တစ်စင်းပေါ်၌ လှေသားအချင်းချင်းခိုက်ရန် ဖြစ်ပွားရာမှ ဓားထိုးမှုဖြစ်ပွားခဲ့သဖြင့် လှေလုပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့ညပိုင်း၌ အဆိုပါ ၀ါးလတ်ငါးဖမ်းလှေပေါ်တွင် လှေလုပ်သား အချင်းချင်း စကားများ၍ ခိုက်ရန်ဖြစ်ပွားရာ မှတစ်ဆင့် လှေလုပ်သားဖြစ်သော ကျွန်းစု မြို့နယ် စခန်းသစ်ရွာနေ ကိုသက်နိုင်ဝင်း (၂၃ နှစ်) ၌ ဓားထိုးခံရကြောင်း ထားဝယ်မြို့ အခြေစိုက် ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့ထံ ည ၉ နာရီကျော်တွင် ဖုန်းဖြင့် အကူအညီ တောင်းခံလာခဲ့ကြောင်း၊ ထို့နောက် ဇမ္ဗူသီရိအဖွဲ့က နယ်မြေခံ မောင်းမကန်ကျေးရွာရှိ မေတ္တာလှိုင်းအသင်းထံ ထပ်မံဆက်သွယ်ခဲ့ပြီး အဖွဲ့နှစ်ခုပူးပေါင်းကာ ၀ါလတ်လှေပေါ်ရှိ ဓားထိုးခံရသူ အရေးပေါ်လူနာအား မောင်းမကန်ကမ်းခြေရှိ လှေငယ်ဖြင့် သွားရောက် ကယ်ဆယ်နိုင်ရန် အတွက် ပြင်ဆင်နေစဉ် ဓားထိုးခံရသည့် လူနာမှာ သွေးထွက်အလွန်များပြီး အခင်းဖြစ်ပွားရာလှေဖြင့် မောင်းမကန်ကမ်းခြေသို့ သယ်ယူလာစဉ်လမ်း၌ သေဆုံးသွားကြောင်း ဖုန်းဆက်အကြောင်းလာသဖြင့် သေဆုံးသူ၏ ရုပ်အလောင်းအား လှေငယ်ဖြင့် သွားရောက်သယ်ယူပြီး မောင်းမကန် တိုက်နယ်ဆေးရုံ ရင်ခွဲရုံသို့ မေတ္တာလှိုင်း လူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့်ပို့ဆောင် ပေးခဲ့သည်ဟု သိရသည်။

“သူတို့အကြောင်းကြားတာက ဇမ္ဗူသီရိကို အရင်အကြောင်းကြားတယ်။ ဇမ္ဗူသီရိကနေမှ ကျွန်တော်တို့ နယ်ခံအသင်းကို ပြန်အကြောင်းကြားပေးတယ်။ သူတို့လှေထဲမှာ လှေသားတွေ အချင်းချင်းရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်တယ်ပေါ့။ ဆိုတော့ ဇမ္ဗူသီရိက ကျွန်တော်တို့ကို ဆင်းကြည့်ပေးပါဆိုပြီး ဖုန်းဝင်လာတော့ ကမ်းခြေကို ဆင်းကြည့်တော့ လှေက မဝင်လာသေးဘူး။ ဇမ္ဗူသီရိအဖွဲ့လည်း ဆင်းလိုက်လာတယ်။ ပထမတော့ မသေသေးဘူးလို့ပြောတယ်။ သူတို့က ၀ါးလတ်ဆိုတော့ မောင်းမကန်ကမ်းခြေကို ဝင်လာနေတာပေါ့။ မောင်းမကန်ကမ်းခြေကို ဝင်လာနေတယ်ဆိုတော့ ကမ်းပေါ်မှာ ပြင်ဆင်စရာ ရှိတာတွေကို ဇမ္ဗူသီရိနဲ ့တိုင်ပင်ပြီး ပြင်ဆင်ပြီးတော့ ထွက်လိုက်ဖို့လုပ်တဲ့ အချိန်မှာ ဆုံးသွားပြီလို့ ဖုန်းပြန်ဝင်လာတယ်။ ဆုံးသွားတော့ Body သယ်ဖို့အတွက် ကျွန်တော်တို့ လှေငယ်ထွက်ပြီး သွားသယ်လာတယ်။ လှေက ထူးထူးတိုး အုပ်စုကလို့ ပြောတယ်။ လှေနာမည်တော့ မသိဘူး” ဟု မောင်းမကန်ကျေးရွာ မေတ္တာလှိုင်း လူမှုကူညီရေး အသင်းမှ ကိုစိုးထိုက်က ပြောကြားသည်။

ကမ်းဝေးဝါးလတ် ငါးဖမ်းလှေပေါ်တွင် ဓားထိုးမှုဖြစ်ပွားကြောင်း သတင်းရရှိပြီးနောက် လှေပေါ်ရှိ ဓားထိုးခံရသော လူနာကို ကယ်ဆယ်နိုင်ရန် စီစဉ်ခဲ့သော်လည်း လူနာမှာ သွေးထွက်လွန်၍ လမ်းတစ်ဝက်၌ သေဆုံးခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ ဇမ္ဗူသီရိနှင့် မေတ္တာလှိုင်းအပေါ် လူနာတင်ယာဉ် အသင်းဝင်များက ကမ်းခြေရှိ လှေငယ်ဖြင့် လူသတ်မှုဖြစ်ပွားရာ ၀ါးလတ်လှေထံ သွားရောက်ကာ သေဆုံးသူ၏ ရုပ်အလောင်းနှင့် ဓားထိုးမှု ကျူးလွန်သူတို့အပြင် အဆိုပါ ၀ါးလတ်လှေ ပဲ့နင်းကိုပါ သွားရောက်ခေါ်ယူလာခဲ့ကြောင်း၊ သေဆုံးသူ၏ ရုပ်အလောင်းကို မောင်းမကန် တိုက်နယ်ဆေးရုံရှိ ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့ပြီး ကျူးလွန်သူကိုမူ မောင်းမကန် နယ်မြေရဲစခန်းမှူးနှင့်အဖွဲ့က ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။

လက်ရှိတွင် သေဆုံးခဲ့သူ ရေလုပ်သား၏ ရုပ်အလောင်းကို စစ်ဆေးပြီးဖြစ်၍ မိသားစုဝင်များ၏ အကူအညီ တောင်းချက်အရ မြိတ်မြို့သို့ ပြန်လည်ပို့ဆောင်ပေးရန် စီစဉ်နေကြောင်း မောင်းမကန်ကျေးရွာ မေတ္တာလှိုင်း လူမှုကူညီရေး အသင်းထံမှ သိရသည်။

အခင်းဖြစ်ပွားခဲ့သည့် ၀ါးလတ်ငါးဖမ်းလှေမှာ မြိတ်မြို့ရှိ ထူးထူးတိုး ကုမ္ပဏီအုပ်စုမှ ငါးဖမ်းလှေတစ်စင်း ဖြစ်ကြောင်း သိရပြီး ဓားထိုးမှု ကျူးလွန်ခဲ့သူကို မောင်းမကန် နယ်မြေရဲစခန်း၌ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။ 

 


READ NEXT
Cancel OK