Top News

ရန်ကုန်မြို့သစ်စီမံကိန်း၊ ပုသိမ်စက်မှုမြို့တော်စီမံကိန်းနှင့် အလားအလာရှိသော မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ငန်းများ အပါအဝင် ရင်းနှီးမြှုပ်နှံနိုင်မည့်စီမံကိန်းများကို မြန်မာနှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များသို့ ရှင်းလင်း
24htopnews | November 30, 2024 11:12 AM CST

ရန်ကုန်မြို့သစ်စီမံကိန်း၊ ပုသိမ်စက်မှု မြို့တော်စီမံကိန်းနှင့် အလားအလာရှိသော  မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ငန်းများ အပါအဝင် စီမံကိန်းများကို မြန်မာနှင့် တရုတ် စီးပွားရေးလုပ်ငန်းရှင်များသို့ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် Zhejiang ပြည်နယ် ကုန်သွယ်ရေးဦးစီးဌာနတို့ ဦးဆောင်၍ Zhejiang အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဗဟိုဌာန၊ Chinese Enterprises Chamber of Commerce နှင့် ကုန်သည်စက်မှုအသင်းချုပ်တို့ ပူးပေါင်းစီစဉ်မှုဖြင့် ဒီဇင်ဘာ ၁၁ ရက်က ကျင်းပသည့် “Matchmaking Conference China(Zhejiang)- Myanmar Investment Cooperation Promotion” ဆွေးနွေးပွဲတွင် ဆွေးနွေးကြခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (MIFER) မှ သိရသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား နှစ်ဦးနှစ်ဖက် အကျိုးရှိစေသည့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာလာကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းရာတွင် စိုက်ပျိုးရေး အခြေခံစက်မှုလုပ်ငန်းများမှသည် နိုင်ငံတကာစျေးကွက်သို့ တင်ပို့မည့် စက်မှုကုန်ထုတ်လုပ်ငန်းများ ထူထောင်ရာတွင်လည်းကောင်း၊ အခြေခံအဆောက်အအုံလုပ်ငန်းများနှင့် စွမ်းအင်ကဏ္ဍတွင်လည်းကောင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို အသိအမှတ်ပြုကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေမူဘောင်နှင့် ရင်းနှီးမြှုပ်နှံစေလိုသည့် ဦးစားပေးကဏ္ဍများနှင့် အခွင့်အလမ်းများကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ကိုယ်စားလှယ်ကလည်းကောင်း၊ သက်ဆိုင်ရာ စီမံကိန်းတာဝန်ရှိသူများက ရန်ကုန်မြို့သစ်စီမံကိန်း၊ ပုသိမ်စက်မှုမြို့တော် စီမံကိန်း၊ အလားအလာရှိသော မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းများ၊ ချည်မျှင်အထည်အလိပ်ကဏ္ဍနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွင်လည်း အဓိက အရင်းအမြစ်တစ်ခုဖြစ်သည်။ Zhejiang ပြည်နယ်တွင် တရုတ်နိုင်ငံအတွင်း ယန်စီမြစ်ဝကျွန်းပေါ် တောင်ဘက်တွင်တည်ရှိပြီး တရုတ်နိုင်ငံ စုစုပေါင်းမြေဧရိယာ၏ တစ်ရာခိုင်နှုန်း၊ စုစုပေါင်းလူဦးရေ၏ လေးရာခိုင်နှုန်းနှင့် နိုင်ငံဂျီဒီပီ၏ ၆ ဒသမ ၃ ရာခိုင်နှုန်းကို လွှမ်းခြုံထားသည့် ပြည်နယ်တစ်ခုဖြစ်သည်။

Zhejiang ပြည်နယ်၏ ပုဂ္ဂလိကစီးပွားရေးသည်လည်း များစွာတိုးတက်လျက်ရှိပြီး တရုတ်နိုင်ငံ၏ ထိပ်တန်းပုဂ္ဂလိကစီးပွားရေး လုပ်ငန်း ၅၀၀ တွင် Zhejiang ကုမ္ပဏီ ၉၂ ခု ပါဝင်လျက်ရှိသည်။ ၎င်းင်းကုမ္ပဏီများတွင် သတင်းနှင့် နည်းပညာ၊ သဘာဝပတ်ဝန်းကျင် ကာကွယ်မှု၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်း၊ ဖက်ရှင်လုပ်ငန်း၊ ဘဏ္ဍာရေးလုပ်ငန်း၊ အဆင့်မြင့်ကိရိယာများ ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများအပါအဝင် “ထရီလီယံ စက်မှုလုပ်ငန်းရှစ်ခု” ပါဝင်သည်။

အဆိုပါလုပ်ငန်းများသည် လုပ်သားအခြေပြုစက်မှုလုပ်ငန်းများအပါအဝင် အရည်အသွေးမြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် ရှေ့ဆောင်လုပ်ငန်းများလည်း ဖြစ်ကြောင်းနှင့် အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင် စုစုပေါင်း ၁၄၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


READ NEXT
Cancel OK