Top News

IMF က ဒုတိယအသုတ် ထုတ်ချေးမည့် ဒေါ်လာ သန်း ၃၅၀ ကို လာမည့်နှစ် ဇန်နဝါရီလလယ်ခန့်တွင် အတည်ပြုဆုံးဖြတ်နိုင်ရေး တင်ပြပေးမည်ဖြစ်ကြောင်း IMF Mission Chief ပြောကြား
24htopnews | November 30, 2024 11:12 AM CST

IMF မှ ဒုတိယအသုတ် ထုတ်ချေးပေးမည့် ဒေါ်လာ သန်း ၃၅၀ အား လာမည့်နှစ် ဇန်နဝါရီလလယ်ခန့်တွင် အတည်ပြု ဆုံးဖြတ်နိုင်ရေး တင်ပြပေးမည်ဖြစ်ကြောင်း IMF Mission Chief, Mr.Shanaka Jayanath Peiris က ပြောကြားသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် IMF Mission Chief, Mr.Shanaka Jayanath Peiris နှင့်အဖွဲ့သည် ဒီဇင်ဘာ ၁၁ ရက်က Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးရာတွင် IMF Mission Chief က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် လူမှုစီးပွားရေးဆိုင်ရာ ထိခိုက်မှုများကို ကုစားနိုင်ရေးအတွက် IMF မှ Rapid Credit Facility (RCF) နှင့် Rapid Financing Instrument (RFI) အစီအစဉ်များဖြင့် မြန်မာနိုင်ငံသို့ ချေးငွေ ဒေါ်လာ သန်း ၇၀၀ ပံ့ပိုးပေးခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း၊ ယင်းချေးငွေ ဒေါ်လာ သန်း ၇၀၀ အနက် ပထမအသုတ် သန်း ၃၅၀ ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် သုံးစွဲခဲ့ပြီးဖြစ်၍ ဒုတိယအသုတ်အဖြစ် ဒေါ်လာ သန်း ၃၅၀ ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆက်လက်သုံးစွဲနိုင်ရေးအတွက် Letter of Intent နှင့် MoU တို့ကို လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့ပြင် ယင်းချေးငွေများကို ကိုဗစ်-၁၉ နှင့် ဆက်စပ်အသုံးစရိတ်များတွင် ထိရောက်စွာသုံးစွဲနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ G20 နိုင်ငံများကလည်း ကြွေးမြီပေးဆပ်ရမည့်ကာလအား ၂၀၂၀ ပြည့်နှစ်၊ မေလမှစ၍ ဒီဇင်ဘာလအထိ ရွှေ့ဆိုင်းပေးခဲ့သည့်အပြင် ၂၀၂၁ ခုနှစ်၊ ဇွန်လကုန်အထိ နောက်ထပ်ခြောက်လ ထပ်မံရွှေ့ဆိုင်းပေးမည်ဟု ကြားသိရကြောင်း၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုနှင့် အခွန်စနစ်ပြုပြင် ပြောင်းလဲရေးများတွက် IMF ၏ နည်းပညာကူညီပံ့ပိုးမှုများဖြင့် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် Fiscal Risk များအတွက် စီမံခန့်ခွဲရန်နည်းလမ်းများနှင့် စပ်လျဉ်း၍ ဆက်လက်ပံ့ပိုးပေးစေလိုကြောင်း၊ ကိုဗစ် -၁၉ ကာလအလွန် ဆောင်ရွက်မည့် Myanmar Economic Resilience and Reform Plan (MERRP) ကိုလည်း ပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် IMF Mission Chief, Mr.Shanaka Jayanath Peiris က ကိုဗစ်-၁၉ ကာလအတွင်း မြန်မာနိုင်ငံအစိုးရ၏ တုံ့ပြန်ဆောင်ရွက်မှုများကို အားရကျေနပ်ပါကြောင်း၊ မြန်မာနိုင်ငံအတွက် IMF က RCF နှင့် RFI အစီအစဉ်များဖြင့် ပံ့ပိုးပေးမည့် ဒုတိယအသုတ်ချေးငွေ ဒေါ်လာ သန်း ၃၅၀ ထုတ်ချေးရေးကိစ္စကို IMF Director Board အဖွဲ့မှ လာမည့်နှစ်၊ ဇန်နဝါရီလလယ်ခန့်တွင် အတည်ပြုဆုံးဖြတ်နိုင်ရေး တင်ပြပေးမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကာလအလွန် ဆောင်ရွက်မည့် စီမံချက်များကိုလည်း ကြိုဆိုပါကြောင်း၊ IMF အနေဖြင့် ငွေကြေး ပံ့ပိုးကူညီမှုများအပြင် နည်းပညာအကူအညီများကိုလည်း ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ဆဲဖြစ်သည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအား IMF မှ ဆက်လက်ပံ့ပိုးကူညီ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကြုံတွေ့နိုင်သည့် Fiscal Risk များနှင့် စပ်လျဉ်း၍ စီမံခန့်ခွဲနိုင်မည့် နည်းလမ်းများကို နိုင်ငံတကာ အတွေ့အကြုံကောင်းများဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဖြစ်နိုင်ခြေရှိသော နည်းပညာပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များကို အတူတကွ ရွေးချယ်ဆောင်ရွက်လိုကြောင်း  ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK